နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယို [ဖေဖော်ဝါရီ ၁၅၊ ၁၅၆၄ - ဇန်နဝါရီ ၈၊ ၁၆၄၂]ဟာ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ရှေးရိုးစဉ်လာ သွန်သင်ချက်နဲ့ ဖီလာဆန့်ကျင်တဲ့ သိပ္ပံတွေ့ရှိချက်တွေကို ရေးသားပြောဆိုခဲ့တာကြောင့် အယူမှားပြင်းထန်သံသယအမှုနဲ့ ပုပ်ရဟန်းမင်း အာဘယ် - ၈ [ဧပြီ ၅၊ ၁၅၆၈ - ဇူလိုင် ၂၉၊ ၁၆၄၄]က နေအိမ်အကျယ်ချုပ်နဲ့ ပြစ်ဒဏ်ခတ်ခဲ့တယ်။ ဂယ်လီလီယိုဟာ သူ့ဘဝနောက်ဆုံးချိန်အထိ နေအိမ်အကျယ်ချုပ် အကျဥ်းစံဘဝနဲ့ပဲ ကုန်ဆုံးခဲ့ရပါတယ်။
ဂယ်လီလီယိုကို ၁၅၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးခဲ့တယ်။ အီတလီလူမျိုးတယောက်ဖြစ်ပြီး အမြန်နှုန်း၊ ဆွဲငင်အား၊ ကနဦးရွေ့လျားခြင်း၊ ဆက်စပ်ဖြစ်လွဲမှု၊ ကျည်ဆံ (သို့မဟုတ်) ဒုံးကျည်ရဲ့ လည့်ပတ်ရွေ့လျားမှုတွေကို သူမတူအောင် လေ့လာခဲ့တဲ့သူ ဖြစ်ပါတယ်။ ရူပဗေဒပညာရှင်၊ အင်ဂျင်နီယာ၊ နက္ခတ္တဗေဒပညာရှင်လည်း ဖြစ်ပါသေးတယ်။ အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့ပြီး ဗင်းနပ်စ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ်တွေကိုရှာတွေ့ခဲ့သလို၊ စေတန်ဂြိုဟ်ရဲ့ပတ်လည်ဝန်းရံနေတဲ့ အကွင်းကြောင်းတွေကိုလည်း တွေ့ရှိခဲ့တယ်။ သူ့ရဲ့သိပ္ပံတွေ့ရှိချက်တွေဟာ သိပ္ပံမှုနယ်ပယ်ကို များစွာ အကျိုးပြုစေခဲ့ပါတယ်။
ဂယ်လီလီယိုနဲ့ သူ့ခေတ်သူ့ခါက အသင်းတော်ခေါင်းဆောင်တွေအကြား စင်ပေါ်က ပဋိပက္ခတွေကတော့ ပြင်းထန်လှပါတယ်။ ကမ္ဘာကြီးဟာ သူ့ဝင်ရိုးပေါ်မှာ လည်နေပြီး တလက်စတည်း နေကိုပါ လည်ပတ်တယ်ဆိုတဲ့ ဂယ်လီလီယိုရဲ့ တွေးဆမှုကြောင့်ပဲဖြစ်ပါတယ်။ ၁၆၁၅ခုနှစ်မှာ အသင်းတော်ရဲ့ထိပ်သီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီး ဂယ်လီလီယိုရဲ့ တွေးဆချက်ဟာ ကျမ်းစာအလိုနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြ ရမယ်ရှာပြီး ရူးမိုက်မှုတခုသာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ၁၆၃၂ကာလမှာ သူ့အတွေးအယူကို ခုခံဖို့ စာတမ်းတခု ရေးခဲ့ပေမယ့် အသင်းတော်က ခါးခါးတူးတူး ရှုံ့ချပြီးတော့ ဂယ်လီလီယိုကို အယူမှားပြင်းထန်သံသယရှိသူအဖြစ် သမုတ်ခဲ့ပါတော့တယ်။ အကျိုးဆက်အနေနဲ့ သိပ္ပံဆိုင်ရာ အမှန်တရားကို သူမတူအောင် ရှာဖွေခဲ့တဲ့ ပညာရှင်ကြီး ဂယ်လီလီယိုဟာ အိမ်တွင်းစံ အကျဥ်းသားဘဝရောက်ခဲ့ရုံသာမ ၁၆၄၂ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့ ဘဝနိဂုံးချုပ်ချိန်မှာလည်း ကြိုတင်စီစဉ်ထားတဲ့ မြုပ်နှံရမယ့်နေရာမှာလည်း အသင်းတော်က နေရာပေးခြင်း မခံခဲ့ရပါဘူး။
သူ့ရဲ့သိပ္ပံတွေ့ရှိချက်ဟာ အမှန်တကယ်လည်း မမှားပါဘဲနဲ့ အမှန်တရားတွေကို ပြောနေပေမယ့်လည်း ဘာအတွက်များ မွန်းကြပ်မှုအပြည့်နဲ့ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ရောက်ခဲ့ရပါသလဲ။ ပညာရပ်ဆိုင်ရာသဘောသဘာဝတခုလုံးကို ခြုံလွှမ်းပြီးမသိပါဘဲ တခုတည်းသော အသင်းတော် အယူအဆ၊ ဂိုဏ်းဂဏစွဲခြင်း၊ ဂိုဏ်းဂနရဲ့ ဗဟိုချုပ်ကိုင်မှု လွှမ်းမိုးလိုခြင်းတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ အဲဒီအရာတွေကို စကားလုံးတလုံးတည်းနဲ့"မသိမိုက်မဲခြင်း"လို့ အနှစ်ချုပ်နိုင်ပါတယ်။ ဂယ်လီလီယိုကို မသိမိုက်မဲခြင်းပြစ်မှုက သင်းသတ်လိုက်ပါတယ်။ မျက်မှောက်ကာလ ခေတ်သစ် ဂယ်လီလီယိုတွေကလည်း ဒီလိုအန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။
မသိမိုက်မှားခြင်းအမှုကို ပြောင်မြောက် မြတ်နိုးဖွယ်ကောင်းတဲ့ စကားလုံးတွေနဲ့ ပြောင်းလဲခေါ်ဝေါ်နေစေဦးတော့ အသင်းတော်၊ အသိုက်အဝန်း၊ လူမှုဝန်းကျင်က ခေတ်သစ် ဂယ်လီလီယိုတွေကို ထိခိုက်နာကျင်စေဦးမှာပဲလို့သတိပေးလိုက်ချင်ပါရဲ့။
ကိုဂျေ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 796 599 738 [KBZPay]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo