နိဒါန်း
ကျနော်တို့အားလုံးသိတဲ့အတိုင်းပဲ ကိုဗစ်နိုင်တင်းကပ်ဆိုးကြီးစဖြစ်လာတာ အခုဆို တနှစ်တင်းတင်း ပြည့်ပြီ လေ။ ဒီကူးစက်ရောဂါကြီးစဖြစ်တော့ ခရစ်ယာန်အသိုင်းအဝန်းမှာ ယေရှုခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာဖို့ နီးနေပြီဆိုတဲ့ သတိပေး ခေါင်းလောင်းထိုးသံတွေက ဆူညံသွားခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီသတိပေးသံတွေလည်း ပြန်ငြိမ်သွားပြန်တယ်။ ခရစ်ယာန်တွေမှာ ဖြစ်တတ်တဲ့ သဘောက ပုပ္ပနိမိတ်တွေကို ပဲကြည့်ပြီး ခရစ်တော်ပြန်လာချိန်နီးပြီလို့ ခန့်မှန်းကြတယ်။ ပုပ္ပနိမိတ်တွေဖြစ်လာမှပဲ ခရစ်တော်ပြန်လာချိန်နီးပဲလို့ဆိုပြီး ဝိညာဥ်ရေးရာများ နိုးကြားတတ်ကြွလာကြောင်း ဆင်ခြင်မိတယ်။
အမှန်တကယ်တော့ ယေရှုဒုတိယအကြိမ် ပြန်ကြွမဲ့အချိန်က ဘယ်ချိန်ဖြစ်မလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ သခင်ယေရှုဒုတိယအကြိမ် ပြန်ကြွလာခြင်းက ဘယ်ချိန်မဆို ဖြစ်နိုင်တယ်မဟုတ်လား။ ဒါကို ကျနော်တို့ သတိချပ်သင့်ပါတယ်။ ယေရှုကိုယ်တော်တိုင်က သူပြန်လာချိန်ကို သူခိုးနဲ့ ဥပမာပေးပြီး သတိပေးထားခဲ့တယ်။ သူခိုးက ဘယ်ချိန်လာတတ်သလဲ။ ခန့်မှန်းကြည့်ကြစို့။ လူအများစုအဖြေကတော့ “ညမှာလာမှာပေါ့၊ လူတွေအိပ်မောကျတဲ့ချိန်လာမှာပေါ့” စသည်ဖြစ်မယ်။ တကယ်တော့ သူခိုးလာနိုင်တဲ့အချိန်က နေ့ခင်းမှာလည်းဖြစ်နိုင်သလို ညအချိန်မှာလည်းဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ အဖြေမှန်ကတော့ သူခိုးလာမယ်လို့ ကိုယ်ထင်မထားတဲ့အချိန်မှာ သူခိုးက လာတတ်တာဖြစ်တယ်။
သတို့သမီး ဆယ်ဦးပုံဥပမာ
ယေရှုပြောပြတဲ့ သတို့သမီးတကျိပ် (ဆယ်ဦး) ပုံဥပမာကိုလည်း ဆက်ပြီး ဆင်ခြင်ကြည့်။ ဒီအကြောင်းအရာကို ရှင်မဿဲ ၂၅ မှာတွေ့နိုင်ပါတယ်။ ဒီပုံဥပမာကို အနက်အမျိုးမျိုးဖွင့်ကြပါတယ်။ ကျနော်ကတော့ ရိုးရှင်းစွာပဲ ဒီလို အနက်ပြန်ချင်ပါတယ်။ ဒီနေရာမှာ သတို့သမီးဆယ်ယောက်ဟာ သတို့သားကိုစောင့်ကြိုဖို့ မီးခွက် ကိုယ်စီယူပြီးသွားကြတယ်လို့ ဖော်ပြတယ်။ ဒီဆယ်ယောက်ထဲမှ ငါးယောက်ကို ပညာရှိလို့ပြောထားပြီး ကျန်ငါးဦးကို မိုက်မဲသောသူ ပညာမဲ့ဟု ပြောထားပါတယ်။ ဘာကြောင့် ဤသို့ခွဲခြားပြီး ပြောထားရသလဲ။ ပညာရှိလို့ အခေါ်ခံရတဲ့ သတို့သမီးငါးယောက်ဟာ ပြင်ဆင်တတ်လို့ပဲဖြစ်တယ်။ သူတို့ဟာ မီးခွက်အပြင် ဆီအပိုကိုလည်း ဆောင်ထားလို့ပဲဖြစ်ပါတယ်။ ထွန်းထားတဲ့မီးအိမ်ဟာ ဆီကြောင့် လင်းနေခြင်းဖြစ်ပါတယ်။ ဆီကုန်သွားရင် မီးအိမ်ဟာ မီးငြိမ်း သေသွားမှာ ဖြစ်ပါတယ်။ သတို့သားကလည်း ဘယ်ချိန်လာမှန်းမသိခြင်းကြောင့် သူတို့ဆီအပိုယူထားခြင်းဖြစ်ပါတယ်။
မီးလင်းနေမှ သတို့သားလာတဲ့နေရာကို သွားပြီးကြိုနိုင်မှာမှာ မဟုတ်ပါလား။ “သတို့သားလာပြီ လာကြိုကြ” ဟု အသိပေးသံ ရောက်လာတော့ အသင့်ဖြစ်နေတဲ့ သတို့သမီးငါးယောက်က မိမိမီးခွက်ကိုယ်စီကိုင်ပြီး သတို့ သားရှိရာကို မှန်ကန်စွာ သွားနိုင်ပါတယ်။ ဆီကုန်သွားတဲ့ သတို့သမီးငါးယောက်ကတော့ ဆီဝယ်ဖို့ သွားနေတာ နဲ့ အချိန်ကုန်သွားပြီး သတို့သားကိုတွေ့ဆုံကြိုဆိုဖို့ အခွင့်အရေးနဲ့လွတ်သွားပါတယ်။ ဘယ်နေရာမှာမဆို အချိန်က သူ့အကန့်အသတ်နဲ့သူ ရှိနေတတ်ပါတယ်။ မင်္ဂလာချိန်ရောက်လာတော့ အခြားသူကို စောင့်နေဖို့ အချိန်မရှိဘူး။ အသင့်ရှိနေတဲ့ သတို့သမီးတွေနဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ နောက်ကျတဲ့သတို့သမီးတွေကိုတော့ သတို့သားက အသိအမှတ် မပြုဘူးဆိုတာတွေ့ရပါတယ်။
ပုံဥပမာအနှစ်ချုပ်
ဒီထဲမှာ ထူးခြားတဲ့အချို့ကိုတင်ပြရရင်
(၁) သတို့သားဟာ တယောက်တည်းဖြစ်တယ်။ သတို့သမီးတွေကတော့ အများကြီးဖြစ်နေတယ်။ ဒါက ဘာကို ပုံဆောင်သလဲဆိုတော့ တဦးတည်းဖြစ်တဲ့ သတို့သားကတော့ ယေရှုခရစ်တော်ကို ပုံဆောင်ပြီး အများဖြစ်တဲ့သတို့သမီးကတော့ ကျနော်၊ ကျမ တနည်းက အသင်းတော်ကို ဆိုလိုခြင်းဖြစ်ပါတယ် (ဧဖက် ၅း၂၂-၂၃)။
(၂) ဆီကုန်သွားတဲ့သတို့သမီးတွေက ဆီမျှဝေပေးဖို့ အခြားသူတွေကို တောင်းတဲ့အခါ အခြားသူတွေကို သူတို့ရဲ့ဆီတွေကို မျှဝေပေးလို့ မလောက်ဘူးဆိုတာတွေ့ရတယ်။ ဝေမျှခြင်းက ကောင်းတယ်။ ဒါပေမဲ့ ဝေမျှလို့ မရတဲ့အရာတွေ အများကြီး ရှိတယ်။ တဦးတယောက်အတွက်သာ ဆီလုံလောက်တယ်။ ထို့အတူ မိမိကယ်တင်ခြင်းကို အခြားသူထံခွဲဝေပေးလို့ မရဘူး။
ဥပမာအဆုံးမှာ ယေရှုက (ငယ် ၁၃) “သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက်၊ အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့”ဟု သတိပေး နိဂုံးချုပ်ခဲ့တယ်။ ဒါက ဘာကိုဖော်ပြနေလဲဆိုတော့ ကျနော်တို့အနေနဲ့ သခင်ယေရှုကြွာလာမဲ့နေ့အတွက် “ပြင်ဆင်ပြီး စောင့်နေကြရမယ်”ဆိုတဲ့ အချက်ပဲဖြစ်တယ်။
နိဂုံး
သခင်ယေရှုပြန်ကြွလာချိန်ကို ပုပ္ပနမိတ်အခြေအနေကို မူတည်ပြီး ဘယ်အချိန်လာမည်ကို ခန့်မှန်းတာထက် ဘယ်အချိန်လာလာ မိမိ အသင့်ဖြစ်နေဖို့ အရေးကြီးတာဖြစ်တယ်။ အသင့်ဖြစ်နေဖို့ အချိန်တိုင်း သမ္မာသတိရှိလျက် အသက်ရှင်ကြပါစို့လား။
အဒီး (မှော်ဘီ)
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)