မဿဲသည် အခွန်ခံတဦးဖြစ်သည်။ ထိုခေတ်ထိုအချိန်တွင် အခွန်ခံများသည် မျက်နှာမရချေ။ ပြည့်တန်ဆာများထက်ပင် နိမ့်ကျသလိုလို၊ လူမုန်းခံရတတ်သည်။ အခွန်ခံဟုဆိုလိုက်သည်နှင့်ပင် လူအများ၏ အပြုံးထက် နှာခေါင်းရှုံ့ခြင်းကိုသာ ပထမဆုံးပြေးမြင်ရမည်ဖြစ်ပေသည်။
အခွန်ခံများသည် သူတို့ကောက်ရမည့် ငွေကြေးထက်သာ၍ ပိုကောက်သောကြောင့်ဖြစ်စေ၊ အခွန်နှင့်ပတ်သတ်လျှင်လည်း တရားဝင်မဟုတ်သောအရာများကို ကိုင်တွယ်ဖြေရှင်းပေးတတ်ကြ၍ဖြစ်စေ၊ လူများ၏ မျက်နှာမထောက်ဘဲ အခွန်ရရှိရေးသာ ဦးစားပေးခြင်းကြောင့်ဖြစ်စေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများကြောင့် လူများ၏ မေတ္တာကို မခံစားရတတ်ပေ။
မဿဲသည် မည်မျှပင် အခွန်ခံဖြစ်ခဲ့ပါစေ "ငါ့နောက်သို့လိုက်လော့" ဟူသော စကားတခွန်းဖြင့်သာ ထ၍ သခင်ယေရှုနောက်တော်သို့ လိုက်ခဲ့လေသည်။ မိတ်ဆွေနှင့်ကျွန်ုပ်တို့၏ အသက်တာတွင် မည်သို့သောအခြေအနေပင် ဖြစ်နေပါလင့်ကစား ယေရှုခရစ်တော်၏ နောက်တော်သို့ လိုက်ပါမည်လော။
အခွန်ခံသောသူ၊ ဆိုးသောသူများနှင့် အတူစားသောက်သည်ဟုသာ ပတ်ဝန်းကျင်က လူတွေ၏ စကားသံမှာ တညီတညွတ်တည်း ထွက်ခဲ့ကြသည်။ ဘာသာရေးအမြင်နှင့်သာမြင်၍ ဝေဖန်ပြစ်တင်ခဲ့ကြသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။ ထိုသူတို့၏ အမြင်တွင် ဘာသာရေးဓလေ့ထုံးစံနှင့် အပေါ်ယံအမြင်၊ အပေါ်ယံလုပ်ဆောင်ခြင်းများကိုသာ မြင်တတ်ကြကာ သူတို့ကိုယ်တိုင်လည်း ထို့အတူ လက်ခံတတ်ကြသူများပင် ဖြစ်ချေသည်။
ထိုသူများသည် မိမိကိုယ်တိုင်လည်း နောင်တရရန် မခေါ်၊ သူတပါးနောင်တရသွားလျှင်လည်း လက်မခံကြပြန်၊ အတိတ်ကာလ အပြစ်များနှင့် အပေါ်ယံအမြင်ကိုသာ နှစ်သက်၍ အပေါ်ယံသာ ဘာသာရေးထုံးတမ်းလုပ်တတ်သူများပင် ဖြစ်ကြသည်။ ထို့ကြောင့် ယေရှုက ပူဇော်ခြင်းတွေ၊ အပေါ်ယံလုပ်ဆောင်ခြင်း၊ ကျင့်ကြံခြင်းတွေထက် သနားတတ်ခြင်း၊ မေတ္တာထားခြင်း၊ ကရုဏာသက်ခြင်းများကို သာ၍ နှစ်သက်ကြောင်းကို ရေးသားထားသော ကျမ်းစကားကိုပင် နားလည်စေရန် ပြန်လည် လေ့လာကြပါ၊ သင်ယူကြပါဟူ၍ ဆိုလိုက်သည်ကို တွေ့ရပေသည်။
(ရှင်မဿဲခရစ်ဝင် ၉:၁၃) ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။
တခါတလေတွင် ကျွန်ုပ်တို့သည် ထိုသို့သောသူများကဲ့သို့ ဖြစ်နေတတ်ကြသည်။ သူတပါးအား ကျမ်းစာကိုသာ သုံး၍ ဆိုးသောသူ၊ အခွန်ခံ၊ ဂေး၊ ဘိန်းစား စသဖြင့် အပြစ်မြင်နေတတ်ကြပေသည်။ သို့သော် ထိုသူတို့အား နောင်တရရန် အခွင့်မပေး၊ နောင်တရရန် မဝေမျှမိတတ်ကြပေ။ ထိုသူတို့အား အပြစ်သာမြင်ကာ သနားခြင်းနှင့် မေတ္တာ ကရုဏာကို သတိမထားမိချိန်များလည်း ရှိနေတတ်ကြသည်။
ကျွန်ုပ်တို့သည်ပင်လျှင် အပြစ်များလုပ်မိတတ်ကြသူများဖြစ်သောကြောင့် ထိုသူများသာလျှင် ဆိုးသောသူ၊ အခွန်ခံများမဟုတ်ကြဘဲ ကျွန်ုပ်တို့ကိုယ်တိုင်သည်ပင်လျှင် နာသောသူများဖြစ်သောကြောင့် ဆေးသမားကို အလိုရှိခဲ့ကြသည်ကို မမေ့ကြဖို့ရန် သတိပြုကြရအောင်လား။
ထိုကြောင့် အခြားသောသူများသည်ပင်လျှင် နောင်တရရန် ထိုက်တန်သကဲ့သို့ ထိုသူများကို ဘာသာရေးဓလေ့ထုံးစံနှင့် မမြင်ကြဘဲ သခင်ယေရှုကဲ့သို့ သနားခြင်း မေတ္တာကရုဏာနှင့် မြင်တတ်ကြကာ လက်ခံပေးတတ်သော သူများဖြစ်ကြစေဖို့ရန် အနည်းငယ်တိုက်တွန်း ခွန်အားပေးချင်ပါသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi
(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)