မထင်မှတ်ထား​သော


ဘဝမှာ အဆင်​ပြေ​ချော​မွေ့​နေပါ​သော်လည်း တ​​​နေ့​နေ့မှာ အဆင်မ​​ပြေခြင်း​တွေကို ကြုံ​တွေ့ကြရပြန်တယ်။ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ​တွေကို ဖြတ်သန်းရင်း စိတ်ဓာတ်ကျ ​မောပန်းနွမ်းလျ​​နေချိန်​တွေကိုလည်း ဖြတ်သန်းကြရပြန်ပါတယ်။ လက်ရှိမှာ အဆင်​ပြေ​နေပါတယ်လို့ ခံစား​နေရရင်းနဲ့လည်း ရုတ်တရက်မှာ ဆန့်ကျင်ဘက်အရာတခုကို ကြုံ​​တွေ့ရတတ်ကြပြန်ပါတယ်။ လက်ရှိ​အချိန်မှာ ပျော်​နေရပေမဲ့လည်း တမဟုတ်ခြင်းမှာပဲ နာကျင်စရာ​တွေ ဖြစ်လာတတ်ပြန်တယ်။ ဝမ်းသာစရာကို ခံစား​နေရတဲ့အချိန်မှာ ချက်ခြင်းချည်းပဲ ငို​ကြွေးရပြန်တယ်။ ပစ္စည်းဥစ္စာ၊ စီးပွား​ရေး အဆင်​ပြေ​နေ​သော်လည်း မျက်စိတစ်မှိတ်မှာတင် ဆုံးရှုံး​ပျောက်ကွယ်သွားတတ်ပြန်တယ်။ အမျိုးမျိုး​သော မထင်မှတ်ထားတဲ့ ဆန့်ကျင်ဘက်အရာ​တွေက ကျွန်ုပ်တို့ဘဝကို တိုက်ခိုက်သွားတိုင်းမှာ ​ယောဘအသက်တာကို သတိရမိ​စေဖို့နဲ့ သူ့ကိုကြည့်ရင်း ဆင်ခြင်ဖို့ရာ လိုအပ်တယ်ဆိုတာကိုလည်း နားလည်မိပါတယ်။ (ကျမ်းညွှန်း ​ယောဘဝတ္ထု) 

​ယောဘဟာ သူ့ရဲ့ သားသမီးတွေကို ဘုရားသခင်နဲ့ မိတ်ဆက်​ပေးသူ၊ ​ကောင်းမွန်စွာ သွန်သင်လမ်းပြသူတဦးလည်းဖြစ်ပါတယ်။ သူရဲ့သားသမီးတွေကို ဘုရားသခင်ကို မှားယွင်းမိမှာ၊ ပြစ်မှားမိမှာကိုလည်း စိုးရိမ်အားကြီးပြီး မပျက်တမ်း မီးရှို့ရာယဇ်ကို ပူ​ဇော်​လေ့ရှိ​တဲ့သူတယောက်လည်း ဖြစ်​နေပါတယ်။ 

စည်းစိမ်ချမ်းသာ​ပေါကြွယ်ဝသူ၊ သိုး နွား ကုလားအုပ်များစွာကိုလည်း ပိုင်သသူ၊ စသဖြင့် ချမ်းသာ​သူဖြစ်​ချေတဲ့ယောဘဟာ သူ့သားသမီးများနဲ့ ​ပျော်ရွှင်စွာနဲ့ စည်ကားသိုက်မြိုက်​နေထိုင်ရပြီး ပစ္စည်းဥစ္စာတွေလည်း ​ပေါကြွယ်လွန်းတာ​ကြောင့် ပူပန်စရာမရှိလောက်အောင်ကို အဆင်​ပြေ​နေတဲ့အချိန်မှာ ရှင်သန်နေရပေမဲ့လည်း မထင်မှတ်ထား​တဲ့ ​ရှေဘအမျိုးသားတို့ရဲ့​ဘေး၊ ​ကောင်းကင်ကကျ​တဲ့မီး​​ဘေး၊ ခါလဒဲအမျိုးသားတပ်တို့ရဲ့​ဘေး၊ ​တောကလာ​တဲ့လေ​ဘေး၊ အနာစိမ်း​ပေါက်​တဲ့​ဘေးတွေကို ကြုံ​တွေ့ခံစားခဲ့ရပါတယ်။ ဒီလိုမျိုး မထင်မှတ်​ထား​တဲ့ ဘေးအမျိုးမျိုး​ကြောင့်​ သူရဲ့ဘဝက စုတ်ပျက်သက်သွားခဲ့ပြီး အရင်တုန်းကအခြေအနေနဲ့ လုံးဝဆန့်ကျင်ဘက်အ​ခြေအ​နေကို ​ရောက်ရှိသွားခဲ့ပါတော့တယ်။ ချမ်းသာသူအဖြစ်ကနေ ဆင်းရဲမွဲ​တေသူ၊ ကျန်းမာ​သူအဖြစ်ကနေ နာကျဥ်ငို​ကြွေးမြည်တမ်း​နေရသူ၊ သားသမီးများနဲ့ ​ပျော်ရွှင်​နေရာမှ ​သားသမီးများကို ဆုံးရှုံးရသူ၊ အစရှိတဲ့ မထင်မှတ်ထား​တဲ့အရာတွေက သူ့ကို အားနဲချည်နဲ့အောင်တိုက်ခိုက်ခဲ့ပါ​လေတယ်။ 

ဒါပေသိ သူရဲ့ ထာဝရဘုရားအ​ပေါ် ယုံကြည်ခြင်း၊ ကိုးစားခြင်းကတော့ အလျင်းမပျက်ခဲ့။ ခံစားရတဲ့အရာများအ​ပေါ်မှာ သည်းခံတတ်ခြင်းကလည်း အတုယူစရာပင်။ ​ယောဘအ​ပေါ်ကို သူ့မိတ်​ဆွေများရဲ့ ​ဝေဖန်ခြင်း၊ စွပ်စွဲခြင်း၊ အပြစ်တင်ခြင်း၊ အထင်မှားခြင်း အမျိုးမျိုးကို ခံရ​ပေမဲ့လည်း သူရဲ့ယုံကြည်ခြင်းက မပျက်ခဲ့​ပါချေ။ သူ့အသက်တာကို သူကိုယ်တိုင်လည်း အမြဲတမ်း ပြန်လည်သုံးသပ်တတ်​သူဆိုပြီး နားလည်ရပါတယ်။

ယောဘလိုပါပဲ ကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာလည်း မထင်မှတ်ထား​တတ်တဲ့အရာတွေဖြစ်လာတတ်​ချေတယ်။ ဒီနေ့အ​ဆင်​ပြေ​နေပေမဲ့လည်း မနက်ဖြန်မှာ ​ပြောင်းပြန်အခြေအနေဖြစ်သွားခြင်း၊ လက်ရှိ​ပျော်​​ပိုက်နေပေမဲ့လည်း ခန​နေလျှင် ငို​ကြွေးရခြင်း၊ စီးပွား​​ရေး အ​ခြေအ​နေကောင်း​နေ​ပေမဲ့လည်း ရုတ်တရက် ဘဝလှိုင်းဒဏ်ကြားမှာ အဆင်မ​ပြေဖြစ်ရခြင်း၊ ကျန်းမာ​ရေး​ကောင်း​နေပေမဲ့လည်း မကျန်းမာခြင်းကို ခံစားရခြင်း အစရှိတဲ့ မထင်မှတ်တဲ့ ကိစ္စတွေကိုကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့် ယောဘရဲ့အသက်တာကို ဆင်ခြင်ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ယုံကြည်သူများဟာ မိမိတို့ရဲ့ ​နေ့စဥ်အသက်တာကို ပြန်လည်ဆင်ခြင် သုံးသပ်တတ်​သောသူ၊ မထင်မှတ်ထား​သော အရာများစွာကို ကြုံ​တွေ့ရင်ဆိုင်ရပေမဲ့လည်း​ ​သည်းခံတတ်​သူ၊ ထာဝရဘုရားကို ယုံကြည်ကိုးစားခြင်း မပျက်​သူ၊ ထာဝရဘုရားကို မပြစ်မှား​သောသူဖြစ်​ကြဖို့ရန်အတွက် အနည်းငယ်တိုက်တွန်း ခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


Titus Kyaw Nyi


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)