ခေါင်းတိုင်က အခိုးတွေအန်ချတဲ့အခါ
တဘဝပြတ်ပြီဆိုတာသိတယ်။
ယောဘရဲ့ လင်္ကာကတော့
ဒုက္ခ၌ ကျင်လည်ခြင်းငှာ
ဇာတိပဋိသန္ဓေတည်တယ်ဆိုလားပါပဲလေ။
လူပဲ
လုံးချာလည်လိုက် ဇာတ်ပွဲက ချားရဟတ်လို
မော်တာမလိုပဲ အော်တိုလည်နေရတဲ့
အိပ်စား အိပ်စား ဇာတ်မျောမှာ
ကလိုဘယ်က တစောင်းဝင်ကခုန်မှတော့
လူတွေက သူတိမ်းစောင်းတယ်ပြောကြတော့မှာပေါ့လေ။
ဒါပေမဲ့
တကယ်တော့
သူတင်ဘယ်ကမလည်း
တကမ္ဘာလုံး
အားလုံးတိမ်းစောင်းနေကြတာပဲလေ မဟုတ်လား။
ရေသည် နောက်တဖန်ဖြစ်
မြစ်သည် နောက်တဖန်ဖြစ်လို့ဆိုသော်ငြားလည်း
လူသည် လူသားသည် အဘယ်အရပ်သို့ရောက်သည်ကို သင်မသိ
ငါမသိ သူမသိ ဘယ်သူမှမသိတဲ့
ထိုမသိခြင်းတွေ စုပေါင်းမိတဲ့အခါ
အနောက်ဘက်က သံတံခါးပွင့်လာပြီး (ပြာ)တွေသာ အန်ချလာပြန်ရော။
"ယူချင်ယူ မယူချင်နေ မြေဆီမြေနှစ်တော့ သိပ်မဖြစ်ဘူးလို့ တီးတိုးပြောဆိုကြရင်း"
ဘဝဆိုတာ အဆုံးသတ်မှာ
ရန်ကုန်မြစ်ထဲ လှိုင်မြစ်ထဲ မျောချလို့ မကောင်းတဲ့
အရောင်ခပ်မွဲမွဲ ကာဗွန်အမှုန်တွေပဲပြစရာကျန်မယ်ဆိုတာ သိရင်
အဲဒါ ခင်ဗျားတို့ ကျနော်တို့ပြောပြောနေကြတဲ့
သူ ငါ နင် ဆိုတဲ့ အတ္တဘောကြီးပဲ။
ထီးခူ
(ကလောင်ရှင်သည် ကဗျာရေးစပ်သူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo