ကိုယ်တော်ဘုရားလောကသို့ကြွဆင်းလာတာ ငြိမ်းချမ်းငြိမ်သက်ခြင်းကို ယူဆောင်လာပါသတဲ့ ...။ ကိုယ်တော်က ပြောခဲ့ပါသေးတယ်...။ "ငါက စီရင်ဖို့လည်း လာပါသတဲ့" ဘယ်ဟာကို ယုံစား ဘယ်ဟာကို အမှတ်ထားရမှာလဲလို့ ဝေခွဲမရတဲ့ ခံစားရမှုက တလိမ့်လိမ့်တက်လာ...။ အခုတော့လေ ...။
ကိုယ်တော်ဘုရားရဲ့ စပါးတွေက တရားမျှတလှပါတယ် ...။
ငြိမ်းချမ်းငြိမ်သက်ခြင်က အငယ်ဆုံးသောသူအတွက်ပါ ...။
တရားစီရင်ခွင့်က ကိုယ်တော့်လက်ထဲမှာ ...။
ကိုယ်လုပ်နိုင်တာကိုယ်လုပ်ကာ ငြိမ်းချမ်းစွာသာ ပါဝင်ပါ ...။ အနာဂါတ်အရေး၊ သာသနာ့အရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးအရေးပဲလို့ တွေးကြမှာအမှန်ပါပဲလေ ...။
၂၀၂၀ပြည့်နှစ်မှာတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရလေအောင် ... ကိုဗစ်-၁၉က နှိပ်စက်ခဲ့ပြီ။
၂၀၂၁ခုနှစ်အစမှာတော့ နိုင်ငံရေးအခြေအနေကြောင့် အိမ်ထဲကနေ အပြင်ထွက်ခဲ့ရပြီလေ ...။ အိမ်ထဲအောင်းတုန်းကလည်း သောကနဲ့ ... အိမ်ပြင်ထွက်တော့လည်း သောကနဲ့ ... ဘယ်လိုအခြေအနေကမှ မကောင်းနိုင်တဲ့အခါ ... ရင်ထဲမှာ ငြိမ်သက်ခြင်းတွေ ပျောက်ကွယ်လုလု ခံစားခဲ့ရတယ် ...။
ဆာလံ ၁၄၀ဖတ်ရွတ်ကြပါဆိုလို့ ဖတ်ရွတ်မိပြန်တယ်။ ဟုတ်သလိုလို ရှင်မဿဲ ၅း၃၉-၄၈ကို ဖတ်ကြပါတဲ့။ ဒါလည်း မှန်နေတာပဲ ...။
သမ္မာကျမ်းစာက အလွန်တရားမျှတလှပါတယ် ...။
ထိုခေတ်၊ ထိုအခြေအနေ၊ ထိုကာလ၊ ထိုအတွေးအခေါ်များအားလုံးက ယနေ့ခေတ်အသက်အရွယ်အလိုက်အထိ လေးနက်မှုကို ဖြစ်စေနေတုန်းပါ ...။
လူငယ်နဲ့ လူကြီးလို့ ပိုင်းခြားထားကတည်းက သဟဇာတဖြစ်ဖို့ မလွယ်ကူမှန်းသိတယ်။ ဒါပေမဲ့ ... လူကြီးတွေက လူငယ်တွေကို အားကျ၊ အားပေးပြီး လူငယ်တွေက လူကြီးတွေကို လေးစား နာခံလိုက်တဲ့အခါ ... ရင်ကြားစေ့သွားပြီ ...။ ဒါက ဥပမာတခုပဲ ရှိသေးတယ်။ နောက်ထပ် နောက်ထပ် ဥပမာများစွာကို ထပ်ဖြည့်စဉ်းစားနိုင်ခဲ့ရင် ... ကမ္ဘာကြီး ငြိမ်းချမ်းသွားလိမ့်မယ်။
ကိုဗစ်တုန်းကလည်း တနေ့ခရီးတနေ့အပြီးအထိ ဘုရားအားကိုးပြီး နေခဲ့ရတယ်။ အခုတော့ ပုံစံတမျိုးနဲ့ စိုးရိမ်ရပြန်ပြီကိုယ်တော် ...။
ဆိုးရွားတဲ့ခေတ်အခြေအနေထဲမှာလည်း တနေ့ခရီးတနေ့အပြီးအထိ ဘုရားကိုပဲ အားကိုးနေရပါတယ် ...။
လူသားအားလုံးကို ကျန်းမာခြင်းပေးတော်မူပါ ...။
လူသားအားလုံးကို ငြိမ်သက်ခြင်းပေးတော်မူပါ ...။
လူသားအားလုံးကို ဘုရား၌ သိကျွမ်းခြင်းပေးတော်မူပါ ...။
ကိုယ်တော်ဘုရားကလွဲ၍ ကယ်မည့်သူမရှိပါ ...။
ကိုယ်တော်ကိုသာ အားကိုးရာ ...
ကိုယ်တော်ကိုသာ ခိုလှုံရာ ...
ကိုယ်တော်ကိုသာ ယုံကြည်ရာ ...
ကိုယ်တော်ကိုသာ ချစ်စေပါ ...
ကိုယ်တော်သည်သာ ယုံကြည်ရာ ...
ကိုယ်တော်သည်သာ မျှော်လင့်ရာ ...
ကိုယ်တော်သည်သာ ချစ်မေတ္တာ ...
လူသားတိုင်းငြိမ်းချမ်းစေမူပါ ...။
အယ်ဒီတာ