ဇန်နဝါရီ (၂၄)ရက်က အဆက်
အားလုံးအသစ်ဆိုခဲ့ရင်
နေ့ရက်အသစ်တွေလာတဲ့အခါမှာ ညတွေကော အတူပါမလာတော့ဘူးလား။ အလင်းနဲ့အမှောင်ဆိုတာ ခွဲခြားလို့မှ မရတာ။ Relativeသဘောတရားအတိုင်းပါပဲလေ။ ဒါဟာ သဘာဝတရားပဲ။ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်၊ အကောက်နဲ့အဖြောင့်ဆိုတာတွေက လောကကြီးမှာ ဒွန်တွဲပြီးရှိနေမဲ့ အရာတွေပါပဲ။ ကိုယ်မကြိုက်လို့ဆိုပြီး ကွက်ပြီး လှီးထုတ်၊ ဖဲ့ထုတ်၊ ချန်လှပ်ထားလို့မှ မရတာကိုး။ လောကဓံတရား ရှစ်ပါးနဲ့လည်း လူမှန်သမျှတို့က ကင်းလို့မှ မရတာ။ အဲဒီမှာ အကောင်းလို့ လူတွေ သတ်မှတ်တဲ့သဘောက လေးမျိုးဖြစ်ပြီး မကောင်းမသင့်တော်ဘူးလို့ သတ်မှတ်တာက လေးမျိုး။ ဒါကြောင့်လည်း လောကဓံတရား ရှစ်ပါးလို့ ခေါ်ကြသပေါ့။ မကြိုက်တဲ့အရာလေးမျိုးကို ဘဝတွေထဲကနေ လှီးထုတ်၊ ဖဲ့ထုတ်၊ ချန်လှပ်ထားလို့လည်း မရပြန်ပါဘူး။ သူ့အလှည့်နဲ့သူ အမြဲလာရောက်နေမှာပါပဲ။ ရင်ဆိုင်ကျော်ဖြတ်ကြဖို့အတွက် လူနဲ့အတူ ဘုရားပါရှိနေဖို့ လိုအပ်ပါတယ်။ သို့ကဲ့သို့ ပါရှိပါမှကို ဖြစ်နိုင်တာပါ။
လောကကို
အောင်ခြင်းဆိုတာ ဘုရားနဲ့အတူ ကျော်ဖြတ်ခြင်းကို ဆိုလိုတာပါ။ ကျည်ကာအင်္ကျီမရှိဘဲ တိုက်ပွဲဝင်တဲ့သူနဲ့
မီးခံဝတ်စုံမရှိဘဲ မီးတောထဲ ဖြတ်ပြေးရတဲ့ မီးသတ်သမားလို ကွာပါတယ်။ ဘုရားရဲ့ ကွယ်ကာစောင်မခြင်း
တန်ခိုးပေါ့။
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊
အလုပ်အကိုင်သစ်၊ ရည်ရွယ်ချက်သစ်၊ ဆုံးဖြတ်ချက်သစ်၊ အိမ်သစ်၊ ကားသစ်ဆိုတာကို မျှော်လင့်လက်ခံနိုင်တယ်ဆိုပေမဲ့လည်း
အသစ်ဖြစ်လို့ မရတဲ့အရာတွေလည်း ရှိနေပြန်တယ်။ အသစ်ဆိုတိုင်း ဝမ်းသာအားရ လက်ခံလို့မရတဲ့
အပိုင်းကဏ္ဍတွေလည်း ရှိနေပြန်ပါသကော။ ဉပမာအားဖြင့် လင်အသစ်၊ မယားအသစ်၊ ဒုက္ခအသစ်၊
ကိုယ်တခါမှ မဖြစ်ဖူးသေးတဲ့ ရောဂါအသစ်၊ ရန်သူအသစ်တွေ၊ IDP Campအသစ်၊ အကြွေးစာရင်းအသစ်တွေကို
ဘုရားက ဒီနှစ်ထဲမှာ ကောင်းချီးမင်္ဂလာအနေနဲ့ မစချပေးသွန်းလောင်းတော်မူမယ်ဆိုခဲ့ရင်
စာရှုသူတို့ စာရေးသူတို့ ဝမ်းသာအားရလက်ခံရဲကြပါမလား။ အသစ်ဆိုတိုင်း ကောင်းတာမဟုတ်မှန်း၊
အသစ်ဆိုတိုင်း လိုအပ်တာမဟုတ်မှန်း အဲဒီအခါကြမှသာ သိကြပါလိမ့်မယ်။ သဘောတရားကို တင်ပြခြင်းမျှသာဖြစ်ပါတယ်။
၂၀၁၉ - ၂၀ - ၂၁ ကွင်းဖွင့်ဖလားမှတ်တမ်းများ
ဇန်နဝါရီလ
၁ရက်နေ့
အဲဒီနေ့မနက်က စောစောစီးစီးနိုးပြီး
စိတ်ကြည်လက်သာတဲ့အခိုက်အတန့်မှာ Facebookဖွင့်ကြည့်လိုက်တော့ယိုးဒယားနိုင်ငံမှာ ခုနှစ်လောင်းပြိုင်လူသတ်မှုတခု။
ဘုရားသခင်... ကွင်းဖွင့်ဖလားက ကြမ်းလှချည်လား။ Shareမလုပ်တော့ဘူး။
ဇန်နဝါရီ
၂ရက်နေ့
BGFနယ်ခြားစောင့်တပ်သားအချင်းချင်း ပစ်သတ်ကြတာ ငါးလောင်းပြိုင်ဆိုပဲ။ ဘုရားသခင် ... Shareမလုပ်တော့ဘူး။
ဇန်နဝါရီ ၃ရက်နေ့
၃ရက်နေ့နဲ့ ၄ရက်နေ့ မနက်အကူး
မြန်မာ့လွတ်လပ်ရေးနေ့ ရခိုင်မှာ ကင်းစခန်းလေးခုကို AAက ဝင်တိုက်လိုက်တာ ဆယ့်သုံးလောင်းကျဆုံးသတဲ့။
ဘုရားသခင် ... ကြာလေ ဆိုးလေပါလား။
ဩဇီတောမီးလောင်၊ ၂၀၁၉တုန်းက အကောင်းကြီး။
Happy New Yearလို့ ဝိုင်းအော်ကြိုဆိုကြပြီးမှ ဖြစ်တာလေ။ နှစ်သစ် New Yearဆိုတာ
ဒါကြီးလား။ ဒီလူတွေက နှစ်သစ်ထဲမှာမှ မသာအသစ်တွေအဖြစ်နဲ့ လောကကြီးထဲကနေ
ထွက်ခွာသွားကြပြန်ပါပကော။ ဒီလိုနဲ့ အမှုအသစ်၊ အပြစ်ဒုစရိုက်အသစ် ၊ ရောဂါအသစ်၊ တိုက်ပွဲအသစ်တွေနဲ့
တုန်လှုပ်ခြောက်ခြားဖွယ်ရာနှစ်သစ်ဆိုတာကြီး ဖြစ်ပေါ်လာတယ်။ ခံနိုင်ရည်နဲ့ ရင့်ကျက်ခြင်းသည်သာ
စာရေးသူတို့ရဲ့ တခုတည်းသော ထွက်ပေါက်အနေနဲ့ ကျန်ခဲ့ပါတယ်။ ဒုက္ခပြဿနာဆိုတာတွေက
နည်းနိုင်သမျှနည်းအောင် လျှော့ချရင်း ဘဝခရီးကို ဆက်လက်ချီတက်ကြရမှာပါပဲ။ အတောင်တော်
အရိပ်အောက်မှာနေတဲ့သူတိုင်း ဘေးလွတ်လုံခြုံပါလိမ့်မယ်။
ဆာလံကျမ်း (၈၄း၁၀) တံတိုင်းတော်တို့အတွင်း၌နေသော
တစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက် သာ၍ကောင်း၏။
(ဒေသနာကျမ်း ၁း၁၀) နေအောက်မှာ အသစ်သောအမှုအရာမရှိ။
ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသောအမှုအရာ တစ်စုံတစ်ခုရှိသလော။
(၂ကော ၅း၁၇) လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။
ဟောင်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်
ဖြစ်ကြ၏။
လူဆိုးကနေ လူကောင်းဖြစ်ဖို့ထက်
လူဟောင်းဘဝကနေ လူသစ်ဘဝရောက်ခြင်းသည်ကသာ အသစ်၊ သတ္တဝါအသစ်ဖြစ်ခြင်း အစစ်ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ယေရှုခရစ်တော်၏ အခန်းကဏ္ဍသည် လောကကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်သော
အရာဖြစ်ပါတော့သည်၊။
တင်အောင်လွင် (Exodus)
(စာရေးသူ တင်အောင်လွင် (Exodus)သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် စာရေးဆရာတဦး ဖြစ်သည်)