လွတ်ခြင်း (၃)မျိုး

လွတ်ခြင်း (၃)မျိုးကို ယုံကြည်ခြင်း၊ သိခြင်း၊ လက်ခံခြင်း (၃)မျိုးနဲ့သာ ရနိုင်ပါတယ်။

၁။ ယေရှုကိုယုံကြည်ရန်လိုပါတယ်။
"သား​သည် သင်​တို့​ကို​လွှတ်​လျှင်၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​ကြ​လိမ့်​မည်။-”(ယော ၈း၃၆)
ဝိညာဉ်ကယ်တင်ခြင်း လွတ်ခြင်းရဖို့ရန် ယေရှုကိုသိရုံနဲ့ ဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက်ကို လက်ခံရုံနဲ့ ကယ်တင်ခြင်းမရနိုင်ပါဘူး။ မိမိကိုယ်တိုင် ယေရှုခရစ်တော်ကို အပြစ်မှကယ်တင်ရှင်အဖြစ် ယုံကြည်ရမယ်။ ကျမ်းစာက  “သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။-” (ယော ‬၃း၁၈)မှာ ဆိုထားတယ်။

ယေရှုခရစ်ဟာ အပြစ်သားကျွန်ုပ်တို့အတွက်ကြောင့် အသေခံပေးခြင်းနဲ့ ဘုရားသခင်က အသေခံပြီးမှ သုံးရက်မြောက်တဲ့နေ့မှာ ပြန်လည်ထမြောက်စေတယ်ဆိုတာကို ယုံကြည်ခိုင်းထားတာပါ။ (ရောမ ၁၀:၉-၁၀) ဧဝံဂေလိတရားရဲ့ အထိကအချုပ်လည်း ဒီအချက် (၁ ကော ၁၅:၃-၄) ဖြစ်ပါတယ်။ ယေရှုကို ယုံကြည်မှ ဘုရားက အပြစ်လွှတ်စေပါတယ်။ အသက်တာမပြောင်းလဲတဲ့ ခရစ်ယာန်တွေက ဦးနောက်အသိနဲ့ နတ်ဆိုးတို့လို ယုံကြည်နေတာပါ။ (ယာကုပ် ၂:၁၉) နတ်ဆိုးတို့ပင်လျင် ဘုရားကိုဦးနောက်အသိနဲ့ ယုံကြည်တာပင် ကြောက်ရွံ့တုန်လှုပ်ကြတယ်။ ဒီခေတ်ခရစ်ယာန်တွေ ဘုရားရှိခိုးသွားတာ ကျမ်းစာအုပ်မေ့ကျန်ရင် ပြန်မယူကြပေမဲ့ ဖုန်းတို့ ခိုင်နှင်းဘူး((Tobacco & Drug))တို့ မေ့ကျန်ရင် ပြန်ယူကြပါတယ်။ အသက်တာထဲမှာ စစ်မှန်တဲ့ပြောင်းလဲခြင်းမရှိလို့ ဘုရားကိုလည်း မကြောက်ကြတော့ဘူး။ ယေရှုကိုရတဲ့သူက ထာဝရအသက်ပဲ ရတာမဟုတ်ပါဘူး။ အသက်တာလည်း ပြောင်းလဲရတာပါ။ (၁ ယော ၁၀:၁၂)

၂။ သမ္မာတရားကိုသိရန်လိုတယ်။
"သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​..." (ယော ၈း၃၂)‭
အသက်တာမှာ လွတ်ခြင်းရဖို့ရန် သမ္မာတရားကို ယုံကြည်လက်ခံရုံနဲ့မရဘူး။ ရှင်းစွာ သိရပါမယ်။ (ယော ၁၇:၁၇)မှာ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်တယ်လို့ ဖော်ပြထားတယ်။ ယေရှုနဲ့သိကျွမ်းတဲ့သူဖြစ်ရမယ်။ ဂိုဏ်းဂနတခုရဲ့ အောက်မှာ ပုံစံခွက်ထဲအထည့်မခံပါနှင့်။ သမ္မာတရားမသိတဲ့သူတွေက အပြစ်သားပဲ အပြစ်လုပ်မှာပေါ့လို့ ဆိုတတ်ကြပါတယ်။ ကယ်တင်ခြင်းရပြီးရင် အပြစ်သားမဟုတ်တော့ပါဘူး။ ဖြောင့်မတ်ခြင်းတရားရဲ့ ကျွန်ဖြစ်ပြီလို့ (ရောမ ၆:၁၇-၁၈) ဖော်ပြပေးထားပါတယ်။ သမ္မာတရားကို အသက်တာထဲမှာ သိရှိမှသာ (ရောမ ၈:၃၂) ဖော်ပြပေးတဲ့ ခရစ်တော်အားဖြင့် ဘုရားပေးထားတဲ့ ခရစ်တော်ရဲ့ပုံသဏ္ဍာန်ပေါ်လွင်လာပြီး အသက်တာထဲမှာ ပေါ့ပါးလွတ်မြောက်လာမှာပါ။ သင့်ကို လောကသားတွေမြင်တဲ့အခါ ခရစ်တော်ကို မြင်သွားဘို့ ဘုရားသခင်ရဲ့ သမ္မာတရားအကြံအစည်ဖြစ်ပါတယ်။

၃။ ဝိညာဉ်တော်ကိုလက်ခံပါလို့ သခင်ယေရှုမိန့်မှာထားပါတယ်။
“သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။-” (၂ ကော ၃း၁၇)
ဝိညာဉ်ရေး ချည်နှောင်မှုမှ လွ​တ်မြောက်ရန် သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်ရုံ သိရုံနဲ့မရဘူး။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရန် သွန်သင်ထားပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်လို့ သူ့ရဲ့အလုပ်ကိုလည်းလက်ခံရပါမယ်။ အစာရှောင်ဆုတောင်းပါ။ ချည်နှောင်စေတဲ့မာရ်နတ်ကို နှင်ထုတ်နိုင်မယ်လို့ (မဿဲ ၁၇◌း၂၁‬)ထဲမှာ မိန့်မှာထားပါတယ်။ ဝိညာဉ်တော်ကို လက်ခံရင် သင့်အသက်တာအားဖြင့် သူစီးဆင်းလာနိုင်ရန် ဆုတောင်းတဲ့အသက်တာဖြစ်ဖို့ရန် အင်မတန်လိုအပ်လှပါတယ်။ ဝိညာဉ်တော်ကို အပြည့်အဝလက်ခံပြီး ပြည့်ဝပါ။ ချည်နှောင်စေတဲ့ ထုံးတမ်းစဉ်လာတွေအထဲက လွတ်မြောက်ပြီးလန်းဆန်းလျက် သဘာဝရဲ့အထက်မှာ ပျံသန်းခွင့်ပေးလာပါလိမ့်မယ်။

၂၀၂၁ မှာ ခန္ဓာ၊ စိတ်၊ ဝိညာဉ် လွတ်မြောက်ကျန်းမာပျော်ရွှင်ဝမ်းမြောက်နိုင်ကြပါစေ။

ဆရာခိုင်တွမ်း

(ဆောင်းပါးရှင် ဆရာခိုင်တွမ်းသည် တရားဟောချက်ဆောင်းပါးများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦး ဖြစ်သည်)