(၁)
တရွေ့ရွေ့နဲ့ စုလိုက် ကျဲလိုက်
အပေါ်စီးကနေ အသွင်တွေပြောင်း အရောင်တွေပြောင်း
တစ်ခါတလေ တစ်စစီ ခပ်ပါးပါးလေးလွင့်
ကောင်းကင်က မာယာသုံးတော့
တိတ်တဆိတ်နဲ့ တိမ်တွေ ငိုချ ရပေါ့ . . .
(၂)
လေပြေတွေလူးလွန့်
ကြွေသူကြွေ
ချွေသူချွေ
ဘဝလှိုင်းလေးထက်မှာ
အထက်ကနေအောက်အကျနဲ့
လေအပင့်တစ်ချက်ကြောင့် မြှောက်တတ်သွားတဲ့
ဘဝင်ခိုက်စရာအရသာလေးနဲ့
တစ်ခန်းမရပ်ချင်သေးတဲ့ ပြဇာတ်လေးတစ်ပုဒ်သူကဆဲ . . .
(၃)
ပြုံးလိုက် ရယ်လိုက် ဟားလိုက်
တူသယောင်ပုံစံထဲကခွဲထွက်လို့
တစ်ခါတလေတော့ ငိုနေပေမယ့်
မျက်ရည်မကျအောင်တင်းခံရတဲ့အဖြစ်က
သူ့အတွက် အရင်းနှီးဆုံးအခန်းဖော်တဲ့ . . .
(၄)
နံနက်ခင်းလေးမှာ အပြုံးတစ်ပွင့်နဲ့
ကြိုးစားနှုတ်ဆက်ကြ
သူစိမ်းဆန်တဲ့ ခပ်စိမ်းစိမ်းညနေခင်းလေးကအလိုက်သင့်
ဟက်ဟက်ပက်ပက်သိပ်မရှိတဲ့ ဒီအချက်က သူတို့နဲ့. . .
တွဲလက်မြဲနေဆဲ. . .
(၅)
ကောင်းခြင်းတွေ တစ်စုတဝေးတည်းရှိစေရေးအတွက်
ခံစားချက်ကို ဦးစားပေးဖို့မေ့ထားလိုက်ရ
ကာရန်မညီတဲ့ ဘဝဇာတ်ခုံမှာ
နားရက်မရှိ
ရက်စွဲလေးတွေခြွေ
အငို အရယ် အပြုံး အချစ် အမုန်းတို့နဲ့
စရိုက်စုံတဲ့
ကိုယ်တိုင်ရေး ဇာတ်လမ်းလေးတစ်ပုဒ်
ကတတ်ဖို့ ကြိုးစားသင်ယူနေရင်း
မဆုံးသေးတဲ့ တနင်္ဂနွေ ပြဇာတ်အတွက်
သူ. . .ဇာတ်တိုက်နေလေရဲ့. . .။
လိုင်ဂျီယာ (မိုးကုတ်)
ကလောင်ရှင် လိုင်ဂျီယာ(မိုးကုတ်)သည် ကဗျာများ မြောက်များစွာရေးသားနေသည့် စာရေးသူ တဦးဖြစ်သည်။