တခါက သူဌေးကြီးတဦးက သူ့မှာရှိတဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်သားဟာ ဝေစုဘယ်လောက်ရသင့်လဲဆိုပြီး စဉ်းစားတယ်။ ဒီလိုနဲ့ တနေ့တော့ ဖခင်ဖြစ်သူက သူ့သားသုံးဦးကိုခေါ်ပြီးပြောတယ်။ အဖေက မင်းတို့ကို တယောက်ကို အသပြာတပြားစီပေးမယ်။ အဲဒီတပြားရဲ့တန်ဖိုးနဲ့ကိုက်ညီတာကို အခန်းတခုလုံးစာ ပြည့်အောင်ဖြည့်ရမယ်လို့မှာအပြီးမှာတော့ သားကြီးဖြစ်သူက အခန်းလွတ်ထဲကို ကောက်ရိုးတွေထည့်ပြီးဖြည့်တယ်။
သားအလတ်ဖြစ်သူကတော့ လဲမှို့တွေကို ဝယ်ပြီးထည့်တယ်။ ဖခင်လာမကြည့်ခင် သူ့မှို့က လေနဲ့အတူလွင့်သွားတယ်။ ဒီတော့ လဲမှို့ကိုထပ်ထည့်ရတာပေါ့။ သားကြီးရဲ့ကောက်ရိုးကလည်း ကျစ်သွားလို့ ထပ်ထည့်ရတယ်တဲ့။ သားငယ်အခန်းဆီမှာတော့ ဘာမှမတွေ့ရဘူး။ အခန်းကလွတ်ပြီး မှောင်နေတယ်တဲ့။ သားငယ်အခန်းကိုရောက်သွားတဲ့ ဖခင်ဖြစ်သူက သားငယ်ကို ဘာပစ္စည်းမှ မပြင်ထားဘူးလားလို့ မေးတယ်။ ဒီတော့မှ သားငယ်က သူပြင်ဆင်ထားတာကို ပြလိုက်တယ်။ အဲဒါကတော့ ဖယောင်းတိုင်လေးကို မီးညှိပြလိုက်တာပါပဲ။ ဖယောင်းတိုင်လေးရဲ့ အလင်းရောင်ဟာ အခန်းထဲ ပြန့်သွားတယ်။ ဖခင်ဟာ သူ့သားတွေကို သဘောကျပြီး သူ့မှာရှိတဲ့ ဥစ္စာပစ္စည်းတွေကိုခွဲခြမ်းပေးလိုက်တယ်။
ဥစ္စာပစ္စည်းတွေရသွားပြီးတဲ့အခါမှာတော့ သားကြီးနဲ့ သားလတ်က ပစ္စည်းတွေယူပြီး တခြားတိုင်းပြည်မှာ စီးပွားရှာဖို့ ညီငယ်ကို ပြောကြတယ်။ အဲဒီအခါမှာ ညီငယ်က ဖခင်ကိုပါ တပါတည်းခေါ်ဖို့ပြောတော့ အစ်ကိုတွေက မခေါ်ရဘူးလို့ မြစ်တားတယ်။ ဒီတော့ သားငယ်ဖြစ်သူက သေတ္တာအကြီးကြီးတခုကို ထွင်းလုပ်စေပြီး အပေါက်နှစ်ပေါက်ဖောက်စေကာ ဖခင်ဖြစ်သူကို သေတ္တာထဲမှာဖွက်ပြီး သူတို့နဲ့အတူ တပါတည်းခေါ်ဆောင်သွားတယ်။
ဒီလိုနဲ့ တရက်သောအခါမှာ သူတို့စီးပွားရှာထွက်ဖို့ အသုံးပြုရတဲ့သင်္ဘောဟာ ပင်လယ်ရေကြောင်းခရီးလမ်းခုလတ်တနေရာမှာ တန့်နေသတဲ့။ သူတို့လည်း ဘာလုပ်လို့ကိုင်ရမှန်း မသိဖြစ်နေတော့တာပေါ့။ လေးလံတဲ့ပစ္စည်းတွေကို ပစ်ချဖို့ ဆုံးဖြတ်ကြတော့ ညီငယ်လေးက ခဏနေပါဦးလို့ တားမြစ်ပြီး သေတ္တာတွေထားတဲ့ အခန်းထဲကိုဝင်သွားပြီတော့ ဖခင်ဖြစ်သူကို အကြောင်းအကျိုးရှင်းပြအကူအညီတောင်းတော့ ဖခင်က ဒါဟာ ရေထဲမှာရှိတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်ဆိုတာသိတော့ သားဖြစ်သူတို့နဲ့အတူ တွဲပါလာတဲ့ နွားတွေကို သင်္ဘောရဲ့ ထောင့်လေးထောင့်မှာ တကောင်ကျစီ နေရာချထားဖို့ အကြံပေးသတဲ့။ သားငယ်ကလည်း အဲဒီအကြံအစည်ကို အစ်ကိုဖြစ်သူတွေကို ပြောပြပြီး လက်တွေ့လုပ်ဆောင်ကြည့်လိုက်တဲ့အခါမှာတော့ သင်္ဘောက ပြန်ပြီး ခရီးဆက်သွားနိုင်တယ်တဲ့။ ဒီတော့မှ အစ်ကိုဖြစ်သူတွေက ညီငယ်လေးကို ကျေးဇူးတင်ကြောင်းနဲ့ ချီးမွမ်းစကားပြောတော့ ညီငယ်က ဒါဟာ အဖေ့အကြံသာလျှင်ဖြစ်ကြောင်းနဲ့ မိမိက ဖခင်ဖြစ်သူကို အစ်ကိုတွေတားမြစ်တဲ့ကြားက ခေါ်လာကြောင်းကို ရှင်းပြတယ်။ အစ်ကိုဖြစ်သူတွေကလည်း ဖခင်ကိုတွေ့သွားကြပြီး တောင်းပန်ကြသတဲ့။ ညီငယ်လေးကိုလည်း ဝိုင်းဝန်းချီးမွမ်းကြတယ်။ သားငယ်လေးက ဉာဏ်ပညာလည်းရှိသလို မိဘအပေါ်မှာလည်း ရိုသေလေးစားတာရဲ့ အကျိုးကျေးဇူးတွေပေါ့။
မိဘဆိုတာ ဘုရားသခင်က သူ့ကိုယ်စားပေးထားတဲ့ လက်ဆောင်တခုမို့ တန်ဖိုးထားပါ။ ဒါကြောင့်မလို့ ကလေးတို့ကလည်း မိဘတွေအပေါ်မှာ ရိုသေလေးစားကြပါလို့။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကဗျာများ၊ ဆက်အေးများ၊ ဓမ္မရေးရာစာစုများနှင့် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)