တောလမ်းလေးထဲအဖော်မပါ
လမ်းလျှောက်နေတုန်း
တစာစာအော်သံကြား
ငှက်တွေတေးဆို စမ်းရေကစီး
လောကကြီးကတိတ်ဆိတ်လို့
သာယာသံမို့ကောက်ကောက်ပါအောင်
မျက်စိမှိတ်ပြီး လျှောက်နေမိတယ်။
ဟိုနားမှာလား... ဝေးသွားတဲ့အသံ
နီးလာပြန်တော့ပျောက်ကာသွားတယ်
အနားနားဝယ် တိုးလို့ရှာကြည့်
မတွေ့မိဘူး....
တဖြည်းဖြည်းနဲ့ ဝေးလာလိုက်တာ
မျက်ကွယ်ရာကွေ့ ရှာမတွေ့မှ
ဝန်းကျင်ကို အကဲခတ်ပြီး
မော်ကြည့်လိုက်တော့ မှောင်လာခဲ့ပြီ
ဘယ်ဆီကို ရောက်နေတာလဲ...?
သိုး သခင်..အပြစ်မမြင်ဘဲ
ကျွန်တော့်ကိုချစ်ရင် လာရှာလှည့်ပါ
လမ်းပျောက်နေပြီ...
မှောက်နေတဲ့လမ်းမှာ
ကျွန်တော် ကြောက်နေပြီသခင်
တစ်ခါတလေ ဝံပုလွေတွေက
အသံတွေဟစ်ပြီး အော်နေတာ
သာယာခြင်းကို မက်မောမိတဲ့
လောဘရမ္မက်တွေကြောင့်
အသက်လုပြီးပြေးနေရတာ
မောလှပြီသခင်.....
နားချင်ပေမယ့် ရှေ့ဆက်ပြေးရင်း
သခင့်အသံကိုနားစွင့်မိတယ်
ပြန်ကာရှာခဲ့လာခေါ်ပေးလှည့်ပါသခင်...
မှော်ရုံတောမှာ လမ်းပျောက်နေပြီ..။
SPP
(ကလောင်ရှင် SPPသည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)