၂၀၂၁ ဆုတောင်း

အဖဘုရား ...

လူမိုက်တို့သည် အပေါင်းအသင်း ရောင်းရင်းများနှင့် အင်အားအလွန်ကြီးပါ၏။ ဥပဒေလေးစားဟန် အသွင်ယူကြ၏။ သူတို့သည် ငွေကြေးလည်းတောင့်ပါ၏။ လက်နက်လည်းပိုင်ဆိုင်ပါ၏။ တရားမျှတမှုကို လစ်လျူရှုကြသော မတရားသောအပေါင်းအသင်းတို့သည် သူတို့နှင့်အတူ လက်တွဲကြလေပြီ။ ရာထူးရာခံများ ယူကြလေပြီ။သူတို့သည် မျက်နှာခက်ထန်လေပြီ။  ပြည်သူပြည်သားတို့ကို ညှည်းဆဲရန် ဂိုဏ်းဖွဲ့ကြလေပြီ။ ဘုရားသခင်အပ်နှင်းထားသော လူသားတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ လွတ်လပ်ခွင့်အား ကန့်သတ်ချုပ်ခြယ်ရန် လက်မနှေးကြပြီ။ လူ့အသက်ကို သတ်ဖြတ်ရန် ဝန်မလေးကြပြီ။ 

အိုအဖဘုရား ... ကျွန်တော်မျိုးတို့မှာ လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှပင် မရှိပါ။ ကိုယ်တော်၏ အကြံအစည်တော်နှင့် မေတ္တာတော်ကိုသာ ကိုးစားပါမည်။ ဤမြေမှာ ကိုယ်တော်အုပ်စိုးတော်မူပါ။အာဏာသိမ်း နတ်ဆိုးအား နှင်ထုတ်တော်မူပါ။ ကျွန်တော်တို့ အားကိုးစွာခေါ်ပါ၏။ နားညောင်း၍ ဖြေတော်မူပါ။

အနိုင်ကျင့်ခံရသော သူတို့အား သနားကြင်နာတတ်သော အဖဘုရား ...။
ဒုက္ခရောက်သောအခါ ခိုလှုံအားထားရာ အသက်ရှင်တော်မူသော ဘုရား ...။
အနိုင်ကျင့်ခံ၊ အသတ်ဖြတ်ခံ မြန်မာပြည်သူပြည်သားတို့အား သနားတော်မူပါ။

လူသားတို့၏ လွတ်လပ်ခွင့်ကိုချိုးဖောက်သော၊ လူ့အသွေးကိုဆာငတ်သော လူမိုက်နှင့် အပေါင်းပါတို့၏ မတရားသော အကြံအစည်တို့ကို အထမမြောက်ပါစေနှင့်။ သူတို့၏ မာန်မာနကို ချိုးတော်မူပါ။ ဓမ္မသည် အဓမ္မအားနိုင်ရသောအခွင့်၊ တရားမျှတမှုကြီးစိုးသောကာလ၊ ငြိမ်ဝပ်ရသောအခွင့်ကို မြန်မာပြည်သူပြည်သားတို့အား ပေးသနားတော်မူပါ။ အာမင်။ 


ကိုဂျေ

(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)