တစ်ခန်းရပ် ဇာတ်

အစရှိတယ်

အဆုံးရှိမယ်

အရွေ့တိုင်းကို သယ်ဆောင်သူဟာ 

ကိုယ်ကိုယ်တိုင်ပဲဖြစ်ချင်ခဲ့


လှပခြင်းမှတ်တိုင်မှာ ခဏဖြစ်ဖြစ်ဝင်နားနိုင်ဖို့

အရာရာတိုင်းမှာ အနည်းဆုံးတော့

အချစ်နဲ့စပြီး

အမုန်းကို ကွင်းမယ်

တကယ်တော့ . . . ဒါဟာ 

ဆန္ဒနဲ့ လက်တွေ့

တစ်ထပ်တည်းကျဖို့ ကြိုးစားနေတဲ့အရာထဲကတစ်ခု


တိုက်စားခံလိုက်ရတဲ့ ဘဝအပိုင်းအစတွေနဲ့

လက်ထဲရောက်မလာသေးတဲ့ အိပ်မက်သစ်တွေ

ရလဒ်ကိုချိန်ထိုး

အဖြေတွေညီပါစေပေါ့ . . .


လာပါ မိတ်ဆွေတို့

ရောက်လာတော့မယ့် လှပခြင်းမှတ်တိုင်မှာ

ခဏဖြစ်ဖြစ် မှတ်မှတ်ရရ ခိုနားဖို့

ပြင်ဆင်ကြစို့။


လိုင်ဂျီယာ (မိုးကုတ်)

(ကလောင်ရှင် လိုင်ဂျီယာ (မိုးကုတ်)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)