ပညာသတိ

ကျောင်းပညာသင်ဖို့မဖြစ်နိုင်ချိန် မိဘတွေကိုယ်တိုင် အနီးကပ်ပညာသင်ပေးဖို့လိုပါတယ်။

သတိပညာအကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။

ပညာသတိ အကြောင်းဆက်လက်ဖော်ပြပါမယ်။


၁။ ပညာသတိရှိခြင်း

(ဆာလံကျမ်း  ၄၉:၂၀)

ဂုဏ်အသရေနှင့် ပြည့်စုံလျက် ပညာသတိမရှိသောသူသည်ကား၊ ပျက်စီးခြင်းသို့ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။

လောကမှာ ဂုဏ်အသရေ အမျိုးမျိုးရှိပါတယ်။

ပညာဂုဏ်၊ ဓနဂုဏ်၊ ငယ်ဂုဏ်၊ အလှဂုဏ် စတာတွေဟာ ခဏတာပါပဲ။ 

ထိုဂုဏ်သရေများရှိပြီး ပညာသတိမရှိဘူးဆိုရင် 

အလဟဿပါပဲ။

ဒါဆိုရင် ပညာသတိကို ဘယ်ကရနိုင်မလဲ။


၂။ တရားတော်သည် ပညာသတိ၏ အရင်းအမြစ်ဖြစ်တယ်။

(ဆာလံကျမ်း  ၁၀၁:၂(က))

စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။

ပညာသတိနဲ့အသက်ရှင်ခြင်းရဲ့ အဓိက သော့ချက်ဟာ 

တရားတော်ဖြစ်ပါတယ်။ 

ဘုရား စကားကိုကြားဖို့ နားစွင့်ခြင်း၊ ဝိညာဉ်တော်မှုတ်သွင်းထားတဲ့ သမ္မာကျမ်းစာဖွင့်ဖတ်ခြင်း အသက်တာရှိဖို့လိုပါတယ်။ 


၃။ ပညာသတိသည် ရည်ရွယ်ချက်ဖြင့် အသက်ရှင်တယ်။

(သုတ္တံကျမ်း ၁၄:၈(က))

ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ 

အခုချိန်ကတည်းက ကလေးတွေကို ရည်ရွယ်ချက်ထားတတ်၊ ပန်းတိုင်ထားတတ်အောင် သင်ပေးဖို့ လိုပါတယ်။ 

ကိုယ်တိုင်ဘာဖြစ်ချင်မှန်းမသိ ကျောင်းဖွင့်ရင်တက်လိုက် ပိတ်ရင်ဆော့လိုက်ဘဝမျိုး၊ ငြိမ်ရင်ပြီးကော လက်ထဲ ဖုန်းထည့်ပေးထားတာမျိူး မဖြစ်သင့်ပါ။

ယောသပ်ဟာ ၁၇နှစ်ကတည်းက ဘဝရည်ရွယ်ချက်ရှိခဲ့တယ်။

ရှမွေလကတော့ မမွေးခင်ကတည်းက သူ့ဘဝရည်ရွယ်ချက် ရှိခဲ့တယ်။

မိဘတွေဟာ သားသမီးတွေရဲ့ဘဝရည်ရွယ်ချက်ကို ချပေးခွင့်မရှိပါဘူး။ 

ဘုရားထားရှိထားတဲ့ ရည်ရွယ်ချက်ကိုရှာတွေ့ဖို့သာ ကူညီပေးရမှာ ဖြစ်ပါတယ်။ 


၄။ ပညာသတိရှိသူဟာ ပြင်ဆင်တတ်တယ်။

(ရှင်မဿဲခရစ်ဝင် ၂၅:၂၊၄)

ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ ပညာသတိရှိသော သူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။

ပညာသတိရှိခြင်းရဲ့ ဝိသေသဟာ ကြိုတင်ပြင်ဆင်တတ်ခြင်းဖြစ်ပါတယ်။ 

ကြိုတင်ပြင်ဆင် ခြင်းဟာ သံသယမဟုတ်ပါဘူး။

ပညာသတိရှိခြင်းပါ။ 

ကြိုတင်ပြင်ဆင်ခြင်းဟာ ဇီဇာကြောင်ခြင်းမဟုတ်ပါဘူး။ 

အန္တရာယ်ကို ကြိုမြင်ခြင်းပါ။


ပြင်ဆင်ခြင်းနဲ့ပတ်သက်ရင်

"Deadline"ကျမှ ကောက်ကာငင်ကာ ထလုပ်တတ်တဲ့အကျင့်ဟာ ပညာမဲ့ခြင်းဖြစ်ပြီး "Do it now" လုပ်တတ်ခြင်းဟာ ပညာသတိရှိခြင်း ဖြစ်ပါတယ်။


ယုံကြည်သူမိဘများကိုယ်တိုင် ပညာသတိနဲ့အသက်ရှင်ပြီး သားသမီးတွေကို သွန်သင်ဖို့ပါ။

                              

Saw Winner

(ကလောင်ရှင် Saw Winnerသည် ဓမ္မရေးရာစာစုများ မြောက်များစွာရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)