ရင်ခွင်ပျောက် အိပ်မက်

မေကြီး သူသူ့ကိုဖုန်းဆက်ပြောတုန်းက သူသူ မယုံကြည်ခဲ့မိပါ ....။

'' နင့်အဖေ နောက်တစ်ယောက်ရှာ နေတယ်တဲ့ " 

မေကြီးအသံက ကွဲအက် တုန်ယင်နေပေမဲ့ မဖြစ်နိုင်ဘူး ...။

ဘယ်လိုနည်းနဲ့မှ ဖေကြီး ဒီလိုလုပ်ရပ်မျိုးလုပ်မှာမဟုတ်ပါဘူးလို့ သူသူယုံကြည်ခဲ့မိသည်။

သူသူ ယုံကြည်ခဲ့မိတာကလည်း ...ဖေကြီးရဲ့ မိသားစုအပေါ်ထားတဲ့အချစ်တွေကို သိမြင်နေလို့ပါ ....။

အဲဒီ မြင်ကွင်းကို မမြင်ခင်အထိပေါ့ .....။

တနေ့ သူသူစာအုပ်ဝယ်ဖို့ လှည်းတန်းဘက်ရောက်ခဲ့တယ် ....။

အဲဒီမှာ ........

မလှမ်းမကမ်းမှာ လက်ချင်းတွဲ ပြီးလျှောက်လာတဲ့ စုံတွဲတတွဲ ...။

ဖေကြီးမဟုတ်ပါစေနဲ့ ......။

သူသူရင်ထဲက တိုးတိုးတိတ်တိတ် ဆုတောင်းမိသည်။ 

သို့သော် ....သူသူ့ဆုတောင်းမပြည့်ခဲ့ပါ ....။

ဖေကြီးနဲ့ သူ့ရဲ့ချစ်လှစွာသော ဒုတိယဇနီး ......။

လောကကြီးကိုမေ့ပြီး နှစ်ယောက်သားပြုံးလို့ ...ရွှင်လို့ ...။

သူသူ့ကို မတွေ့နိုင်တော့တဲ့အထိ ပျော်မြူးနေကြဟန်....။

ငယ်ငယ်က သူသူ အဖေကို ဖေကြီး ၊ အမေကို မေကြီးလို့ခေါ်တော့ 

ဖေကြီးက '' မေကြီးအပြင် မေလေးကိုရော ...ချစ်မှာလား''  လို့မေးတုန်းက

''မေကြီးကိုပဲ ချစ်မှာ''လို့ ကလေးဆန်ဆန်ပြောခဲ့မိသည်..။

အခုတော့ ...............။

ဖေကြီးတို့စုံတွဲ သူသူ့ဘေးမှ ဖြတ်သွားတော့ ရင်ထဲမှာ လှစ်ဟာသွားသကဲ့သို့ခံစားရသည်။

ဖေကြီး သူသူကိုမမြင်တာလား....။

မမြင်ချင်ယောင်ဆောင်ခဲ့တာလား.....။

သူသူ့ကိုလှည့်ကြည့်ပါဦး ....ဖေကြီးရယ်.....။

ဖေကြီး၏ နောက်ကျောကိုငေးကြည့်ရင်း သူသူ့မျက်ဝန်းထဲမှ မျက်ရည်တို့စီးဆင်းလာသည်.....။

'' ဖေကြီး''လို့အော်ခေါ်လိုက်တိုင်း အသံကထွက်မလာ ....။

လည်ချောင်းထဲတွင် စို့နင့်နေသည်.....။

'' ဖေကြီးရေ ..သူသူဒီမှာ '''

သူသူ့မျက်ဝန်းရှေ့မှ ဖေကြီး၏ ကျောပြင် တရွေ့ရွေ့ပျောက်ဆုံးသွားတော့ 

''ဖေကြီး"

သူသူအသားကုန် အာခေါင်ခြစ်၍အော်လိုက်သည်...။

''သူသူ ထတော့လေ ဘုရားရှိခိုးရတော့မယ်"

သူသူ့ ပခုံးကိုပုတ်၍ မနော်ကနှိုးသည်။

ထိုအခါမှ

''မနော် ဖေကြီးရောဟင်'' ဟုမေးမိသည်။

'' သူသူယောင်နေတာလား သူသူ့ဖေကြီးက အိမ်မှာပဲရှိမှာပေါ့ ....အဆောင်မှာဘယ်လိုလုပ်ရှိမှာလဲ ဒီအချိန်ကြီး''

မနော်ပြောမှ သူသူသတိထားမိ၏။

ဟုတ်ပါရဲ့ ..........။

ညအမှောင်လွင့်စင်လုနီးပါး....

ရောင်နီအလင်းတို့ချဉ်းနင်းဝင်ရောက်လာသည့်မနက်ခင်းပဲရှိသေးသည် ..........။

နာရီကိုငုံ့ကြည့်မိတော့ ....

မနက် ၅နာရီခွဲဖို့ ၁၀မိနစ်။

ဒါဆို.......... ။

သူသူအိပ်မက်မက်နေခဲ့တာပေါ့ ....။

စိုစွတ်နေသည့်ပါးပြင်ကို လက်ဖြင့်အသာလေးပွတ်တိုက်လိုက်ပြီးမှ ကျေနပ်သွားသည့်ဟန်ဖြင့် ပြုံးလိုက်သည်။

ကျေးဇူးတင်ပါတယ် ......ဘုရားသခင် ....။

သူသူ ရင်ခွင်ပျောက်တော့မလို့ .......။


ဆားတစ်ပွင့်

(ကလောင်ရှင် ဆားတစ်ပွင့်သည် ကဗျာများ၊ အက်ဆေးများ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)

Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo