ဘုရားသခင်ကို ချစ်သောသူ

၁။ ချစ်ရင် ဆက်သွယ်မှုရှိတယ်

နေ့စဉ်ဘုရားနဲ့ Personal Worship ရှိရဲ့လား။
ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း ဆင်ခြင်အောက်မေ့ခြင်းစတဲ့
ဘုရားနဲ့အပြန်အလှန် ဝိညာဉ်ထဲ၌ ဆက်သွယ်မှုရှိမရှိစစ်ဆေးဖို့ပါ။
ကြိုးစားဖတ်တာမျိုး ကြိုးစားဆုတောင်းတာမျိုး မဟုတ်ဘဲ
အထဲက ဝိညာဉ်ရဲ့ဆာငတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆက်သွယ်မှုမျိုးပါ။
ဘုရားကို တကယ်ချစ်တဲ့သူက ဘုရားနဲ့ မဆက်သွယ်ဘဲ မနေနိုင်ဘူး။

၂။ ချစ်ရင် အချိန်ပေးတယ်

ကျွန်ုပ်တို့ ဘုရားကို အချိန်ပေးမှုရှိရဲ့လားပေါ့။
မနက်နိုး​တာနဲ့ ဘုရားကိုအရင်ချီးမွမ်းလား ဖုန်းအရင်ကောက်ကိုင်လား။
ဘုရားက ကျွန်ုပ်တို့ကို အချိန်ပေးချစ်တာမဟုတ်ပါဘူး... အချိန်ပြည့်ချစ်တာပါ။
ကျွန်ုပ်တို့အနေနဲ့ ဘုရားကို အချိန်ပြည့်မဟုတ်တောင် အချိန်ပေးချစ်ဖို့ အခုပဲ စတင်ရပါမယ်။

ငါတရက်မှာ ၁၀မိနစ် ဘုရားနဲ့အချိန်စယူကြည့်မယ်။
အဲ့ဒီကနေ တဖြည်းဖြည်း တိုးတိုးသွားပြီး
ဘုရားကိုပေးတဲ့အချိန် တိုးသွားလို့ရပါတယ်။
ဘုရားကို တကယ်ချစ်တဲ့သူက ဘုရားကို အချိန်မပေးဘဲ မနေဘူး။

၃။ ချစ်ရင် လေးစားမှု ရှိတယ်

ဘုရားက ကျွန်ုပ်တို့ကိုလေးစားပါတယ်။
ကိုယ်ဖန်ဆင်းတဲ့လူ သူပစ်ထားလည်းရရက်နဲ့ အသေခံတဲ့ အထိချစ်တာပါ။
လေးစားခြင်းထက် တန်ဖိုးထား မြတ်နိုးခြင်းလို့ခေါ်ရင် ပိုမှန်မလားပဲ။
ဘုရားကိုချစ်တယ်ဆိုရင် ဘုရားကိုရိုသေလေးမြတ်ခြင်းရှိတယ်။
ဘုရားကို တကယ်ချစ်တဲ့သူက
ဘုရားဘုန်း ရှုတ်ချစရာ ဘုရားနာမ ထိခိုက်စေတာမျိုး မလုပ်ဘူး။
ကြိုးစားထိန်းထားတာမဟုတ်ဘူး လုပ်ကို မလုပ်တာ။
ဘုရားကို တကယ်ချစ်တဲ့သူက ဘုရားကို ရိုသေလေးမြတ်ခြင်းမရှိဘဲ မနေပါဘူး။

ကဲ သင်ဘုရားကို တကယ်ချစ်ရဲ့လား။

Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)