ကျနော့်မှာ

နွေဦးမှာ လေရူးဝေ့လို့လားမသိ 

ကျနော့်မှာ ဒဿနတွေဘာတွေ ထွက်လို့။


အခါးမှာ တမာငိုတဲ့ ဘဝတာတိုတိုကို 

၁၉၈၀ မှာရခဲ့ပါတယ်။


အခု အသက်၄၀ကျော်ပြီ။


တောလယ်ရာကာလပြီးပြီလို့ ထင်တာပဲလေ။


နှစ်၄၀မှာ ပေလည်းဖြစ်ဖူးတယ် တူလည်းဖြစ်ဖူးတယ်။


ဆူ ကြုံ  နိမ့် မြင့် သဘောတရားနဲ့ 

တရားသဘောတွေကိုလည်း လေ့လာခဲ့ဖူးပါတယ်။ 


၁၀၉ ၁၁၀ ဘဝ ပုံးကြောင်အုန်းမောင် 

ဘိပျောက် ဘတုတ် 

ဘဝသေမထူး နေမထူး ဘဦးဘဝ 

သံချောင်းတို့အဖေ ကံကောင်းလို့ မသေတဲ့ဘဝ 

စသည်စသည်ဖြင့်ပေါ့လေ။


ဇာတ်ဆရာအလိုကျ ကျရာဇာတ်ရုပ်မှာ ကပြရရင်း 

ဘုရားအလိုတော်နဲ့ ဘဝအလိုတော်ကျပေါ့။


တကယ်တော့လည်း 

လူဆိုတာ နားလည်ရခက်တဲ့ 

သက်ရှိ သတ္တဝါတမျိုးပါပဲလေ။


သူက သူများကို နားမလည်နိုင်သလို 

သူများကလည်း သူ့ကို အလုံးစုံနားလည်ဖို့ မဖြစ်နိုင်တဲ့

ဆဲလ်(Cell)တမျိုးနဲ့ တည်ဆောက်ခြင်းခံထားရတဲ့ 

ဇီဝရုပ်ဝတ္တုပါပဲလေ။


ထီးခူ (ကယ်တင်ခြင်းတပ်)

(ကလောင်ရှင် ထီးခူ(ကယ်တင်ခြင်းတပ်)သည် ကဗျာ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)