အပြစ်မတင်ရက်တဲ့ ချစ်ခြင်း

သို့... ဖေဖေ

သားလိုချင်လို့ သားလေးဖြစ်ဖို့မျှော်လင့်ခဲ့ပေမယ့် 

သမီးထွက်လာခဲ့လို့တောင်းပန်ပါတယ် ဖေဖေ


သမီးလေးမွေးတယ်ဆိုတော့ 

ဖေဖေ၀မ်းမသာပေမယ့်

သမီးကတော့ ဖေဖေ့လို အဖေကို ရတဲ့အတွက် 

အရမ်း၀မ်းသာမိတယ်


မိုးရွာထဲ ဘောလုံးကန်တော့ 

ယောက်ျားလေးလိုဆော့ရကောင်းလားဆိုပြီး 

ရိုက်ခဲ့ပေမယ့်

ဘဝမှာ ပထမဦးဆုံး မိန်းကလေးဘဝကို 

မုန်းမိတာပဲ ဖေဖေ


သမီးရဲ့မွေးသက္ကရာဇ်၊ မွေးရက်တွေ မမှတ်မိပေမယ့်

သမီးကတော့ ဖေဖေဆေးရုံတက်တဲ့ရက် 

ဆေးရုံဆင်းတဲ့အချိန်တွေကို မှတ်ထားမိတယ်


သမီး ဆေးရုံတက်တဲ့ အချိန်တိုင်း 

ဖေဖေက အနားမှာမရှိပေမယ့်

ဖေဖေ့ အနားတော့ အမြဲတမ်းလိုလိုနေချင်မိတယ်


ဖေဖေချက်တဲ့ဟင်းတွေကို 

အစ်မတွေလောက် မစားရပေမယ့်

သမီးစားဖူးသမျှထဲတော့ 

ဖေဖေ့လက်ရာက အကောင်းဆုံးပါပဲ


သမီးအကြိုက်ဆုံးဟင်းကို ဖေဖေမသိပေမယ့်

ဖေဖေနဲ့ မတည့်တဲ့ အစားအစာတွေကို

သမီးလည်းရှောင်ခဲ့တယ်


Sunday Schoolကို လက်တွဲပြီးမသွားရပေမယ့်

ဘုရားကျောင်းထဲတော့ ဖေဖေ့အနားပဲထိုင်ချင်မိတယ်


မိသားစုနဲ့ သမီးစကားများတိုင်း 

ဖေဖေကသမီးဘက်က မရှိပေမယ့်

လောကကြီးကမှန်နေလည်း 

ဖေဖေကမှားတယ်ဆို သမီးလည်းမှားရဲတယ်....


လောဘရယ်ပါ 

စုန်ရေပဲရှိတယ်ဆိုပေမယ့်

ဆန်ရေလည်း အရှိန်နဲ့ပါအဖေ... ။

           

L. R.ထား

(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)