ပျိုးကြဲခြင်းနှင့် ရိတ်သိမ်းခြင်း

မြန်မာပြည်သူတွေ

တိုင်းပြည်အရေးမှာ ၈၈ ခုနှစ်ကစလို့ 

မျက်ရည်ကျလျက် သွေးမြေကျလျက် 

မျိုးစေ့တွေ ကြဲခဲ့ကြတယ်


၃၃နှစ်အကြာ တ​ကျော့ပြန် ပြန်လည်လာတဲ့

ဒီအရေးတော်ပုံမှာလည်း

အသက်ဆုံးသူဆုံး သားဆုံးသူဆုံး ဖခင်ဆုံးသူဆုံးနဲ့

မျက်ရည်ကျလျက် မျိုးစေ့ကြဲရကြပြန်ပြီ


ဒါပေမဲ့ ဘုရားရဲ့နိယာမက 

"မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် 

ရွှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်" ဆိုတာပါပဲ


အသားအရောင် ခွဲခြားခြင်းမရှိတဲ့

အာဏာရှင်စနစ် လုံးဝဥဿုံမရှိတဲ့ 

တောသားမြို့သား ခွဲခြားခြင်းမရှိတဲ့

ဘာသာရေး အထိကရုဏ်းတွေမရှိတဲ့

လူမျိုးရေး ခွဲခြားမှုတွေမရှိတဲ့ 

တိုးတက်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံတော်အဖြစ်

ရွှင်လန်းစွာ ရိတ်သိမ်းမဲ့နေ့ရက် ရောက်လာမှာပါ


လောလောဆယ်ကတော့

ကတ္တရာထက် နေပူစပ်ခါးထဲ ပျိုးကြဲနေချိန်ပေါ့


ဒါပေမဲ့ 

များစွာဖြစ်ထွန်းအောင်မြင်တဲ့ တိုင်းပြည်အနာဂတ်ဆိုတဲ့

စပါးခင်းကို မျှော်ကြည့်တတ်ဖို့ပါ

 

အဲဒီနေ့ရက် မရောက်ခင်အထိတော့.....


အနိုင်ကျင့်မှုမျိုးစုံကို အံတုပြီး

အသက်ကို မျှော်လင့်ချက်နဲ့ထုပ်ရင်း

မနက်ဖြန်တွေတိုင်း

ပျိုးကြဲကြရအုံးမယ်.......။

(God Bless All)


ယောဟန် ၄:၃၅

ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။


Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)