ဇန်နဝါရီ (၇)ရက်က အဆက်
ဟေရာကလိုက်တပ်စ်(Greek)ကတော့
မြစ်တခုမှာ ရေနှစ်ခါချိုးလို့မရဆိုတဲ့ သဘောတရားနဲ့ ဥပမာပေးပြန်တယ်။ မြစ်ထဲကို ဒုတိယအကြိမ်ဆင်းတဲ့အခါမှာ
ကိုယ့်အသက်က ၅မိနစ်ကြီးသွားပြီ။ မြစ်ရေကလည်း ခုနကချိုးခဲ့တဲ့ ရေတွေ မဟုတ်တော့ဘူး။ ရေတွေက
အောက်ဖက်ကို စီးမြောသွားပြီ။ ဒါ့ကြောင့် အသစ်ဖြစ်ခြင်း (New)ဆိုတာကို ကျနော်တို့အနေနဲ့စဉ်းစားမယ်ဆိုရင်
လောကီရှုထောင့်အမြင် secular meaningအရ အချိန်ရယ်၊ နေရာရယ်၊ အိုးမင်းရင်းရော်ခြင်းဖြစ်စဉ်ရဲ့
အရွေ့သဘောပြောင်းလဲခြင်း လက္ခဏာအဓိပ္ပါယ်ကတမျိုး၊ လောကုတ္တရာရှုထောင့်အမြင်ဖြစ်တဲ့
sacred meaningအရ ရှိနေတဲ့ အဓိပ္ပါယ်က တမျိုးဖြစ်ကြောင်း ပိုင်းခြားသိမြင်တတ်ဖို့လိုအပ်ပါတယ်။
လူနဲ့လူ့လောကအတွက်
ဖြစ်နိုင်ခြေရှိတဲ့အသစ်ဆိုတာကတော့ မြွေအရေခွံလဲသလို ပြောင်းသွားတဲ့ အသစ်ဖြစ်ခြင်းသဘောတွေသာ
ရှိတာပါ။ ဒီအပွေး၊ ဒီအကွက်၊ ဒီအဆင်အတိုင်း အသစ်ဖြစ်နေတဲ့သဘောပါပဲ။
New
Year Resolutionဆိုတာ လူတိုင်းလုပ်လေ့ရှိတယ်။ ကောင်းတဲ့ရည်ရွယ်ဦးတည်ချက်တွေနဲ့ပေါ့။
ဒီနှစ်သစ်မှာတော့ ငါဘာတွေလုပ်မယ်၊ ဘယ်လိုနေထိုင်အသက်ရှိင်မယ် အစရှိသဖြင့်ပေါ့။ နှစ်သစ်ရောက်တိုင်းမှာ
လူတွေက ဒီလို အဓိဌာန်ပြု သန္နိဋ္ဌာန်မျိုး ချလေ့ရှိကြတယ်။ တနာရီခံ၊ တပတ်ခံ၊ တလခံနဲ့
မသာအများဆုံး ၃လ ၄လလောက်ပါပဲ။ ကြာလာတော့လည်း သတ်မှတ်ထားတဲ့စည်းရိုးကျိုးပေါက်ပြီး ဒုံရင်းက
ဒုံရင်းအတိုင်း ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့ ဗီဇသဘာဝ အမူအကျင့်အတိုင်း ဖြစ်သွားရပြန်ပါတယ်။
ဥပမာအနေဖြင့် မကောင်းတာတွေ မလုပ်တော့ဘူး။ ဆေးလိပ်၊ ကွမ်း၊ အရက်ဖြတ်မယ်။ ဂိမ်းမကစားတော့ဘူး၊
ဖေ့ဘုတ်မသုံးတော့ဘူး၊ ကေတီဗွီမသွားတော့ဘူး ဘီယာဆိုင် မသွားတော့ဘူး ဘာညာပေါ့။ နောက်ပြီးတော့
ကောင်းတယ်လို့ထင်လို့ရတဲ့ ဆိုလို့ရတဲ့အရာတွေလုပ်မယ်၊ နေ့စဉ်ကျမ်းစာပုံမှန်ဖတ်မယ်၊ ဘုရားကျောင်း
မှန်မှန်တက်မယ်၊ ဆယ်ဘို့တဘို့ မှန်မှန်ပေးမယ် စသဖြင့်ပေါ့။ ကောင်းချင်ကြတယ်။ ကြိုးလည်း
ကြိုးစားကြတယ်။ ဒါပေမဲ့ မရကြပါဘူး။ ပြန်လန်သွားကြတာပါပဲ။ စာရေးသူဆိုရင်လည်း တသက်လုံးနီးပါး
ဒီတိုက်ပွဲကို ဆင်နွှဲလာခဲ့တာပဲ။ နှစ်သစ်တခါ၊ မွေးနေ့တခါရောက်တိုင်း အဲဒီလို ဆုံးဖြတ်ချက်မျိုး
အလီလီသာ ချရင်းနဲ့ အသက်ကြီးလာတာပါ၊ တရာ ရာခိုင်နှုန်းအပြည့်ရလား ဆိုတော့လည်း မရပါဘူး။
ရခဲ့ပါမူဆိုရင်လည်း စာရေးသူ အခုချိန်မှာ ဘုရားကြီးတပါးဖြစ်နေလောက်ပါပြီလို့ ဆိုရမလားပါပဲ။
ဒါပေမဲ့ ရတန်သလောက်တော့ ကြိုးစားနေရတုန်းပါပဲ။ မသေမချင်း ကြိုးစားပြီး အကောင်းဆုံး
အသက်ရှင်နေကြတဲ့သူတွေချည်းပါပဲ မဟုတ်လား။ ဒီအတွက်ကြောင့် ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်ပါနဲ့။
သူတပါးကိုလည်း အပြစ်မတင်ပါနဲ့။ လူဆိုတာက အဲဒီလို ပုံစံမျိုးပါပဲလို့ သတ်မှတ်လိုက်ရုံပါပဲ။
လောကကြီးမှာ ဒီလိုဖြစ်နေတာ ငါတယောက်တည်း မဟုတ်ဘူးဆိုတဲ့အကြောင်းကို သိမြင်ထားဖို့လည်း
အထူးလိုအပ်ပါတယ်။
လူဟာ
ဘုရားမဟုတ်တဲ့အတွက်ကြောင့် လူနဲ့တူအောင်နေ၊ လူလိုပဲလုပ်ပြီး လူလောက်ပဲလုပ်ကြဖို့ အရေးကြီးပါတယ်။
ဒီလိုမှမဟုတ်ဘဲ လောဘဇောတက်နေရင် သူများထက် နှာတဖျား ခေါင်းတလုံး မြင့်တတ်ချင်နေပြီး
လူနဲ့မတူအောင် ကြိုးစားရင်တော့ ကိုယ်ကျိုးနည်းဖြစ်ရတဲ့ ဆုလဒ်နဲ့ တိုးဖို့အကြောင်းသာ
ရှိတော့ပါမယ်။ ဒီထက်လည်း ဘာမှ မပိုနိုင်ပါဘူး။
စိတ်တွေကို
ဘောင်တခုထဲမှာ ထောင်မချထားပါနဲ့။ ပေးဆပ်တယ်ဆိုတဲ့စကားကြီးနဲ့ မွန်းကြပ်မနေပါနဲ့။ ဒီလိုမှ
မဟုတ်ရင် ဘယ်သူမှမလုပ်ဘဲ ကိုယ့်ဟာကို ချည်နှောင်ထားတဲ့ ကြိုးတွေနဲ့ ကိုယ်က ပြန်ပြီးတော့
အကျဉ်းသား ဖြစ်ရတဲ့ဘဝအဖြစ်ကို ရောက်သွားနိုင်ပါတယ်။ ဘဝဆိုတာ တချိန်လုံးကြီး လေးနက်တင်းကြပ်နေဖို့ရန်
မလိုအပ်ပါဘူး။ အဲဒီလိုသာနေခဲ့မယ်ဆိုရင် လူ့ရဲ့ရုပ်ရည်က အိုစာသွားပြီး ကိုယ့်ကိုကိုယ်
အားမရဖြစ်ရင်းနဲ့ အသက်တိုတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကမ္ဘာလောကကြီးနဲ့ ဘုရားသခင်က စာရှုသူတို့ကို
အဲဒီလောက်ထိ မညှင်းဆဲပါဘူး။ မတောင်းဆိုပါဘူး။ မျှော်လည်း မမျှော်လင့်ပါဘူး။ အမှန်တကယ်တော့
လောကအမြင်ဆိုင်ရာ အပိုင်းကဏ္ဍတွေနဲ့ ပတ်သက်လာရင်တော့ ကိုယ့်ဟာကို ဒုက္ခပေးထားမိနေကြတဲ့အဖြစ်က
များပါတယ်။
သမ္မာကျမ်းစာက
ဘာပြောလဲ
(ဆာလံကျမ်း
၁၀၃း၁၄) - ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။
အဲဒါဘာကြောင့်လဲ။
ဗီဇသဘာဝကြောင့်ပါပဲ။ လောက်ကောင်ဟာ လောက်ကောင်သာသာပါပဲ။ လောက်ကောင်း လောက်မြတ်အနေနဲ့
ရှိနေနိုင်ပေမဲ့ သူ့ရဲ့ဖြစ်တည်မှုဗီဇသဘောကို ပြောင်းလဲပယ်လှန်ပစ်လို့ မရပါဘူး။ (know
thyself) မိမိကိုယ်ကိုမိမိ သိရှိခြင်းဆိုတာ အဲဒါပါပဲ။ အဲဒါက မှန်သော အသိပညာ သိမှုဗေဒရဲ့အစ
အခြေခံအဆင့်ပါပဲ။
(ယေရမိ ၁၃း၂၃) အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း ကျားသစ်သည် မိမိအကွက်အကြား တို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကို ပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။
ဆိုလိုတာက နေချင်သလိုနေ ဖြစ်ချင်တာဖြစ် လုပ်ချင်သလိုလုပ်
ဘာမှမထူးဘူးဆိုတဲ့ လူမိုက်အားပေးသဘောတော့ မဟုတ်ပါဘူး။ လူဟာ ကောင်းဖို့လိုတယ်။ ကောင်းအောင်နေဖို့လည်း
ဘုရားက အလိုရှိတယ်။ နည်းလမ်းလည်း ပေးထားပြီးဖြစ်ပါတယ်။ သို့ရာတွင် ဒီလိုအခြေအနေတခုရောက်နိုင်ဖို့ရန်အတွက်
လူဟာ ကိုယ့်စိတ် ကိုယ့်အားနဲ့တော့ ဘယ်လိုမှ မရပါဘူးဆိုတဲ့ လူ့ရဲ့ဖြစ်တည်မှုနဲ့ သူ့ရဲ့တတ်စွမ်းနိုင်မှုနယ်ပယ်
အတိုင်းအတာ ကန့်သတ်ချက်ဘောင်ကို ဖန်ဆင်းရှင်ဘုရားက ဖော်ပြအသိပေးထားပြီး သူ့ထံမှာ နည်းနာခံယူဖို့ရန်
လိုအပ်ကြောင်း ညွှန်ပြနေခြင်းဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်
တင်အောင်လွင် (Exodus)
(စာရေးသူ တင်အောင်လွင် (Exodus)သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦး ဖြစ်သည်)