အများထက်ပိုချစ်လို့
ဝတ်စုံသစ်ကို ဆင်မြန်းပေး
အရောင်အသွေးစုံတဲ့လောကဇာတ်ခုံ
ဝတ်ရုံလေးမို့ သဘောကျပါရဲ့
ဒါပေမယ့် အစ်ကိုတွေအပြစ်မြင်
ချစ်ကြင်စိတ်ပျောက်ကွယ်
အတ္တတွေရဲ့အလည်မှာ
အဖေတိုးလို့ ချစ်နေတော့
ပျော်ရတယ်ပေါ့....
အစ်ကိုတွေဟာ
ဒုစရိုက်မှာ ပျော်တတ်ပြီး
မတော်မတရား လုပ်စားကြတယ်
လိမ်လည်လှည့်ဖျား
မုသာစကားကြွယ်
အတ္တကြီးတယ်
လောဘမီးတောက်
အရှက်အကြောက်ကင်းပြီး
လောကကြီးကို တင်ရောင်းချင်နေတာ
အကျည်းတန်လွန်းတာများ
အဖေ့ဆီစကား ကြားပြောလိုက်တော့
သူတို့မုန်းကြတာပေါ့လေ...
အမှန်တရားတွေက
သိပ်ကိုခါးလှတယ်အဖေ
မှားယွင်းနေတာထောက်ပြလို့
သိပ်ကြောက်ကြတဲ့ အစ်ကိုများ
ရက်စက်ခြင်းတရားနဲ့
အမှားမပြင်အပြစ်တင်
အသက်ကိုပင်ရန်ရှာလို့.
မှန်ရာကိုလုပ်ဖို့အတွက်
အဝေးကိုထွက်ခဲ့ရတယ်....
အဖေရဲ့အချစ်နဲ့ သွန်သင်ခြင်းတွေ
ရင်ထဲမှာ စိုးမိုးနေတော့
တိုးတက်နေတဲ့ခေတ်ကြီးထဲ
ဖြစ်နေဆဲဘဝမှာ အမှားမဖက်
တရားလက်လွတ်အသက်မရှင်
အဖေဖြစ်စေချင်သလိုမျိုး
ရိုးရိုးသားသား သစ္စာတရားနဲ့
အသက်ရှင်ခဲ့တာ
အဖေရဲ့ကျေးဇူးကြောင့်ပါ.....
ကျွန်တော်ဟာ အဖေရဲ့သားမို့
အဖေ ခင်းပေးတဲ့တရားလမ်း
ရဲရဲလျှောက်လှမ်းရင်း
ချီးမွမ်းခြင်းနဲ့ တစ်နေ့မှာ
အောင်မြင်တဲ့ဘဝရောက်လာတဲ့အခါ
တစ်သက်တာအနားမှာ
ပြုစုပါရစေ....
အဖေချစ်တဲ့...
အဖေ့ရဲ့ မေတ္တာ
ကြီးမားစွာ ခံစားရင်း
နာမည်အရင်းတောင်ပြောင်းပြီး
ခေတ်သစ်ယောသပ်ဖြစ်ခဲ့ပြီ...။
SPP
(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် စာရေးသူတဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo