...အဖ နှင့် အဖေ...!
၁တိ ၂း၈၊သုတ်တံ ၁၇း၆၊ဟဗွေဲ ၃း၃၊ဧဖကျ ၆း၄၊
ဆာ ၆၈း ၅-၆။
အဖ - အမြဲတည်သော ကောင်းကင် ဖခင်
အဖေ - အမြဲမတည်သော ဤဘဝဖခင်
အဖ...ကိုယ်တော်ဟာ ကမ္ဘာကြီးကို ဖန်ဆင်းလို့
လှပစွာရှင်သန်ခြင်းတို့ရဲ့ စတင်ရာဖြစ်တယ်
ကိုယ်တော်ကို ချီးမွမ်းပါတယ်
နာမတော်သာ၍ ဘုန်းကြီးပါစေ.. .
အဖေ...အဖေဟာ အိမ်ထောင်ကို အစပြုလို့
မိသားစု ဘဝတစ်ခုရဲ့ စတင်ရာဖြစ်တယ်
အဖေ့ကို ကျေးဇူးတင်တယ်
အသက်တာရှည်၍ ကျန်းမာပါစေ....။
အဖ....ကိုယ်တော်ရဲ့ ကျေးဇူးနဲ့ ကရုဏာ တွေဟာ
ကမ္ဘာကြီးအတွက်တော့ ရှင်သန်ရပ်တည်ဖို့ရာ
အာဟာရ နဲ့ မြေသြဇာ ပေါ့...
အဖေ...အဖေ့ ရဲ့ စေတနာ နဲ့ မေတ္တာတွေဟာ
သားတို့မိသားစုလေး ရှင်သန်နေဖို့
အာဟာရ နဲ့ မြေသြဇာ ပါ...။
အဖ...ကိုယ်တော်ပေးတဲ့
မိုးစက်လေးတွေကြောင့်
ကမ္ဘာကြီးဟာစိမ်းလန်းဝေဆာ လှပလာတယ်..
အေဖ...ကျခဲ့ရတဲ့
ချွေးစက်တွေကြောင့်
သားတို့မိသားစုဘဝ လှပလာခဲ့တယ်...။
အိမ်ကိုဆောက်သောသူဟာ
အိမ်ထက် သာ၍ကြီးသောအသရေရှိတာမို့... (ဟေဗြဲ ၃း၃)
အဖ... ကိုယ်တော်ရဲ့ လက်ရာတော်တွေကို
ဆင်ခြင်တဲ့အခါတိုင်း
ကိုယ်တော့်ကို သာ၍ ချီးမွမ်းမိတယ်...
အဖေ... အဖေစတင်ခဲ့တဲ့ မိသားစုလေးကို
ဆင်ခြင်မိတဲ့အခါတိုင်း
အဖေ့ကို သာ၍ ဂုဏ်ယူမိတယ်...။
အဖ... ကိုယ်တော်ဟာ
လူသားနဲ့ ဒီကမ္ဘာကြီးကို
ဒုစရိုက်ထဲ နှစ်မွန်းပြီး ကျိန်စာ တွေပေးဖို့
ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး
လူသားတွေကသာ
ဒုစရိုက်လမ်းနဲ့ အမင်္ဂလာကို ရွေးချယ်ပြီး
ကိုယ်တော့်ကို စိတ်ပျက်စေခဲ့တာပါ
ခွင့်လွတ်တော်မူပါ ...အဖ..
အဖေ...အဖေဟာ
သားသမီးတွေကို
ဒုစရိုက်ထဲ နှစ်မွန်းပြီး ဆိုးမိုက်ပေတေနေဖို့
ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး
သားသမီးတွေကသာ ကိုယ့်ဘဝဒုက္ခရောက်မဲ့
ဒုစရိုက် နဲ့ ဆိုးမိုက်ခြင်းလမ်းကို ရွေးပြီး
အဖေ့ကို ဝမ်းနည်းစေခဲ့တာမို့
ခွင့်လွတ်ပါ အဖေ......။
အဖ....ကိုယ်တော်ဟာ
ကမ္ဘာကြီးနဲ့ လူသားတွေကို
အမြဲချစ်ပြီး အမြဲကောင်းမြတ်တော်မူခဲ့ပါတယ်...
အဖဘုရား...အဖေတချို့ကတော့
မိသားစုနဲ့ သားသမီးတွေကို
မချစ်တတ်တဲ့အပြင် မကောင်းခဲ့ကြပါဘူး..
အဖေတွေကို လမ်းပြသွန်သင်ပေးလှည့်ပါ...
အဖေ... အဖဘုရားသခင် ဟာ
သားတို့မိသားစုအပေါ်
အမြဲကောင်းမြတ်နေတာမို့
တခါတလေ အဖေ့ကိုယ်ကျိုးအတ္တအတွက်
မိသားစုကို ဒုက္ခရောက်စေပြီး
အမေနဲ့ သားတို့ မျက်ရည်ကျခဲ့ရတိုင်း
အဖဘုရား ကို အားနာပြီး မိသားစုကို စာနာသနားလှည့်ပါ...။
အဖ.... ကိုယ်တော်ဟာ
မနာခံတတ်တဲ့ ဒီလူသားတွေကို
အသက်စတေးပြီးချစ်ခဲ့တာပါ
ကိုယ်တော့်ရဲ့မေတ္တာနဲ့ ကျေးဇူးကို
လူသားတိုင်း သိတတ်ပါစေ...
အဖေ.... အဖေဟာ
အသုံးမကျ မလိမ္မာတဲ့
သားသမီးတွေကို
အဖေ့အသွေးအသားတွေ ခမ်းခြောက်
အိုမင်းရင့်ရော် လာသည့်တိုင် လုပ်ကျွေးခဲ့တာပါ
အဖေ့မေတ္တာ နဲ့ ကျေးဇူး သားသမီးတိုင်း အထူးသိတတ်ပါစေ..။
အဖ.... ကိုယ်တော်မပါဘဲ
ဘဝခရီး နှင်နေခြင်းဟာ
ရေမပါဘဲ ကန္တာရထဲ ခရီးသွားရ သလိုပါပဲတဲ့....
အဖေ....အဖေမပါဘဲ
သွားရမယ့်ခရီးကလည်း
အရိပ်မရှိတဲ့လွင်ပြင်ကို
နွေနေပူပူမှာဖြတ်ကျော်ရသလိုပါပဲလေ...။
အဖ....ကိုယ်တော်ဟာ
အစဉ်မပြောင်းလဲ အမြဲတည်တဲ့
ဘဝရဲ့ တစ်ခုတည်းသော
စစ်မှန်တဲ့ကောင်းကင် ဖခင်ဖြစ်တယ်...
အဖေ...အဖေကတော့
မမြဲခြင်းသင်္ခါရတရားကို
မလွန်ဆန်နိုင်တဲ့
ဘဝတခဏမှာ တော်စပ်ခွင့်ရသော မမြဲတဲ့ ဖခင်ဖြစ်တယ်.. .။
သို့သော်လည်း.. ..
အိုးအဖဘုရားသခင်
ဘဝတခဏမှာ
မိသားစုဘဝတွေကို ကွယ်ကာဖို့
မိသားစုတွေရဲ့ ခိုလှုံရာ
မိသားစု တွေကို လမ်းပြပေးတဲ့
ဖခင်တွေကို ပြင်ဆင်ပေးလို့ ကျေးဇူးတင်ပါတယ်
ကျေးဇူးရှင် ဖခင်တွေ...
ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပါစေ...
ဘုရားကောင်းကြီးခံစားရပါစေ
မိသားစုတွေကို မှန်ကန်စွာ ဦးဆောင်လမ်းပြ နိုင်ပါစေ...။
ခရစ်တော်နာမ၌ အာမင်။
နေမျိုး (မချမ်းမြေ)
(ကလောင်ရှင် နေမျိုး(မချမ်းမြေ)သည် ဓမ္မရေးရာ စာစုများ၊ ကဗျာများ မြောက်များစွာ ရေးသားနေသူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.tk
Telegram - https://t.me/devoshipjournal , https://t.me/malak_devo