အမဲလိုက်အကနဲ့ မင်္ဂလာဦးည သို့မဟုတ် ဒီမိုကရေစီ အမဲဖြတ်ခံရမဲ့နေ့

ဒဂုံနွေဦးအမဲလိုက်အက,ကတော့

တကယ့်အရိုင်းဆန်တဲ့ပွဲပါပဲ။


ကွန်ကရစ်တောအုပ်ထဲမှာ

သွေးဆာနေတဲ့မနုသမုဆိုးတွေနဲ့

ဂုံးကျော်ပေါ်က

လမ်းပေါ် လမ်းကြားလမ်းသွယ်များက

ယုံကြည်ရာဖက်တွယ်ထားကြတဲ့

GZများရဲ့

လူသားယဉ်ကျေးမူ့အားပြိုင်ပွဲမှာ

အနိုင်အရုံးမသဲမကွဲ

အလဲလဲအကွဲကွဲအပြဲပြဲ

အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရပြီ။


အို နိုးလော

လောကပါလတရား

အို နိုးလော

ထာဝရသခင်ဘုရား

သမ္မာတရားက မျက်နှာလွှဲနေချိန်မှာ

ကမ္ဘာသားအများကရော

စာပဲထုတ်နေကြတော့မှာလား

အို နိုးလော

UN US EU

အသင်တို့ စားပွဲဝိုင်းထိုင်နေကြတုန်း

ဒီမှာတော့ ငါတို့ဒီမိုကရေစီက

အပျိုရည်ဖျက်ခံရဖို့

သားရဲတွင်းမှာ 

အမဲဖြတ်ခံနေရပြီ။ ။


ထီးခူ (ကယ်တင်ခြင်းတပ်)

(ကလောင်ရှင် ထီးခူ(ကယ်တင်ခြင်းတပ်)သည် ကဗျာ၊ ဝတ္ထုများ မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦးဖြစ်သည်)