မနေ့ညက တညလုံးအိပ်မရတာကြောင့် မနက်မှာ အိပ်ချင်မူးတူးပဲ ဖြစ်နေပါတယ်။ ကျနော့်အိမ်ခေါင်မိုးကိုလည်း အဝေးကနေ ခဲလုံးနဲ့ လှမ်းပစ်ခံရပါတယ်။ လူဆိုးတွေက ရန်စတာ၊ ထိန့်လန့်အောင် လုပ်တာပါပဲ။ ခွေးကလည်းဟောင်၊ လူလည်းတရုန်းရုန်းနဲ့ လုံခြုံရေး ကင်းစောင့်ကာကွယ်နေရတဲ့ ညတညပေါ့။ မနက်မှာတော့ မိသားစု ဆုတောင်းစည်းဝေးလုပ်ကြပါတယ်။ အဲဒီမှာဆင်ခြင်ဖို့ နှုတ်ကပါတ်တော်ဖတ်နေတာက ဆာလံ ၂၇ ကိုဖတ်ဖို့ အလှည့်ရောက်လာပါတယ်။
တိုက်ဆိုင်လို့ နည်းနည်းပြောပြရရင် သမ္မာကျမ်းမြတ် ၆၆အုပ်ထဲမှာ ကျနော့်အတွက် အကြိုက်ဆုံးကျမ်းစာအုပ်ကို ညွှန်းပါဆိုရင်တော့ ဆာလံသီချင်းတွေပဲလို့ ဆိုချင်ပါတယ်။ အကြောင်းကတော့ ဆာလံသီချင်းက လူသားတယောက်ရဲ့ ဘဝဒုက္ခ၊ သုခတွေကိုဖွင့်ဟသံ၊ ဘုရားသခင်ကိုခေါ်သံ၊ ဘဝလမ်းညွှန်တွေနဲ့ ပြည့်နှက်နေလို့ဖြစ်ပါတယ်။
တချို့နေရာတွေက ချီးမွမ်းကျူးဧသံတွေက သိပ်ပြီးခမ်းနားနေသလို၊ တချို့နေရာတွေမှာတော့ ဆဲတာ၊ ကျိန်တာတွေက ကြက်သီးထလောက်အောင် ပြင်းထန်လှပါတယ်။ ဘဝရဲ့အနိမ့်အမြင့်၊ ပတ်ဝန်းကျင်အပြောင်းအလွဲအတိုင်းပဲ ဆာလံသီချင်းက ရင်ထဲအရောက်တိုးဝင် ထိခတ်နိုင်စွမ်းပါတယ်။ စာပေ အနုပညာခံစားတတ်တဲ့ နှလုံးသားရှိတဲ့ ကျနော် သီချင်းတွေ၊ အနုပညာလက်ရာတွေကို ကြိုက်တာ မဆန်းပါဘူး။ ဆန်းတာကတော့ ဆာလံသီချင်း အနုပညာလက်ရာတွေထဲမှာ ဘုရားသခင်ဆီကအရင်းခံလာတဲ့ အကောင်းဆုံးဘဝလမ်းညွှန်တွေပါနေတာပါပဲ။ မိတ်ဆွေလည်း ဖတ်ရှုဆင်ခြင်ကြည့်ရအောင်။
(ဆာလံ ၃၇း၁-၁၅)
- လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။
- အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။
- ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။
- ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သူတို့ပြုလျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။
- ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင်စီရင်တော်မူမည်။
- သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည်ကဲ့သို့၎င်း၊ ဘော်ပြတော်မူမည်။
- ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။
- အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သောစိတ် မရှိစေနှင့်။
- ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။
- ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။
- စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။
- မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
- သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။
- မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက်၊ လေးကိုတင်လျက် နေတတ်ကြ၏။
- သို့သော်လည်း၊ သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။
ဒီသီချင်းကဗျာထဲမှာတော့ မတရားသောသူ၊ လူဆိုးတို့ကတဖက်၊ ထာဝရဘုရားကို ငံ့လင့်သော လူကောင်းတို့က တအုပ်စုတွေ့ရပါတယ်။ မတရားသောသူတွေရဲ့ ကာရိုက်တာတွေဖော်ပြထားသလို၊ သူတို့ကဆိုးညစ်သောအမှုကို ပြီးစီးစေတတ်တာတွေကိုလည်း ဖော်ပြတယ်။ မတရားတဲ့ကိစ္စတွေ အထမြောက်တယ်ဆိုမှတော့ လူကောင်းတွေ ခံရတဲ့အလှည့်ပဲပေါ့။ မတရားတဲ့သူတွေရဲ့ ကာရိုက်တာကို အငယ် ၁၄ မှာ စုစုစည်းစည်း ဖော်ပြတားတာ တွေ့ရတယ်။ "မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက်၊ လေးကိုတင်လျက် နေတတ်ကြ၏။"
တzက်မှာ တရားသဖြင့်နေတဲ့သူတွေကိုလည်း လမ်းညွှန်မှုတွေ၊ မျှော်လင့်စရာတွေ ဖော်ပြတယ်။ မတရားတဲ့သူတွေကြောင့် စိတ်မပျက်ဖို့၊ ဘုရားကိုမျှော်လင့်ပြီး ကောင်းတာလုပ်နေဖို့တိုက်တွန်းတယ်။ အထင်ကရလမ်းညွှန်ချက်ကတော့ အငယ်၈ "အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။" ဆိုတာပဲဖြစ်ပါတယ်။
မနေ့ညတွင်းက အဖြစ်တွေကိုပြန်ပြောရရင် လူဆိုးတွေရဲ့ အပေါင်းပါတွေက ပြည်သူပြည်သားတွေ စိတ်ခြောက်ခြားစေဖို့၊ အဆောက်အဦး မီးကွင်းပစ်တာ၊ သောက်ရေအဆိပ်ခတ်တာ၊ ချောင်းမြောင်း ခိုးလုဖို့ ကြံတာ၊ မူးယစ်ဆေးဝါးသယ်တာ စသည်ဖြင့် ဆူပူမှုကို ဖန်တီးပါတယ်။ ရပ်ကွက်သားတွေက တစ်ချို့ကို မဖမ်းမိဘူး။ တစ်ချို့ကိုတော့ ဖမ်းမိတာ ရှိပါတယ်။ တကယ်တမ်းဖမ်းမိတဲ့သူတွေကလည်း ဆင်းရဲသား ကျောမွဲရုပ်တွေ၊ ဆေးကွဲနေတဲ့ရုပ်တွေပဲဖြစ်နေပါတယ်။ စိတ်တိုလို့ သူတို့ကို ထုရိုက်ပြန်ရင်လည်း သေတာပဲရှိမယ်။ သနားစရာကောင်းပါတယ်။ သူတို့က နောက်ကွယ်ကလက်မည်းကြီး၊ ယုတ်ညံ့သော လူဆိုး၊ မတရားသောသူတို့၏ အသုံးချခံတွေပဲဖြစ်ပါတယ်။ (တချိန်တည်း၊ တပြိုင်နက် ဒီလိုလုပ်ဖို့ဆိုတာ လူအင်အား၊ ငွေအင်အားရှိတဲ့ စီစဉ်ညွှန်ကြားသူ ရှိကို ရှိမှာသေချာပါတယ်)
ဒီလိုမတရားမှုကိုခံရတဲ့အခါ၊ လူဆိုးတို့ကို ရင်ဆိုင်ရတဲ့အခါ ဆာလံဆရာရဲ့ ဘဝအတွေ့အကြုံလမ်းညွှန်ချက်သတင်းစကားကတော့ စိတ်မပျက်ဖို့၊ ကောင်းတာဆက်လုပ်ဖို့၊ စိတ်မဆိုးဖို့ပဲ။ တနည်းပြောရရင် မျှော်လင့်ချက်မဲ့ အထိန့်တလန့် မဖြစ်ဖို့၊ ကောင်းတာဆက်လုပ်နေဖို့နဲ့ စိတ်ဆိုးပြီး မတုံ့ပြန်ဖို့လို့ နားလည်ရပါတယ်။ စိတ်ဆိုးလို့ စိလိုက်မာန်ပါလုပ်မိရင် ကိုယ်ပါအပြစ်သင့်မယ်ဆိုတာပါပဲ။ ကိုယ့်ကိုအပြစ်ထဲ ဆွဲခေါ်သွားနိုင်တာက ကိုယ့်ဒေါသကို ကိုယ်မထိန်းနိုင်တဲ့အချိန်ပဲပေါ့။
နှစ်ပေါင်း ၃၀၀၀ အထက်က သီချင်းပေမယ့် မနေ့ညကပဲ ရေးထားတဲ့ ကဗျာသီချင်းလို အသက်ဝင်လှပါတယ်။ လူဆိုးတို့ရဲ့ကာရိုက်တာက ဟိုးတုန်းကလည်းဒီလိုပဲ၊ အခုလည်းဒီလိုပဲဆိုတာတွေ့ရတယ်။ လူကောင်းတွေ ကြုံရတာကလည်း ဟိုးတုန်းကလည်း ဒီလိုပဲ၊ အခုလည်း ကဗျာထဲကအတိုင်းပါပဲ။ လက်ရှိမြန်မာပြည်ရဲ့ အနေအထားကို ရေးဖွဲ့ထားသလားတောင် ထင်မှတ်ရပါတယ်။ ဒီလိုအခင်းအကျင်းတိုက်ဆိုင်မှုမှာ တကယ်သုံးလို့ရတဲ့ လမ်းညွှန်ကတော့- "စိတ်မပျက်ဖို့၊ ကောင်းတာဆက်လုပ်ဖို့၊ စိတ်မဆိုးဖို့" အချက်တွေလို့ယူဆပါတယ်။
မနက်ပိုင်းမှာ မိသားစုကျမ်းစကားလမ်းညွှန်ချက်ကို ဖတ်ကြားဆင်ခြင်အပြီးမှာတော့ တညလုံး စိတ်မသာ ညည်းတွားမှု၊ ထိန့်လန့်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လက်နှင့်ယူပစ်သလို သက်သာပေါ့ပါးစေပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ စိတ်မဆိုးသင့်ဘူး။ ငါတို့ပဲပင်ပန်းမယ်။ ငါတို့ပဲအပြစ်လုပ်မိလိမ့်မယ်။ ငါတို့မျှော်လင့်ချက်မမဲ့သင့်ဘူး။ ငါတို့ကောင်းတာ ဆက်လုပ်နေသင့်တယ်။ လူဆိုးက သူ့အကြံအောင်ပေမယ့် မကြာမမြင့်မီ ... စီရင်မှုကို ခံရလိမ့်မယ်လို့ ခက်ခဲတဲ့နေ့ရက်တွေအတွက် ဘဝလမ်းညွှန်မှုတွေ၊ ယုံကြည်စိတ်ချမှုတွေနဲ့ မျှော်လင့်ချက်တွေ ပြည့်ဝလာပါတော့တယ်။
မနက်မှာသောက်နေကျ ကော်ဖီခါးခါးလေးတခွက်နဲ့ အာရုံတွေကိုလှုပ်နိုးမိသလို၊ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးဆိုးလေးကြောင့်ပဲ သီသြလော်ဂျီက ပိုမိုလတ်ဆတ်လာပါတယ်လို့ ဆိုချင်ပါတယ်။
"စိတ်မပျက်ဖို့၊ ကောင်းတာဆက်လုပ်ဖို့၊ စိတ်မဆိုးဖို့"
ဟုတ်ကဲ့ပါ။ မနက်ပိုင်း နှုတ်ကပါတ်တော်လမ်းညွှန်မှုခံယူပြီးနောက်မှာတော့၊ နံပြားတချပ်၊ ကော်ဖီခါခါးတခွက်ရယ်နဲ့ နေ့သစ်ကို ရင်ဆိုင်ဖို့ ကျနော် အသင့်ဖြစ်နေပါပြီ။
ကိုဂျေ
(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)