ကျနော်တို့အသင်းတော် လူငယ်ဌာနက မင်္ဂလာအခမ်းအနားပြင်ဆင်တဲ့အလုပ်နဲ့ ရံပုံငွေရှာပါတယ်။
မင်္ဂလာဆောင်အခမ်းအနားတခုပြင်ဆင်စရိတ်ကို သုံးသောင်းကျပ်နဲ့ တနှစ်ကို ပွဲနှစ်ဆယ်လောက်
လုပ်ဖြစ်ပါတယ်။ လူငယ်တွေ အများကြီးရှိပေမဲ့လည်း လုပ်တဲ့သူကလုပ်
မလုပ်တဲ့သူကမလုပ်နဲ့ပေါ့။ မေတ္တာတရားနဲ့ အခြေခံတည်ဆောက်ထားတဲ့ အသင်းတော်မှာ
ဘုရားသခင်ရဲ့ကျေးဇူးကို များများခံစားရကြောင်း သိတဲ့သူက အခြားသူများထက်ပိုပြီး အစေခံကြပါတယ်။
ရရှိလာတဲ့ရံပုံငွေကိုတော့ နှစ်စဉ်လူငယ်များ ကျမ်းစာသင်တန်းနှင့် မကျန်းမာတဲ့လူငယ်တွေကို
ကူညီမစပါတယ်။
တနေ့သောနံနက် ၈နာရီအချိန်လောက်လေးမှာ မောင်မောင်မြင့်ဆိုတဲ့ လူငယ်တယောက်
အိမ်ကို ရောက်လာတယ်။
“ဆရာနေ ရှိလား”
“အေး ရှိတယ်… ။ ဪ မောင်မောင်မြင့် ဘာဖြစ်လို့လဲကွ”
“ဒီလိုပဲ ဆရာရေ...။ ညက ဆရာ့တပည့်တွေ
ရန်ဖြစ်ကြတာ ဗြောင်းဆန်နေတာပဲ”
“ဘယ်တပည့်လဲကွ... မင်းနာမည်ပြောမှ
ငါသိမှာပေါ့”
“ကျော်စွာတို့ လင်မယားပါ ဆရာ...။ ဒီမနက်
ဟေမာန်က အထုပ်အပိုးတွေနဲ့ သူ့အမေအိမ်ကို ပြန်သွားပြီ”
“ဘယ်လိုဖြစ်ကြတာလဲကွာ...။ မင်္ဂလာဆောင်ပြီးတာမှ
တလတောင်မပြည့်သေးဘူး”
“အဲဒါတော့ ကျနော်လည်းမသိဘူး ဆရာ...။
ဆရာနည်းနည်းပါးပါး သွားဖြေရှင်းလိုက်ပါဦး။ ဆရာ့ကို တမင်သက်သက် လာအသိပေးတာ”
“ကဲ ဟုတ်ပါပြီကွာ...။ ငါသွားလိုက်ပါ့မယ်”
မောင်မောင်မြင့် ပြန်သွားပြီးတဲ့နောက်မှာတော့ အိုးကမပူ စလောင်းကပူ အိမ်ရှေ့ဆူတော့
အိမ်နောက်ကလည်း မချမ်းသာတော့ပါ့။ ဒါပေမဲ့ ကျနော်ချက်ချင်း မသွားနိုင်ခဲ့ပါ။
နှစ်ရက်ကြာမှ သွားဖြစ်ခဲ့ပါသည်။ ကျော်စွာတို့ အိမ်ရောက်တော့ လင်မယားနှစ်ယောက်
မျက်နှာချင်းဆိုင် ထမင်းစားနေကြပြီး ကျနော့်ကိုမြင်တော့ ပြုံးဖြီးဖြီးလုပ်နေကြသည်။
ကျနော်လာရင်းအကြောင်းကို သူတို့သိကြပုံပါပဲ။ ဒီလိုနဲ့ သူတို့ထမင်းစားအပြီးမှာ စကားပြောဖြစ်ကြသည်။
ပထမဆုံးအနေဖြင့် အမျိုးသမီးဖြစ်သူက စကားအစပျိုးရန်ရှိသေး ကျနော်က လက်ဝါးကာလိုက်ပြီး
“မင်းတို့ငါ့ကို ဘာမှရှင်းပြစရာမလိုပါဘူး။
မင်းတို့နှစ်ယောက်ပြောတာကို နားထောင်ပြီး ဖြေရှင်းရအောင် ငါ တရားသူကြီးမဟုတ်ဘူးလေ။
ပြီးတော့ ဒီအိမ်ကလည်း တရားရုံးမှ မဟုတ်တာဘဲ။ ငါပြောတာကို မင်းတို့ နားထောင်ပေးပါ။
မင်းတို့ မင်္ဂလာဆောင်ပြီး တလမပြည့်သေးဘူး။ အခုချိန်မှာ မင်းတို့ ဒီလိုဖြစ်တာ မထူးဆန်းပါဘူး။
ငါ မင်းတို့နှစ်ယောက်ကို အပြစ်မတင်ပါဘူးကွာ။ ဘောလုံးသမားတွေရဲ့စကားနဲ့ ပြောရရင်
မင်းတို့ အချိတ်အဆက် မမိသေးလို့ပါ။ တယောက်အထာတယောက် မသိကြသေးလို့ပါ။ ဒါပေမဲ့ ဒီလို
မကြာခဏရှေ့ဆက်ဖြစ်ရင်တော့ မကောင်းဘူးနော်။ မင်းတို့က ခရစ်ယာန်တွေ လူရှေ့ ဘုရားရှေ့မှာ
ကတိသစ္စာဆို လက်ထပ်ထားကြတာ။ ဝက်သားအချိန် ၈၀လောက်အကုန်ခံပြီး ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနား မင်္ဂလာဆောင်ခဲ့ကြတာလေ။ ကြီးကျယ်ခမ်းနားစွာနဲ့ အကုန်ကျခံပြီး မင်္ဂလာဆောင်ကြပြီး
ကွဲကြ ကွာကြတဲ့ အိမ်ထောင်တွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ ခရစ်ယာန်တွေရဲ့ မင်္ဂလာဆောင်ခြင်းဆိုတာ
ထာဝရမင်္ဂလာကွ။ တချို့ မင်္ဂလာဆောင်တာတွေက နှစ်ဘက်ဆွေမျိုးတွေနဲ့ အခမ်းအနားမှာ တာဝန်ရှိသူတွေရဲ့အရှေ့မှာ
အစီအစဉ်အရ တနာရီကျော်ကျော်လောက်သာရှိတဲ့ မင်္ဂလာပွဲတွေ ဒီနေ့ခေတ်မှာ အများကြီးတွေ့ရတယ်။
မင်္ဂလာဆောင်ပြီးတာနဲ့ လက်ဖွဲ့ခွဲတဲ့ကိစ္စကနေ ဘယ်အိမ်မှာ နေကြမလဲ။ သူ့အမေအိမ်မှာ နေကြမယ်။
ငါ့အမေအိမ်မှာ နေကြမယ်။ သူ့ရွာမှာ နေမယ်။ ငါ့ရွာမှာ နေမယ်။ သူတို့တွေရဲ့ မင်္ဂလာက
တဒင်္ဂလေးပဲရှိတယ်။ စတိတ်စင်ပေါ်မှာ ခဏပဲရှိတဲ့ မင်္ဂလာကို တဒင်္ဂမင်္ဂလာလို့ ခေါ်တယ်။
တချို့ကျတော့ တသက်လုံးမင်္ဂလာရှိတဲ့ ထာဝရမင်္ဂလာရှိတဲ့ မင်္ဂလာဆောင်ခြင်းမျိုးပေါ့ကွာ။
မင်္ဂလာဆောင်တယ်ဆိုတာ မင်္ဂလာရှိတဲ့လူတွေဖြစ်လို့ ပြီးတော့ အိမ်ထောင်တခုကို မင်္ဂလာဆောင်ခြင်းနဲ့
အစပြုတာ မင်္ဂလာရှိလို့ပေါ့ကွာ။ ငါလည်း အိမ်ထောင်ကျကာစက စကားများဖူးတယ်။ အခုမင်းတို့ကိုပြောမဲ့
အကြောင်းအရာတွေကို သိပြီး ဆင်ခြင်မိသွားတယ်။ ငါလည်း စတိတ်စင်ပေါ်မှာလောက်သာ မင်္ဂလာရှိတဲ့
တဒင်္ဂမင်္ဂလာ မဖြစ်ချင်ဘူး။ ငါ့အတွေးထဲကို ဝင်လာတဲ့အရာတခုရှိတယ်။ အဲဒါကတော့ ဧမာနွေလ
ငါတို့နဲ့ အတူရှိတဲ့ဘုရား။ မင်းတို့လည်း သိကြပါတယ်။ ငါတို့ကိုးကွယ်တဲ့ဘုရားက ငါတို့နဲ့
အချိန်တိုင်း နေရာတိုင်း အတူရှိတယ်ဆိုတာကိုလေ။ ဒီလိုဆိုတော့ကွာ... ငါတို့
စကားများရန်ဖြစ်တဲ့အချိန်တိုင်း ငါတို့အနားမှာ သူရှိနေတယ်။ ဘယ်လောက် အားနာဖို့ကောင်းလည်း
စဉ်းစားကြည့်။ ဥပမာ မင်းတို့ရဲ့ သင်းအုပ်ဆရာတော်ကြီး မင်းတို့အိမ်မှာ ငုတ်တုတ်ထိုင်နေတယ်ဆိုပါတော့။
အဲဒီအချိန်မှာ မင်းတို့ ရန်ထဖြစ်ကြမလား။ မင်းအတို့ နှစ်ယောက်လုံးဖြေကြည့်ပါ”
လင်မယားနှစ်ယောက်လုံးပြိုင်တူဖြေလိုက်ပုံက
“ဘယ်ဖြစ်မလဲ ဆရာရယ်”တဲ့။
“မင်းတို့နှစ်ယောက်က အသိဉာဏ်ရှိသူတွေပါပဲ။
ဒါပေမဲ့ ဆရာကြီးပြန်မဲ့အချိန်တော့ မင်းတို့ စောင့်ကြအုံးပေါ့ကွာ”
သူတို့ဇနီးမောင်နှံနှစ်ယောက် တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနေကြတယ်။
“ပြီးတော့ ဆရာကြီးမပြန်မချင်း မင်းတို့ပြဿနာ
အပြေလည်မှုတွေကို ထိန်းချုပ်ထားကြမယ် မဟုတ်လားကွ။ ငါလည်း ဒီလိုဖြစ်ဖူးတယ်။ အခု ဧမာနွေလဆိုတဲ့ဘုရားက
ဘယ်တော့မှ မင်းတို့အနားက ထွက်သွားမှာ မဟုတ်ဘူး။ ကပ်ကမ္ဘာကုန်တဲ့အထိရှိနေမှာ။ မင်းတို့အနားမှာ
သင်းအုပ်ဆရာကြီး ဒါမှမဟုတ်ရင် ဝန်ကြီးချုပ်ရှိနေမယ်ရင် သူတို့ကို ရိုသေလေးစားပြီး
စကားများရန်ဖြစ်တာတွေကို ရပ်ဆိုင်းထား၊ ထိန်းချုပ်ထားကြရတယ် မဟုတ်လား။ ဘုရားသခင်က
ဘုရင်တကာတို့ရဲ့ဘုရင် ဘုရားတကာတို့ရဲ့ဘုရားပါ။ အဲဒီတော့ အမြဲသတိရှိပါ။ အိမ်ထောင်အများစုမှာ
ပြဿနာဖြစ်လေ့ရှိတဲ့ အကြောင်းအရာတခုက ကိုယ့်အိမ်ထောင်ဘက်ရဲ့အကျင့်စရိုက်ကို ပြောင်းလဲဖို့
ကြိုးစားခြင်းပဲ”
ဤအခေါက်တွင်တော့ ခင်ပွန်းသည် ပြုံးနေသောကြောင့်
“ဘာပြုံးတာလဲကွာ”
“တိုက်ဆိုင်သွားလို့ပါ ဆရာ” တဲ့။
“အေး...။ ဇနီးသည်က ခင်ပွန်းသည်ကို ဒါမှမဟုတ်
ခင်ပွန်းသည်က ဇနီးသည်ကို တဖက်လူရဲ့ အကျင့်စရိုက်ကို ဇွတ်အင်းအပြောင်းလဲခိုင်းပါနဲ့။
ငါဆိုရင် လူပျိုဘဝကတည်းက ကွမ်းစားတတ်တယ်။ ဒါကို ငါ့အမျိုးသမီးလည်း သိတယ်။ သူကိုယ်တိုင်လည်း
ငါတို့ ချစ်သူဘဝမှာ ဝယ်ကျွေးဖူးတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကွမ်းဖြတ်ခိုင်းတယ်။
ငါကလည်း ဖြတ်လို့မရဘူး။ နောက်တော့ပြောပါလေရော...။ နင်က ငါ့ထက် ကွမ်းကို ပိုချစ်တယ်နော်တဲ့။
တယောက်ယောက်က သူ့အရှေ့မှာ ကွမ်းလျှော့စားပါဆရာရယ်။ ကွမ်းဖြတ်ပါလား ဆရာရယ်လို့ ပြောရင်တော့...
နင်တို့ဆရာက ကွမ်းတော့ဖြတ်မှာ မဟုတ်ဘူး။ သူ့မယားကိုသာ ဖြတ်ချင်ဖြတ်မယ်ဆိုပြီး
ကွမ်းကိစ္စနဲ့ စကားများဖူးတယ်။ သူက ငါ့ကိုကောင်းစေချင်တဲ့စေတနာနဲ့ဆိုတာ ငါသိတယ်။
အခုတော့ သူနားလည်သွားပါပြီ။ သူ့ရဲ့ခင်ပွန်းသည်က သူတော်စင်တယောက်မဟုတ်ဘူး ဆိုတာလေ။ ဒါ့ကြောင့်
ကိုယ့်အိမ်ထောင်ဘက်က သူတော်စင်တယောက်မဟုတ်ဘူးဆိုတာကို နားလည်ထားဖို့ လိုသလို သူတော်စင်ကောင်းဖြစ်ဖို့ကိုလည်း
သူ့ဘာသာသူ ပြုပြင်ကြိုးစားရယူရမှာပဲ။ ဒါပေမဲ့ ဘုရားအကူအညီကတော့ အသေအချာ ယူရလိမ့်မယ်။
မင်းတို့ တဦးနဲ့တဦး ချစ်လို့ လက်ထပ်ခဲ့ကြတယ်။ အခုလိုအချိန်မှာ မင်းတို့အချစ်ကို
မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဖိုတော့ လိုအပ်သေးတယ်။ လူတွေက အချစ်ကို အမျိုးမျိုး
အနက်အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ လူတွေ ဘယ်လို ဖွင့်ဆိုကြသလဲဆိုတာကိုတော့ ငါမပြောတော့ဘူး။
ဘုရားသခင်ကတော့ အချစ်ကို ၁ပေ၄း၈မှာ အခြားသော အမှုအရာထက်မက အချင်းချင်း အားကြီးသော
ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးကွယ်တတ်၏လို့
အနက်အဓိပ္ပါယ် ဖွင့်ထားပေးတယ်။ စစ်မှန်တဲ့ချစ်ခြင်းက အပြစ်မမြင်ခြင်းပဲ။ တယောက်နဲ့တယောက်
အပြစ်မြင်တယ်ဆိုတာ မချစ်ကြလို့ပါ။ ဘုရားသခင်က ငါတို့လူသားတွေကို ချစ်တဲ့အတွက် ငါတို့မှာရှိတဲ့အပြစ်တွေကို
မမြင်ခဲ့ဘူး။ မင်းတို့ချစ်သူဘဝတုန်းက ငါပြောသေးတယ်လေ။ ကျော်စွာ မင်းမှတ်မိလား”
“ဆရာပြောတာတွေက အများကြီးပဲလေ။
ဘယ်လိုလုပ်မှတ်မိမှာလဲ ဆရာရဲ့”
“မင်းရဲ့ချစ်သူကောင်းမလေးက မျက်လုံးနည်းနည်းစောင်းပြီး
ခြေထောက်ကလည်း ခွင်နေတယ်လေ။ အဲဒီတုန်းက မင်းရဲ့အချစ်တွေနဲ့ သူ့မှာရှိတဲ့အားနည်းချက်တွေ
အပြစ်တွေကို ဖုံးကွယ်ပေးခဲ့တယ်။ တကယ်တော့ အချစ်ဆိုတာ အပြစ်ကို ဖုံးကွယ်ခြင်းပါ။
မြန်မာစကားရှိတယ်။ လိုရင်အချစ် မလိုရင် အပြစ်တဲ့။ မင်းတို့ဘာကြောင့် စကားများ ရန်ဖြစ်ကြတယ်ဆိုတာကို
ငါမသိချင်ဘူး။ ဒါပေမဲ့ ကြီးမားတဲ့ပြဿနာအများစုက သေးငယ်တဲ့ ကိစ္စလေးတခုကို ပုံကြီးချဲ့တာကနေ
အစပြုတယ်။ ပုံကြီးချဲ့ချင်တယ်ဆိုရင် မင်းတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကိုပဲ ပုံကြီးချဲ့ကြပါတော့ကွာ”
နေတစ်စင်း (အင်းရဲကျွန်း)
(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ဓမ္မရေးရာစာစု၊ အတွေးအမြင်စာစုနှင့် ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)