ဝမ်းနည်းတဲ့အခါ မျက်ရည်ကျဖို့က လူတိုင်းကိုသင်ပေးစရာ မလိုပါဘူး။ ဟုတ်ပါတယ်၊ မသင်ဘဲတတ်တဲ့ အရာတွေထဲမှာ တခုကဝမ်းနည်းကြေကွဲတဲ့အခါ ငိုကြွေးခြင်းပါ။
ယနေ့ကာလမှာ တွေ့ကြုံနေရတဲ့ ရောဂါဘေးဆိုး၊ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် လူတိုင်းပူဆွေး၊ ငိုကြွေးနေကြရတယ်။ ကျွန်တော်တို့ရဲ့ ငိုကြွေးပြီး ဆုတောင်းသံတွေကို နားညောင်းဖို့ သခင်ဘုရားထံ အော်ဟစ်ကြတယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူအများရဲ့ နာကျင်မှုတွေအတွက် စိတ်မကောင်းပြီး ဝမ်းနည်းငိုကြွေးတတ်တယ်။
ငွေကြွေးမှုတွေထဲမှာ သခင်ဘုရားလည်း ကျွန်ုပ်တို့အတွက် ငိုကြွေးနေတယ်ဆိုတာ မိတ်ဆွေ သိပါသလား။ မှန်ပါတယ် သခင်ယေရှု ငိုကြွေးခဲ့ပါတယ်။
သခင်ယေရှု လောကမှာသက်တော်ထင်ရှား ရှိစဉ်အချိန်က သူနဲ့တွေ့ကြုံခဲ့တဲ့ လူတွေအတွက် ငိုကြွေးခဲ့ဖူးတဲ့အကြောင်းကို သမ္မာကျမ်းစာမှာ တွေ့ရပါတယ်။ သခင်ယေရှုဟာ လူသားတယောက်ဖြစ်သလို ဘုရားလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူလည်း ဝမ်းနည်းကြေကွဲတဲ့အခါ ငိုကြွေးတတ်ပါတယ်။ သခင်ယေရှု ငိုကြွေးခဲ့တဲ့အကြောင်းကို သမ္မာကျမ်းစာထဲမှာ (၃) ကြိမ်တွေ့ရပါတယ်။ စာရှုသူတွေကို သခင်ယေရှု ငိုကြွေးခြင်း အကြောင်းအရာ (၃)ခုကနေ မိမိတို့ရဲ့အသက်တာအတွက် ဆင်ခြင်ခွန်အားယူနိုင်ဖို့ရန် ဝေငှလိုပါတယ်။
(က) တတ်နိုင်ခြင်းကို မယုံကြည်ခြင်း(ယော ၁၁: ၃၅)
မာရိ၊ မာသ၊ လာဇရု ဆိုတဲ့ မောင်နှမ သုံးယောက်အကြောင်းကို ခရစ်ဝင်ကျမ်း လေးစောင်လုံးမှာ တွေ့ရတယ်။ သူတို့မောင်နှမ သုံးယောက်နဲ့ သခင်ယေရှုက အင်မတန်ရင်းနှီးကြောင်းကိလည်း လာဇရု သေဆုံးချိန်မှာ တွေ့ရတယ်။ သူတို့ဟာ ယေရုရှလင်မြို့နဲ့(၂ မိုင်ခန့်) တတိုင်သာ ဝေးသော ဗေသနိ ရွာလေးမှာ နေထိုင်ခဲ့ကြတယ်။ သခင်ယေရှုလည်း သွားရောက်လည်ပတ်လေ့ရှိတယ်။ တနေ့တော့ ဖျားနာ တဲ့လာဇရုကို လာကြည့်ဖို့ အမတွေက လူကြုံနဲ့ သတင်းပါးလိုက်ကြတယ်။ ဒါပေမဲ့ သခင်ယေရှုက“ထိုအနာက သေနာမဟုတ်၊ ဘုရားသခင်ဘုန်းထင်ရှားစေသောအနာ"ဟုဆိုကာ အချိန်မီ မလာခဲ့ပါ။
ယေရှုသည် မာရိ၊ မာသနှင့် လာဇရုတို့ကို လူပုဂ္ဂိုလ်ရင်းနှီးမှုအရသော်၎င်း၊ ဘုရားဖြစ်သည့် အားလျော်စွာဖြင့်၎င်း ချစ်ကြောင်းဖော်ပြထားပါတယ်(ယော ၁၁: ၅)။ သို့ပေတဲ့ လာဇရု သေဆုံးပြီး (၄) ရက်မြောက်နေ့မှသာ ရောက်ရှိသွားပါတယ်။ အချိန်ကား အတော်လွန်သွားလေပြီ။ ဂျူးလူမျိုးတို့ရဲ့ ထုံးစံအရ သေလွန်ပြီး (၃)ရက်ကျော်ပါက လုံးဝသေသည်ဟု သတ်မှတ်ကြစမြဲသာ။သခင်ယေရှုရောက်သွားချိန်မှာတော့ မာသက ခရီးဦးကြိုပြုရင်း “ကိုယ်တော်ရှိရင် ကျွန်မ၏မောင် မသေပါ၊ ကိုယ်တော်ဆုတောင်းရင် ဘုရားသခင် ပေးတော်မူမည်ကို သိပါ၏”လို့ တခါတည်းပြောလိုက်တယ်။ သခင်ယေရှုကလည်း "သင်၏မောင် ထမြောက်လိမ့်မည်" ဟု ပြန်ပြောပါတယ်။ မာရိ၊ မာသတို့၏ ပြဿနာမှာ သခင်ယေရှုရဲ့ တတ်နိုင်ခြင်းကို မယုံကြည်ခြင်းပင် ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ယုံကြည်သူများဟာလည်း ပြဿနာတွေကို တွေ့ကြုံလာရတဲ့အခိုက်မှာ သခင်ယေရှုရဲ့ တတ်နိုင်တော်မူခြင်းကို အပြည့်အဝ မယုံကြည်တတ်ကြ။ မိမိတို့ရဲ့အတွေးအထင်နဲ့သာ ဘုရားကို အပြစ်တင်တတ်ကြပြီး၊ အကန့်အသတ်နဲ့သာ ဘုရားသခင်ရဲ့ တတ်နိုင်တော်မူခြင်းကို ယုံကြည်တတ်ကြတယ်။ စာရူသူတို့ရော ဘုရားသခင်ရဲ့တတ်နိုင်တော်မူခြင်းကို အပြည့်အဝ ယုံကြည်ပါရဲ့လား။ မယုံကြည်ဘူးဆိုရင် မိတ်ဆွေရဲ့ မယုံကြည်ခြင်းကြောင့် သခင်ယေရှု ငိုကြွေးနေတယ်ဆိုတာ သတိရလိုက်ပါ။
(ခ) ဘုရားကျေးဇူးတော်ကို မသိတတ်ခြင်း (လုကာ ၁၉: ၄၁-၄၂)
ဤအချက်မှာ သခင်ယေရှုဟာ ယေရုရှလင်မြို့အတွက် ငိုကြွေးခြင်းဖြစ်ပါတယ်။ယေရုရှလင်မြို့နေ ပြည်သူပြည်သားများကယေရှုရဲ့ လုပ်ဆောင်မှုတွေကို မယုံကြည်ဘဲ အမြဲငြင်းခဲ့ကြတယ်။ သူတို့အသက်တာထဲမှာ ခံစားရတဲ့ ဘုရားသခင်ရဲ့ ကောင်းချီးများကိုလည်း မရေတွက်တဲ့အပြင် ဒုက္ခပြဿနာဟာလည်း ဘုရားသခင်ကြောင့် ရလာသလိုမျိုး ညီးတွားတတ်ကြတဲ့ အသက်တာမျိုးရှိကြတယ်။ ဒါကြောင့် သခင်ယေရှု မြည်းကလေးကို စီးပြီး ယေရုရှလင်ကို ရောက်ချိန်မှာ ငေးမောကြည့်လျက် မြို့သူမြို့သားတို့ဟာ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်တဲ့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းအမှုကို လက်မခံတာကြောင့် ငိုကြွေးခြင်းအမှုဖြစ်ရပါတယ်။
ယနေ့ ကျွန်တော်တို့ ယုံကြည်သူတွေလည်း သခင်ယေရှုရဲ့ ကယ်တင်ခြင်းအမှုကို သေသေချာချာလက်ခံ ယုံကြည်ရဲ့လား။ သခင်ယေရှုနဲ့ ဘုရားသခင်ပြုတော်မူတဲ့ ကျေးဇူးတော်တွေကို မရေတွက်ဘဲ မသိလိုက်သလို နေ,နေမိသလား။ ကျေးဇူးတော်တွေကို ပြန်လည်ချီးမွမ်းပြီး ဘုရားသခင်နှစ်သက်တဲ့ အသက်တာနဲ့ ကျေးဇူးသိတတ်သူအဖြစ် အသက်ရှင်နေရဲ့လားဆိုတာ မိမိကိုယ်ကိုမိမိ ပြန်လည်ဆန်းစစ်ပါ။ မဟုတ်ဘူးဆိုရင် မိတ်ဆွေရဲ့ ဘုရားကျေးဇူးတော် မသိတတ်ခြင်းက သခင်ယေရှုကို ငိုကြွေးနေစေမယ်ဆိုတာ သတိရပါ။
(ဂ) ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်ကြောင့် ( ဟေဗြဲ ၅: ၇-၉)
ဤအကြောင်းတွင် သခင်ယေရှု ဂေသေရှမန် ဥယျာဉ်မှာ ဆုတောင်းနေခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဆုတောင်းရသလဲဆိုရင် များမကြာခင်အချိန်အတွင်းမှာ လောကသားတွေရဲ့ အပြစ်ကိုယ်စား သူအသေခံတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သူ (ဝါ) သခင်ယေရှု ဆုတောင်းစဉ် လူသားတိုင်းရဲ့အပြစ်ကိုယ်စား အသေခံမဲ့အရာကို ရှောင်လို့ရဖို့ လူသားတယောက်အနေနဲ့ မျက်ရည်ကျခဲ့ပါတယ်။ သို့ပေတဲ့ အဖဘုရားသခင်ရဲ့ အလိုတော်ကိုဝန်ခံပြီး အသေခံခဲ့ပါတယ်။
သခင်ယေရှုက လူသားတွေရဲ့ အပြစ်ကြောင့် ငိုကြွေးပြီး ဆုတောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူဟာ လူသားတိုင်းရဲ့ အပြစ်ကြောင့် ကားတိုင်မှာ အသေခံခဲ့ပြီး (၃)ရက်မြောက်တဲ့နေ့မှာ ပြန်လည်ထမြောက်ပြီးတော့ (ယခု)ကောင်းကင်ဘုံမှာ အဖဘုရားသခင်ရဲ့ လက်ယာဘက်မှာ ကျွန်ုပ်တို့အပြစ်တွေအတွက် ဆက်လက် တောင်းလျှောက်ပေးလျက်ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး သတိပြုဖို့က အပြစ်ဒုစရိုက် ပြုလုပ်နေတိုင်း သခင်ယေရှုကို ငိုကြွေးနေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့အပြစ်ကြောင့် သခင်ယေရှုကို ထပ်မံမငိုကြွေးစေတော့ဖို့ သတိပြုပါ။
ဘုရားသခင့် တတ်နိုင်တော်မူခြင်း၊ တန်ခိုးတော်ကို မယုံကြည်ခြင်း၊ ဘုရားသခင့် ကျေးဇူးတော်တွေကို မသိတတ်ခြင်းနဲ့ အပြစ်ဒုစရိုက်တွေပြုနေခြင်းက သခင်ယေရှုကို ငိုကြွေးစေတယ်ဆိုတာ အမြဲသတိရဖို့ ဒီနှုတ်ကပတ်တော်အားဖြင့် တိုက်တွန်းခွန်အားပေးလိုက်ရပါတယ်။
ကိုရဲ(အောင်လံ)
(ဆောင်းပါးရှင်သည် တရားဟောချက်ဆောင်းပါးများ၊ ဓမ္မရေးရာစာစုများ၊ ကဗျာများ ရေးသားနေသူဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo