တခါက Solomonကျွန်းက အဖြစ်အပျက်လေးတခုကို လေ့လာကြည့်ရအောင် --
"သူတို့တွေဟာ စိမ်းစိုနေတဲ့အပင်တွေကို အိမ်အတွက် မခုတ်လှဲရဲခဲ့ကြဘူး။ သူတို့အတွက် အသုံးပြုဖို့ အမှန်တကယ် လိုအပ်လာပြီဆိုရင်တော့ ရွာနီးချုပ်စပ်က ရွာသားတွေစုဝေးပြီး လိုချင်တဲ့အရွယ်အစားရှိတဲ့သစ်ပင်ရဲ့ ပတ်လည်မှာ စုဝေးထိုင်ကြပြီး ခုတ်ထစ်မဲ့သစ်ပင်ကို ဆဲရေးကြ ကျိန်ဆဲကြ အပြစ်တင်ကြသတဲ့။ ရက်နည်းနည်းကြာလာတဲ့အခါမှာတော့ သစ်ပင်ဟာ စိမ်းနေရာကနေ ခြောက်သွေ့လာတာပေါ့။ တဖြည်းဖြည်းနဲ့ သစ်ပင်ဟာ လုံးဝသေဆုံး ခြောက်သွေ့လာတော့မှ ခုတ်ထစ်ပိုင်းဖြတ် အသုံးပြုကြတာပေါ့"
ကျွန်တော်တို့ဆင်ခြင်ရအောင်နော်။ မိဘတွေ အများစုက သူတို့ ကလေးတွေကို သိပ်တော်စေတတ်စေချင်တဲ့အခါ သူတို့ရည်မှန်းချက်ကို ပုခုံးနုနုလေးတွေအပေါ် တင်တတ်ကြတာပဲ။ တစုံတရာများ အဆင်မပြေတာမျိုး ဖြစ်မလာတာမျိုးဆိုရင် လက်မခံချင်ကြဘူး။ လက်ခံဖို့ ရွံ့တတ်ကြတယ်။ အပြစ်တင်ကြိမ်းမောင်း ဆဲဆိုရုံသာမက ငြူစူတာမျိုး တပါးသူနဲ့ ခိုင်းနှိုင်းပြစ်တင်တာမျိုးအထိ ပြုလုပ်တတ်ကြစမြဲ။ ဘာနဲ့တူနေလဲဆိုရင်် Solomonကျွန်းက သစ်ပင်လို ဖြစ်မှန်းမိဖြစ်နေကြတာပေါ့။ ပညာအရမ်းတတ်စေချင်တဲ့အခါ ဖြစ်ထွန်းစေချင်တဲ့အခါ ကိုယ်တိုင်မဖြစ်ထွန်း မပေါက်ရောက်လာခဲ့တဲ့ဘဝကို သားသမီးတွေကို ဖြစ်စေချင်တတ်ကြတယ်။ အဲဒါအခါမှာ လွဲမှားမှုတွေ ဖြစ်လာတော့တာပေါ့။
ပမာပြရရင် Thomas Alva Edison (February 11, 1847 – October 18, 1931) ငယ်ဘဝဟာ ကျောင်းက လက်မခံနိုင်အောင်ဖြစ်ခဲ့ရတာပဲ။ အမှန်တကယ်တော့ သူက မသိမသာ ကျူလစ်ဖြစ်နေတာ။ သူက အတတ်အလွန်နှေးတာ။ မှတ်အားနည်းလို့ဖြစ်တတ်တဲ့ သဘာဝစရိုက် ရှိတာပါ။ သူ့အမေကသိတော့ သားကို အချိန်ပေးလေ့ကျင့်ပေးခဲ့တာပေါ့။ နောက်ဆုံး ကျော်ကြားရုံမက အထူးချွန်ဆုံးတီထွင်ဖန်တီးရှင်တွေထက် ထူးချွန်ပေါက်မြောက်ခဲ့တာပေါ့။
Leonardo da Vinci(15 April 1452 – 2 May 1519) လေယာဥ်ပုံကြမ်းရေးဆွဲခဲ့သူ၊ Walter Elias Disney (December 5, 1901 – December 15, 1966) ကာတွန်းဆရာ စသဖြင့် သူတို့တတွေဟာ ဆိုရင်လည်း ပညာသိပ်တော် သိပ်ထူးချွန်ကြတာမဟုတ်ပဲ မိဘ၊ လူကြီး၊ ခေါင်းဆောင်ဆိုသူတွေက ထောက်ပံ့မှုကောင်းကောင်း ပေးနိုင်ကြလို့ သူတို့ဆိုတာ ဖြစ်လာရတာ။ သူတို့တတွေဘဝမှာ မိဘဖြစ်သူတွေကသာ ပြစ်တင်ကြိမ်းမောင်း လျစ်လျူရှုခဲ့ရင် ဘာများ ဖြစ်လာမှာလဲ။ Solomonကျွန်းက သစ်ပင်လေးပဲ ဖြစ်သွားမှာပေါ့။
ဒီနေ့ အသင်းတော်ခေါင်းဆောင်ပိုင်းတွေ လူကြီးပိုင်းတွေက မိမိအသင်းတော်အတွက် သိပ်တော် သိပ်ထက်မြတ်တဲ့လူတွေပဲ လိုချင်တတ်ကြလေတော့ ဦးဆောင်ဖို့ မဖြစ်လာတဲ့သူတွေ အရည်အချင်းပိုင်း လိုအပ်ချက်ရှိသူတွေကို လျစ်လျူရှု၊ မသိကျိုးကျွံ၊ နေရာမပေး အပြစ်တင်ကြတဲ့အခါ အဲဒီလူတွေဟာ မသိမသာနဲ့ အသင်းတော်ရဲ့ပြင်ပကို ခပ်လှမ်းလှမ်း ရောက်မှန်းမသိ ရောက်သွားကြလေတော့တာပေါ့။ ယုံကြည်ခြင်း မယိမ်းယိုင်တာတောင် ကျေးဇူးတင်ရမလိုလို။
ဖွံ့ဖြိုးမှုနောက်ကျတတ်တဲ့ ကျူလစ်ကလေးတွေလို ယုံကြည်ခြင်းအရာ အားနည်းတတ်တဲ့သူတွေ နောက်ကျနေတဲ့ လူငယ်တွေ ခက်ခဲပင်ပန်းပြီး မိတ်ဆွေရဲ့ အနီးပတ်လည်မှာ အားငယ်နေတတ်ကြတဲ့ဘဝတွေ ဘယ်လောက်များနေပြီလဲ။ ဘယ်သူတွေဟာ အသင်းတော်ဆီလာတာကို ရှက်ရွံ့အားငယ်နေတတ်ကြပြီလဲ။ သူတို့ရဲ့ကွယ်ရာက ခံစားချက် မျက်ရည်တွေ ဘယ်လောက်တောင် စီးနေရပြီလဲ။ လက်တွဲခေါ်ဖို့ မေ့လျော့ခံလေးတွေဟာ တနေ့စင်ပေါ်ပြန်ရောက်လာတဲ့အခါ သူတို့တတွေ ဘာ အကြောင်းအရာကို ပြောကြမှာလဲ။ မိတ်ဆွေကရော ဘာပြန်ပြောမှာလဲ။
ဒီလိုနဲ့အသင်းတော်တွေဟာ မအောင်မြင် ဖြစ်နေကြတုန်းပဲလား။ ပြစ်တင်မြည်တမ်းနေကြတုန်းပဲလား။ Solomonကျွန်းက သစ်ပင်လေးလို မခုတ်ထစ်ပဲ ခြောက်သွေ့အောင်လုပ်ချင်နေတာလား။
မိမိညီအစ်ကိုကို မုန်းလျက်ပင် ငါသည်အလင်း၌ရှိ၏ဟုဆိုလျင်။ ၁ေယာ၂း၉
အကြည်
(စာရေးသူသည် ဆောင်းပါးရှင် တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo