သားသမီးတွေ ကျောင်းပညာသင်ဖို့မဖြစ်နိုင်ချိန် မိဘတွေကိုယ်တိုင် နှုတ်ကပါတ်တော်ပညာ သင်ပေးဖို့လိုပါတယ်။
နှုတ်ကပါတ်တော်ထဲမှာ ပညာ(၃)မျိုး အကြောင်း တွေ့ရတယ်။ (သတိပညာ၊ ပညာသတိ၊ သမ္မာသတိ)
သတိပညာအကြောင်းကို အရင်ဖော်ပြပါမယ်။
သတိပညာ
၁။ သတိပညာရဲ့ အရင်းအမြစ်က ဘုရားသခင်ဖြစ်တယ်။
(ဧဖက်ဩဝါဒစာ ၁:၇)
ခပ်သိမ်းသော ( သတိပညာတော်)နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊
ဘုရားကလူကိုရွေးနုတ်ခြင်းကျေးဇူးပြုတဲ့အခါ
မစီစဉ်ထားပဲ ဖုတ်ဖက်ခါပြီး ထကယ်ခြင်းမဟုတ်သလို
ဆိုင်းမဆင့်ဗုံမဆင့် သားတော်ကိုစေလွတ်ခဲ့ခြင်းမဟုတ်ပါ။
သတိပညာတော်အားဖြင့် ရှေးမဆွကတည်းက
ရွေးနုတ်ခြင်း အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။
လုံးဝအချွတ်အချော် အမှားအယွင်းမရှိတဲ့ အစီအစဉ်ကို
သတိပညာတော်အားဖြင့် ဘုရားစီမံခဲ့ပါတယ်။
ဘုရားက သူ့နည်းတူ သူ့သားသမီးတွေကို
သတိပညာနဲ့ အသက်ရှင်စေချင်တယ်။
၂။ ဘုရားသခင်က ကျွန်တော်တို့ကို သတိပညာပြည့်စုံတဲ့ကျွန် ဖြစ်စေချင်တယ်။
(မဿဲ ၂၄:၄၅)
အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊
သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
သခင်ကပြန်လာရင် ကျွန်တော်တို့ကို သစ္စာနဲ့ သတိပညာနဲ့ပြည့်စုံတဲ့ ကျွန်အဖြစ်မြင်ချင်ပါတယ်။
ကိုယ်က အသက်တာမပြင်ဆင် နမော်နမဲ့ နေတာနဲ့
သခင်က ရှောင်တခင်ပြန်လာတာနဲ့ တိုးရင်တော့
ဆိုးညစ်သောငယ်သားလို့ သမုတ်ခံရပါမယ်။
သတိပညာနဲ့အသက်ရှင်ရင်တော့ မင်္ဂလာရှိတဲ့သူလို့
သခင်ခေါ်ခြင်း ခံရပါမယ်။
၃။ သတိပညာနဲ့အသက်ရှင်သူ ဒါဝိဒ်ကို နမူနာယူပါ။
(၁ရာ ၁၈: ၅ /၁၄ /၁၅ /၃၀) မှာ ဒါဝိဒ်ရဲ့သတိပညာနဲ့အသက်ရှင်တဲ့အကြောင်း ဖော်ပြထားတယ်။
သတိပညာနဲ့သွားလာတဲ့ ဒါဝိတ်ဟာ
(က) လူရှေ့မှာ မျက်နှာရတယ်။
(ခ) ဘုရားရဲ့အတူပါရှိခြင်းထင်ရှားတယ်။
(ဂ) ရှောလုကပါ ကြောက်ရတယ်။
(ဃ) ဂုဏ်အသရေနဲ့ပြည့်စုံတယ်။
"သတိပညာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘုရားနဲ့သွားလာသူ ဖြစ်စေဖို့ သားသမီးတွေကိုသွန်သင်ပါ''
Saw Winner
(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစုများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင် တဦးဖြစ်သည်)