Everything is changing but change
"နေအောက်မှာ အသစ်သောအမှုအရာမရှိ။ ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသောအမှုအရာ တစ်စုံတစ်ခုရှိသလော" (ဒေသနာကျမ်း ၁း၁၀)
ဒါဟာ လူ့သမိုင်းတလျှောက်မှာ ပေါ်ထွန်းခဲ့သမျှသော ပညာရှိဆိုသူများအနက် (ရှောလမုန်မတိုင်ခင်ကရော သူ့တိုင်ပြီးနောက်မှာရော) သူ့လောက် ဉာဏ်ပညာကြီးမားသူ တယောက်မျှမရှိလို့ သမ္မာကျမ်းစာက မှတ်တမ်းပြုစုထားတဲ့ ရှောလမုန်ဘုရင်ကြီးက ဘီစီ ၉၃၁ကတည်းက ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ အဆိုပါကျမ်းစကားကို ဆင်ခြင်နှလုံးသွင်းတဲ့အခါမှာတော့ ဤလောက၌ သစ်ခြင်း ဟောင်းခြင်းဟူသည်မရှိ။ ပြောင်းလဲခြင်းသဘောသာရှိ၏ဆိုတဲ့ အကြောင်းကို ရေးရေးထင်ထင် မြင်လာရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ။ Everything is changing but changeဆိုတဲ့ ပြောင်းလဲခြင်းနိယာမ(Change Law)ကြီးကို သူက မြင်သိနားလည်ထားလို့ပါပဲ။
သင်္ခါရလောက၌ အရာခပ်သိမ်းတို့သည် ဖြစ်ခြင်း၊ တည်ရှိခြင်း၊ ပျက်သုဉ်းခြင်းတည်းဟူသော ပြောင်းလဲခြင်းဖြစ်စဉ်သဘောအတိုင်း လိုက်ပါစီးမြောနေကြရတာပဲ မဟုတ်ပါလား။ နေ့တာပြီးရင် ညတာလာမယ်။ ဒီနေ့ပြီးရင် နောက်ရက်လာမယ်။ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ရာသီစက်ဝန်းလည်း ထိုနည်း၎င်းပါပဲ။ ဒီလိုပါပဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလယန္တရားကြီးက သူ့သဘောသူဆောင်ပြီး ပုံမှန်လည်ပတ်ပြောင်းလဲနေတာပါ။ လူတဆက်လွန်သွား နောက်တဆက်ပေါ်ထွက်လာ၊ နေကလည်း ဝင်လိုက်ထွက်လိုက်နဲ့။ ဒါကို လူတွေက သူတို့ရဲ့ သိမှတ်စိတ်ထဲမှာ အသစ်ဖြစ်ခြင်းလို့ ထင်မှတ်နေကြတာ။ အမှန်တကယ်တော့ အသစ်မဟုတ်ပါဘူး။ ပြောင်းလဲခြင်းပါပဲ။ Everything is changing but change. ပြောင်းလဲခြင်း နိယာမ (Change Law)အတွင်းမှာ ရှိရှိသမျှအရာအားလုံးတို့ဟာ ကြိုက်သည်ရှိ မကြိုက်သည်ရှိ သူ့နိယာမသဘောအတိုင်း စီးမြောလိုက်ပါပြောင်းလဲနေကြရတာပဲလေ။ အဆိုပါကိစ္စကို သင်္ခါရလောကသားတွေအနေနဲ့ မည်သို့နည်းနဲ့မျှ ပယ်လှန်လို့မရပါကြောင်း။ (ဒေသနာကျမ်း ၁း၅-၈)
လူအိုလူဟောင်းနဲ့ လူသစ်
လူအိုလူဟောင်းကြီးတွေက သင်္ချိုင်းကုန်းကို ထွက်ခွာသွားကြပြီး သူတို့ရဲ့နေရာမှာ ဆေးရုံက မွေးဖွားလာတဲ့လူသား အသစ်စက်စက်လေးတွေ အစားထိုးဝင်ရောက်နေရာယူကြပါတယ်။ အဲဒီ လူအိုလူဟောင်းဆိုသူကြီးတွေထဲမှာ မိမိကိုယ်မိမိ ဘုရားလို့ ကြွေးကြော်သွားတဲ့ ပုဂ္ဂိုလ်အကျော်အမော်မြောက်များစွာတို့လည်း အပါအဝင်ဖြစ်နေကြပြန်ပါရဲ့။ သူတို့တွေမှာရှိခဲ့ဖူးကြောင်း ပြစရာသက်သေအနေနဲ့ ခမ်းနားထည်ဝါတဲ့သူတို့ရဲ့ ရုပ်ကြွင်းခန္ဓာတွေကို မြှုပ်နှံသင်္ဂြုလ်ထားတဲ့ သင်္ချိုင်းဂူဗိမ္မာန်ကြီးတွေသာ အထင်ကရ ကျန်ရစ်နေလေရဲ့။ ၂၀၂၁ဟာ ကျွန်တော်တို့ မသွားပဲနဲ့ အလိုလို ရောက်သွားတဲ့အနာဂတ်ဖြစ်ပါတယ်။ မွေးကင်းစ ကလေးအစ ဟိုးအဖိုးအိုအထိ၊ ရှင်ဘုရင်ကအစ ဟိုးသူတောင်းစားအထိ၊ ကာယဗလမောင်အစ ဟိုးဒုက္ခိတအထိ၊ သူတော်စင်အစ ပြည့်တန်ဆာမအထိဖြစ်ပါတယ်။
Happy New Year and Count Down
5... 4... 3... 2... 1... Happy New Yearဆိုပြီး Count Downလုပ်ရင်း ကမ္ဘာလောကကြီးတခုလုံး သင်္ချိုင်းကုန်းကို ခြေတလှမ်းဆီ တိုးသွားတာတော့ သတိမထားမိကြဘူး။ ပျော်ရွှင်နေကြတာကိုး။ (ဇရာဆိုတဲ့ အိုမင်း ရင့်ရော်ခြင်း အနာဂတ်ထဲ) အားလုံးပြိုင်တူရောက်သွားကြတာပါ။ အဲဒါအသစ်ဖြစ်တာလား။ နှစ်သစ်ကူးလို့တော့ ပြောကြတာပါပဲလေ။
အရက်သမားက အရက်ပုလင်းလေးကိုင်ပြီး တရားသမားက ပုတီးလေးကိုင်ရင်း နဂိုမူလရှိရင်းစွဲ အမူအကျင့် ဗီဇ စရိုက်အတိုင်း (New Year)ဆိုတဲ့ ယန္တယားကြီးထဲ ပြိုင်တူရောက်သွားကြတာပဲ မဟုတ်လား။
ဘယ်အရာက အသစ်ဖြစ်သွားတာလဲ
လူဆိုးတွေက ဆိုးရင်းတန်းလန်း လူကောင်းတွေက ကောင်းရင်းတန်းလန်း ၂၀၂၁ဆိုတဲ့ နှစ်သစ်ကြီးထဲ အလိုလို ပြိုင်တူဝင်သွားကြတာ။ ၁၂နာရီထိုးလို့ မီးပန်းတွေ ဖောက်တယောက်နဲ့တယောက် လက်ဆွဲနှုတ်ဆက်ကြ ဖက်နမ်းကြတဲ့ အခိုက်အတန့်ကတော့ အားလုံးအတူတူပါပဲ။ သဘောတရားအရ အသစ်တွေဖြစ်လာကြသယောင်ယောင်နဲ့။ ပြီးမှ သောက်စရာရှိတဲ့သူက ဆက်သောက် ပုတီးစိပ်တဲ့သူက ဆက်ပြီးစိပ်။ ဓါးသွေးတဲ့လူက ဆက်သွေး။ ကျည်ဖြည့်တဲ့သူက ကျည်ဖြည့်ကြနဲ့ မဟုတ်ပါလား။ ဒါ့ကြောင့် လူတယောက်ရဲ့ ကောင်းခြင်း ဆိုးခြင်းနဲ့ အသစ်ဖြစ်ခြင်းသဘောက New Yearဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ New Yearဖြစ်သွားမှ မဟုတ်ပါဘူး။ ကောင်းချင်ရင် အချိန်မရွေးကောင်းလို့ရပြီး ဆိုးချင်ရင်လည်း အချိန်မရွေး ဆိုးလို့ရပါသကောလေ။ ကောင်းတဲ့လူလည်း နှစ်သစ်ကို ရောက်ပါတယ်။ ဆိုးတဲ့သူလည်း ရောက်ပါတယ်။ အမှန်နဲ့ အမှား၊ အနိမ့်နဲ့အမြင့်၊ အယုတ်နဲ့ အလတ်အမြတ်မရွေးပဲ လူသားအားလုံး အကုန်လုံး နှစ်သစ်ကို ရောက်သွားကြတာပဲလေ။ အဲဒါကို မသွားပဲနဲ့ ရောက်တဲ့ခရီးလို့ခေါ်ခြင်းဖြစ်ပါတယ်။
အိုင်းစတိုင်းပြောတဲ့အချိန် ခရီးသည်ပုံစံ
သူက စက်ဝိုင်းတခုအတွင်း ခရီးသွားလျှင် အစသို့ ပြန်ရောက်သော်လည်း ထိုသူသည် အနာဂတ်ထဲသို့ ရောက်နေပေပြီ။ နာရီလက်တံရဲ့ အရွေ့ကို ဥပမာကြည့်ပါ။ မနက်၁၂နာရီကနေ ည၁၂နာရီဆိုတဲ့ တပတ်လှည့်ခရီးစဉ်မှာ သူ့လက်တန်က မူလ ၁၂နေရာကို ပြန်ရောက်သွားပေမဲ့ အချိန်ကာလ သဘောတရားအရ အဲဒီ ၁၂က ည၁၂နာရီဖြစ်နေပေပြီဖြစ်သည်။ လူ့ရဲ့ အသက်အရွယ်ဟာ နေ့ခင်းကထက် ၁၂နာရီ ပိုကြီးသွားပြီဖြစ်သည်။ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ထဲ ရောက်သွားတာကို ဆိုလိုခြင်းဖြစ်ပါသည်။ အဲဒီကိစ္စဟာလည်း New Yearမှာမှ မဟုတ်ပြန်ပါဘူး။ နေ့စဉ်နေ့တိုင်းဖြစ်နေတဲ့ ဖြစ်စဉ်တခုပဲလေ။ အချိန်၊ အရွယ်၊ နေရာတို့ရဲ့ အရွေ့သဘောကို မီးမောင်းထိုးပြတာဖြစ်တယ်။
ဆက်လက်ဖော်ပြပါမည်
တင်အောင်လွင် (Exodus)
(စာရေးသူ တင်အောင်လွင် (Exodus)သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦး ဖြစ်သည်)