လက်ဝှေ့သတ်ပါဆိုမှ အာကာသကိုပဲဝှေ့နေတော့
အသွေးသားမဲ့ရန်သူက ပြုံးရယ်နေပေါ့လေ
စာတန်ကိုနောက်ဆုတ်ပါလို့ပြောရင်း
ကိုက်ခဲမိတဲ့ တကိုက်တဖဲ့စာ
အသီးလေးတလုံးကို
လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
ပါးစောင်က ဝါးလက်စ
အပိုင်းအစလေးကို
တာနောယက္ခဘီလူးလို ငုံခဲရင်း
မထွေးနိုင်မအန်နိုင်ဖြစ်နေတဲ့ဘဝ
မိုးသောက်ကြယ်က တခါတခါ
ကောင်းကင်သားကဲ့သို့
လင်းသောအဖြစ်နဲ့ရောက်ရောက်လာတတ်တာကို မေ့
ဟောက်နေတဲ့ခြင်္သေ့ကို
ငိုက်နေတဲ့ ဒံယေလရှေ့ကအကောင်လို့မြင်နေမိမှတော့
မီးဖိုထဲကသုံးယောက်လို
ဖိုထဲမှာပဲလမ်းသလားနေရမလား
ဗာဗုလုန်မြစ်ကမ်းမှာပဲ
ငုပ်တုတ်ထိုင်အံသွားခဲကြိတ်နေရမလား
စဥ်းစားရင်း စဥ်းစားရင်းနဲ့
ဒါဝိဒ်အမြစ်
အတက်ပေါက်လာမယ့်နှစ်ကို
တမျှော်မျှော်။
(လာမယ်ဆိုလည်းလာကြပါတော့အရပ်ကတို့ရယ်)
ထီးခူ
(ကလောင်ရှင်သည် ကဗျာရေးစပ်သူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo