ငါတို့ခေါတ်တုန်းက ဆိုပြီး
ငါမှီတဲ့ခေါတ်ကစပြီး ငါပြန်ပြောပြတယ် ...
လူငယ်တွေဟာ နိုင်ငံခြားကိုအုပ်စုလိုက်ထွက်သွားကြတယ်
ထောင်တွေဘာတွေကျ လမ်းခုလတ်မှာလဲကျသူလဲနဲ့
အခုတော့မျိုးဆက်သစ်ကိုနိုင်ငံခြားမှာ မွေးထုတ်ကြပြီ
ချင်းတွေရိုက်တဲ့ ဇာတ်ကြမ်းကားကြီးအစပိုင်းမှာ ငါဟာလူကလေးပေါ့ ...
တစ်ရပ်ကွက်လုံးမှာ တီဗီက တစ်လုံးတည်း
မီးလာတဲ့ညတွေဆို ရပ်ကွက်လူစုံခဲ့ကြပေါ့
နောက်မနက်တွေဆို ကြည့်ခဲ့တဲ့ဇာတ်ကားကို ငါတို့ကိုယ်တိုင် ပြန်သရုပ်ဆောင်ရင်း ပျော်ခဲ့ကြတယ် ...
မြေးလေး ကြည့်စမ်း !
ဟိုးအဆောက်ဦးက အရင်ကငါတို့ကျောင်းလေး
ဟိုးဘေးနားက ငါတို့ရဲ့ဘောလုံးကွင်းလေး
ဟိုရပ်ကွက်တွေက ငါတို့ကလေးဘဝတပ်စခန်းတွေ ရှိတဲ့ခြုံပုတ်ကြီးတွေပဲ !
ငါတို့သွားချင်တဲ့နေရာဆို ခြေကျင်လျှောက်သွား
ပြောချင်တဲ့သူနဲ့ဆို အိမ်လည်ပြောကြ
နောက်တော့ ဖုန်းလေးတွေ ပေါ်လာ
ဆိုင်ကယ်လေးတွေ ပေါ်လာပေါ့ !
ဟိုး တောင်ပေါ်က တက္ကသိုလ်တွေစဆောက်တုန်းက
ငါတို့ဟာ ပြည်မမှာပညာသွားသင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေပေါ့
ကျောင်းပိတ်ရက်တွေဆို
မိဘတွေကမျှော် ငါတို့ကလည်းမျှော်နဲ့
ရင်ခုန်စွာ တောင်ပေါ်ပြန်လာဆုံကြတယ်
ကျောင်းပိတ်ပြန် မြို့အဝင်ဟာ စိတ်အလှုပ်ရှားဆုံးအခိုက်တန့်ပေါ့ !
ငါတို့ခေါတ်မှာတုန်းက
ဟိုလူတွေက ဂီတရူးရူးတဲ့သူတွေ
ဟိုလူတွေက ဘာသာရေးလိုက်စားသူတွေ
ဟိုလူတွေက ဘောလုံးသမားတွေ
ဟိုလူတွေက လူငယ်ပရဟိတသမားတွေပေါ့ !
အဲ့ဒီတုန်းက ဒီလမ်းကမရှိသေးဘူး
အဲဒီတုန်းက ဒီရပ်ကွက်မရှိသေးဘူး
အဲဒီတုန်းက ဒီအဆောက်အဦးကြီးမရှိသေးဘူး
အဲဒီတုန်းက ငါတို့က လူငယ်လေးတွေ !
နံရံ
(ကလောင်ရှင် နံရံသည် ကဗျာ၊ အက်ဆေးနှင့် ရသမြောက်သော ပန်းချီများ ရေးဆွဲနေသူတဦးဖြစ်သည်)