ထုထည်ကြီးတဲ့
အမှောင်ကို တိုက်ထုတ်ဖို့
အမှောင်ထဲတိုးရင်း
ကိုယ်ပိုင်အလင်းပျောက်သွားလို့ ဖြစ်မလား
ကြည့်တိုင်းမမြင်ရတဲ့
ရှေ့ရေးဆိုတာကို
ရေးရေးလေးမြင်ဖို့ ကုတ်ခြစ်
ကွာကျလာတဲ့ အရေခွံတွေအတွက်
ရခဲ့တဲ့ အနာတရတချို့က တန်တယ်ဆိုရမလား
ကိုယ်လျှောက်ရမယ့်လမ်း
အမည်မသိသေးတဲ့ လမ်းတွေ . . .
မရင်းနှီးသေးတဲ့ လမ်းတွေ . . .
ရွေးစရာလမ်းတွေကအများသား
ဟော!!!
ရှေ့မှာ
ရပ်၊
ကြည့်၊
သွား၊ . . . တဲ့
အချိန်အတော်ကြာအောင် ရပ်ကြည့်နေမိပြန်တယ်။ . . .။
လိုင်ဂျီယာ(မိုးကုတ်)
(ကလောင်ရှင် လိုင်ဂျီယာ (မိုးကုတ်)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)