တရားမျှတမှု

ဘယ်မှာလဲ တရားမျှတမှု။

အားနည်းတဲ့အခါ၊ အကျည်းအကြပ်ထဲမှာ တောင့်တမိတယ်။

ကြုံလာသမျှ ဘဝသင်ခန်းစာရယ်လို့ နှလုံးသွင်း

ဘုရားသခင် ငါ့တို့ကို ဘာသင်ပေးနေသလဲ။

အားကြီးတဲ့အချိန် ငါတို့ဘာလုပ်နေမိလဲ။

ဆိုကရေတီးလို ဒီနေ့သုံးသပ်ဆင်ခြင်နေမိတယ်။


ကျဥ်းမြောင်းတဲ့အမြင်နဲ့ တရားမျှတမှုကိုဖွင့်ဆို

လူလုပ်ဥပဒေတွေ၊ လူလုပ်နယ်နမိတ်တွေကို အရေးလုပ်လို့ ဘုရားသခင့်ဥပဒေသကို မေ့လျော့ခဲ့ကြတယ်။

ဖိနှိပ်ခံရသူတို့အော်ဟစ်သံကို ကြားဖို့နားမရှိခဲ့တာလည်းအမှန်၊ မတရားခံရတာကို မြင်ဖို့ မျက်လုံး မရှိခဲ့တာလည်းအမှန်၊ ကြောက်ရွံ့အားနည်းတဲ့သူတွေအတွက် ရပ်တည်ပေးဖို့ မေ့နေခဲ့ မေ့နေဆဲ။ 


နှစ်(၇၀)ကျော် မတရားမှုတွေက စစ်ပွဲရှိရာဒေသတွေမှာ တပုံတပင် ရေတွက်မရ။ 

ဒါကိုပဲ တရားမျှတမှုရယ်လို့၊ တရားသောစစ်ရယ်လို့ မြင်ပြခဲ့ကြတယ်။

အနီးဆုံးဥပမာပေးရရင် ရိုဟင်ဂျာတွေကို မုန်းခဲ့ဖူးတယ်။

သူတို့ကိုယ်သူတို့ နာမည်ခေါ်ဆိုခွင့်ကိုတောင် ငြင်းခဲ့ကြဖူးတယ်။

ဖြစ်နိုင်ရင် သူတို့ဖြစ်တည်ခွင့်ကို မတော်မတရား တွေးကြံဖူးတယ်။

ဒါကိုပဲ တရားမျှတမှုရယ်လို့ မြင်ခဲ့ကြပြန်တယ်။


မတရားတဲ့ လူလုပ်ဥပဒေတွေနဲ့ လူသားတွေကို ဒုက္ခပင်လယ် ဝေစေခဲ့တယ်။

လူမျိုးမတူ၊ ဘာသာမတူ၊ သာသနာမတူဘူးလို့ပဲ မြင်ဖို့ သင်ကြားခံခဲ့ရတယ်။

ဘုရားရဲ့ဥပဒေသတွေကို တွေးကြည့်ဖို့တောင် အချိန်မရခဲ့ကြဘူး။

ကျောင်းတွေမှာ ဘွဲ့တွေအလီလီ ဂုဏ်ထူးထွက်ကြပေမယ့် သီသြလော်ဂျီတွေ အမျိုးစုံဆွေးနွေးကြပေမယ့် တရားမျှတမှုကို သင်ယူနိုင်ခြင်း မရှိခဲ့ကြပါဘူး။


မတရားတာလုပ်တဲ့သူတွေက သိပ်ကိုလည်တယ်။

မတရားတာကို ဝှက်ထားဖို့ နေရာကောင်း တွေရှာတွေ့ခဲ့တယ်။

ဘာတဲ့ "... အမျိုး၊ ဘာသာ၊ သာသနာ ..."

အဲ့ဒီအရာတွေကပဲ ငါတို့ကို မျက်စိပိတ်၊ နားပိတ်စေခဲ့တယ်လေ။ 

မတရားမှုတွေဟာ အမျိုး၊ ဘာသာ၊ သာသနာ ခေါင်းစဥ်အောက်မှာ မတရားသဖြင့်ခံရတဲ့အသံတွေ တုန်ရီ တိတ်ဆိတ်ကုန်ပါတယ်။


ဒါပေမယ့် ဘုရားသခင်က သင်ပေးနေဆဲ။

ဘယ်သူမှ မပြည့်စုံဘူး၊ ဘယ်သူမှ ပိုမမြင့်မြတ်ဘူး။

လူသားချင်း တရားမျှတစွာ ဆက်ဆံကြရမယ်လို့ ဆိုပြီးတော့ပေါ့။ 

ကျမ်းစာအုပ်နဲ့ မလုံလောက်တော့တဲ့အခါ အတွေ့အကြုံတွေထဲကနေ နေ့စဉ်သင်ပေးတယ်။

မတရားတဲ့အရသာကိုသိဖို့ မတရားလုပ်တဲ့သူတွေနဲ့ ပေးတွေ့တယ်။


ကျွန်တော်တို့ ဖြစ်တည်မှုကို ခြိမ်းခြောက်ပြီဆိုရင် စိတ်ထဲမှာ တရားမျှတမှုကို တောင့်တမိတယ်မဟုတ်လား။

ကြုံလာသမျှ ဘဝသင်ခန်းစာရယ်လို့ နှလုံးသွင်း လူလုပ်ဥပဒေတွေကို ကျော်လွန်ပြီးတော့ အဖဘုရားရဲ့ ဥပဒေသကို နားလည်နိုင်ပါစေ။ 


မိုက်မှားမိသမျှ နှလုံးသွင်းဆင်ခြင်ခွင့်နှင့် နောင်တရ၍ စိတ်နှလုံးပုံသဏ္ဍန် ပြောင်းလဲစေပါဘုရား။


တရားမျှတမှု

ကိုယ်တော်သင်ပေးတဲ့ အရာကိုခံစားနားလည်မိဖို့ဆိုရင်တော့ အချိန်နဲ့ ဘဝအတွေ့အကြုံလိုတယ်။

နေနိုင်လွန်းတယ်လို့ထင်ရတဲ့ ကိစ္စတွေက တရားမျှတမှုအလား-

သူတို့အလှည့်မှာ ကိုယ်နေနိုင်ခဲ့တာ သတိရစေတယ်။


မိုက်မှားမိသမျှ နှလုံးသွင်းဆင်ခြင်ခွင့်နှင့်

နောင်တရ၍ စိတ်နှလုံးပုံသဏ္ဍန်ပြောင်းလဲစေပါဘုရား။


ကိုဂျေ

(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)