နာခံတတ်ခြင်း၏ ဆုလာဘ်

အမိန့်စကားကို နာခံတတ်တဲ့ လူအတွက် ဆုလာဘ်တွေ အများကြီး ရှိနေပါတယ်ဆိုတာ သင်ရော ကျွန်ုပ်ပါ သိပြီးသားပါ။

တယောက်ယောက်က အမိန့်ပေးလာခဲ့ရင် နာခံတတ်ဖို့ မေ့လျော့နေခဲ့တာလား၊ နာခံဖို့ ခက်ခဲတာလား သေချာမသိပေမဲ့ လူရယ်လို့ ဖြစ်ကတည်းက အမိန့်တွေ စေခိုင်းချက်တွေကို နာခံဖို့ လူတယောက်အနေနဲ့ ခက်ခဲတာပဲမဟုတ်လား။

သူများနှုတ်က ထွက်လာတဲ့ လုပ်လိုက်၊ သွားလိုက်၊ စားလိုက်ဆိုတဲ့အမိန့်စကားတွေကို မုန်းတီးတတ်ကြတယ်။ကိုယ်တိုင်ကျတော့ လိုက်နာဖို့ခက်ခဲသလောက် သူများကို အမိန့်ပေးချင်တာကလဲ လူတွေရဲ့ စိတ်သဘော တခု။

ဘုရားသခင်ကပေးတဲ့အမိန့်ကိုတောင် ရှောင်ဖယ်ဖို့ ကြိုးစားနေတဲ့လူတွေလည်း လူတွေပါပဲ။ 

သမ္မာကျမ်းစာမှာ ဘုရားသခင်ပေးတဲ့ အမိန့်ကို နာခံသူနဲ့ မနာခံသူတို့ရဲ့ လမ်းဆုံးကို ရှင်းရှင်းလင်းလင်းတွေ့ရတယ်။ 

ဘုရားသခင်ရဲ့ ပထမဆုံး ပညတ်၊ ပထမဆုံးအမိန့်ကို ချိုးဖောက်ခဲ့တဲ့အတွက် အာဒံနဲ့ ဧဝဟာ ဧဒင်နဲ့အဝေးဆုံးကို ထွက်ခွာခဲ့ရသလို ဆင်းရဲဒုက္ခဆိုတဲ့အရာနဲ့ မိတ်ဆက်ခဲ့ရတယ်။

အမိန့်ကို နာခံတတ်လွန်းတဲ့နောဧကတော့ ဒီကမ္ဘာကြီးတခုလုံးထဲကတောင် ရေလွှမ်းမိုးခြင်းဘေးဒဏ်ကနေ ချမ်းသာရခဲ့တယ်။ 

မကောင်းတာကို အမိန့်ပေးရင်တော့ အလွယ်တကူ နာခံတတ်ပြီး ကောင်းတဲ့အရာကို အမိန့်ပေးရင် လွှဲရှောင်တတ်တာက လူသားတွေရဲ့ ဗီဇတခုဖြစ် နေသေးတယ်။ အမိန့်ပေးသူက စာတန်ဆိုရင်တော့ လုံးဝကို လွဲရှောင်ရမှာဖြစ်တယ်။

စာတန်ရဲ့အမိန့်ကို နာခံခဲ့တဲ့ ရှောလုမင်းကြီးဟာ ဘုရားသခင်ရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး ဒုက္ခအတိရောက်ခဲ့ရတာ ကြောက်စရာကောင်းတဲ့ လှည့်စားခြင်းခံရတာဟာ မကောင်းတဲ့အမိန့်ကို လက်ခံလိုက်နာခဲ့လို့ဆိုတာ သတိထားဆင်ခြင်စရာပြယုတ် ဖြစ်ခဲ့တယ်။

မကောင်းတဲ့အမိန့်တွေ မကောင်းတဲ့စေခိုင်းချက်တွေကို ဘုရားသခင်ရဲ့ အင်အားနဲ့ ရှောင်ထွက်လာပါ မိတ်ဆွေ။

အမိန့်တွေကို နာခံတတ်တဲ့ လူတွေ အများကြီးထဲမှာ ဘုရားသခင်ရဲ့ အမိန့်စကားကို တခါမှ မငြင်းပယ်တဲ့လူတွေ အတုယူလိုက်တဲ့ လူတွေကို သမ္မာကျမ်းစာထဲမှာရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

အာဗြဟံ

ဘုရားသခင်က သူ့ရဲ့တယောက်တည်းသောသားကို ပူဇော်ဖို့ အမိန့်ပေးလာတဲ့အခါ သူ့ရဲ့နာခံခြင်းနဲ့ယှဉ်တဲ့ ယုံကြည်ခြင်းကြောင့် သားအစား သိုးငယ်ကို ခြုံမှာငြိစေရုံသာမက ယုံကြည်ခြင်းရဲ့ဖခင်အဖြစ် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ခံရသလို ဣသရေလလူမျိုးတွေရဲ့ ဘိုးဘေးအဖြစ် ဘယ်တော့မှ မဖျောက်ဖျက်တဲ့ သမိုင်းမှတ်တမ်းဝင်ခဲ့သူဖြစ်ခဲ့တယ်။

မယ်တော်မာရိ

မယ်တော်မာရိဟာ အပျိုစင်တယောက်ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ သားယောကျ်ားကိုမွေးဖွားရမယ်ဆိုတဲ့ အမိန့်စကားကို လုံးလုံး နာခံခဲ့တဲ့အတွက် သခင်ခရစ်တော်ရဲ့ မယ်တော်အဖြစ်သာမက ဘုရားသခင်အတွက်ဆို အရာရာပေးဆပ်ရဲတဲ့ အမျိုးသမီးအဖြစ် သမိုင်းတင်ဂုဏ်ပြုခြင်းခံရတယ်။

မောရှေ

မောရှေကြောင့် ကျွန်အဖြစ် ကနေ ရွေးနှုတ်ခြင်းခံရသလို အာဗြံဟံကြောင့် ဘုရားသခင်၏လူမျိုးတော်ဖြစ်လာသလို မယ်တော်ရဲ့ မာရိ နာခံခြင်းကြောင့် ကမ္ဘာလောကသားတွေ အပြစ်ငရဲက လွတ်မြောက်ခြင်းကျေးဇူးတော်ကို ခံစားရစေတယ်။

ရှင်ပေတရု

တံငါသည်တယောက်ဖြစ်နေတဲ့ပေတရု ဘုရားသခင်ရဲ့အမိန့်ကိုတော့ နာခံတတ် ခဲ့တယ် သခင်ယေရှုက 'ပေတရု၊ ရေနက်ရာရွှေ့ ပိုက်ကွန်ကိုချပါ'လို့ အမိန့်စကားဆိုတဲ့အခါ ပေတရုက 'တညလုံး ကြိုးစားပြီးပြီ။ ငါးတကောင်,တောင်မရသေးဘူး။ ဒါပေမဲ့ သခင်အလိုရှိရင် ချက်ချင်းလုပ်မယ်'လို့ပြောပြီး နာခံခဲ့သလို သခင်က 'ပေတရု ငါ့နောက်သို့လိုက်ပါ'လို့ ပြောတဲ့အခါ ချက်ချင်း ထလိုက်သွားတဲ့အထိ အမိန့်တော်၊ စကားတော်ကို နာခံခဲ့သူဖြစ်တယ်။

နာခံခြင်းကြောင့် လူသားတွေကို ဖေးမနိုင်သလို နာခံခြင်းကြောင့် မိမိလူတွေ ကောင်းစားခဲ့တယ်။

နာခံခြင်းကြောင့် လူမျိုးတော် တွေ ကျွန်အဖြစ်က လွတ်ခဲ့တယ်။

နာခံခြင်းကြောင့်ပဲ လောကသားတွေအားလုံး အပြစ်ငရဲက လွတ်မြောက်ခွင့်တွေ ရခဲ့တယ်။

ဘုရားသခင်ရဲ့အမိန့် သခင်ခရစ်တော်ရဲ့ ပညတ်တွေကိုနာခံလိုက်လျှောက်ခဲ့မယ်ဆိုရင် အကြီးဆုံးဆုကျေးဇူးဖြစ်တဲ့ ထာဝရအသက်ရှင်ခြင်းနဲ့ အပြစ်မှ ကင်းလွတ်ခွင့်တွေ ရရှိမှာဖြစ်တယ်။ မိတ်ဆွေ 

သင်ရော ဘုရားသခင်ဆီက သခင်ခရစ်တော်အားဖြင့်ပေးတဲ့ ကယ်တင်ခြင်းဆုကို နာခံလိုက်လျှောက်ခြင်းရဲ့ ဆုအဖြစ်ယူဖို့ ပြင်ဆင်ပြီးပြီလား။ 

အချိန်မနှောင်းသေးခင် ပြင်ဆင်ထားဖို့ မမေ့လိုက်ပါနဲ့။


မာန်လေးနွယ်

(စာရေးသူ မာန်လေးနွယ်သည် ကဗျာများ၊ ဆက်အေးများ၊ ဓမ္မရေးရာစာစုများနှင့် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)