ယုံကြည်သူတဦးဖြစ်စေ
အမှုတော်ဆောင်တယောက်ဖြစ်စေ ဘုရားသခင်ရဲ့ သာသနာမှာ အမှန်တကယ် လုပ်ဆောင်နေသူတိုင်း
လူအများရဲ့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်းများကို ခံဖူးကြုံတွေ့ဖူးကြမှာပါ။
လူဆိုတာ အစုအဖွဲ့နဲ့နေရတဲ့ သတ္တဝါတမျိုးလည်း ဖြစ်နေတော့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့
ကင်းကွာလို့မှ မရပေပဲကိုး။ တူယှဉ်တွဲရောယှက်ပြီးနေကြရတာ မဟုတ်ပါလား။
မိသားစုရင်းချာ
မိတ်ဆွေရင်းချာများဖြစ်နေပါစေဦးတော့ ပေါင်းသင်းနေရစဉ်ကာလမှာ မြှောက်ပင့်ပြီး ကစားနေသူများလည်းရှိတတ်ပါတယ်။
ရှိသမျှကို ထုတ်နှုတ်ယူငင်သွားတတ်ကြလည်း ရှိချေသေးတယ်။ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ရတဲ့အချိန်မှာ
စာရေးသူအနေနဲ့ တခါတရံ ခံနိုင်ရည်ရှိပေမဲ့လည်း တခါတရံမှာ စိတ်ဓာတ်ကျပြီး လူ့ပတ်ဝန်းကျင်မှာ
မနေလိုတော့တဲ့အထိ ဖြစ်သွားပါတယ်။ နို့ပေတဲ့ အဲဒီလိုအချိန်မျိုးမှာ “လူတွေအကြောင်းကို
ပိုသိရလေလေ ခွေးတွေကို ပိုချစ်တတ်လေလေ”လို့ ပြောစမတ်ပြုခဲ့ဖူးတဲ့ မဒမ်ဂိုးလင်းရဲ့ စကားကို
သတိရမိတော့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ ဝေဖန်ကဲ့ရဲ့ ပြစ်တင်ရှံ့ချတဲ့ အခြေအနေမျိုး ကြုံတွေ့လာရတဲ့အခါမှာ
ခံနိုင်ရည်ရှိရှိနဲ့ ကျော်လွှားနိုင်ဖို့ကား မလွယ်ကူလှပေမဲ့လည်း ကျော်လွှားရပေမည်။
တနေ့မှာ
ဇနီးဖြစ်သူက “နင်ဟာ ကျောက်သင်ပုန်းတချပ်လား။ ဒါမှမဟုတ် ကျောက်တံတချောင်းလား”လို့ မေးခွန်းထုတ်ပါတယ်။
စာရေးသူလည်း စိတ်မကြည်မလင်ဖြစ်နေတာကြောင့် “ငါဘာမှမဖြစ်ဘူး”လို့သာ ပြန်လည်ဖြေဆိုလိုက်မိပါတယ်။
“နင်က ကျောက်သင်ပုန်းတချပ်ဖြစ်ရမယ်။ နင့်ကိုနင် ကျောက်သင်ပုန်းလို့ ခံယူရမယ်။ ဒီလို
ခံယူလိုက်ရင် တလောကလုံးနဲ့ အဆင်ပြေသွားလိမ့်မယ်”လို့ စိတ်ထဲရှိတာကို တရစပ် ပြောနေပါတော့တယ်။
စာရေးသူလည်း
“ငါက ဘာဖြစ်လို့ ကျောက်သင်ပုန်းလို့ ခံယူရမှာလဲ”လို့ အလိုက်တသိပြန်ဖြေပြီးတဲ့ အခါမှာတော့
“ငါတို့ ခပ်ငယ်ငယ်အရွယ် သူငယ်တန်းစတက်တဲ့အချိန်တုန်းက ပထမဆုံး ကျောင်းမှာ ငါတို့နဲ့
ရင်းနှီးတဲ့မိတ်ဆွေက ကျောက်သင်ပုန်းလေ။ အတန်းထဲက ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေက ကျောင်းဆင်းတော့
သူတို့အိမ်သူတို့ ပြန်သွားကြတယ်။ ငါတို့နဲ့ အတူတူအိမ်ကို ပြန်လိုက်လာတာက ကျောက်သင်ပုန်းပဲရှိတာ။
ကျောင်းပိတ်ရက်တွေမှာလည်း ငါတို့နဲ့ မခွဲအတူရှိနေတာကလည်း ဒီကျောက်သင်ပုန်းပဲ”
တစုံတခုကို
လေးလေးနက်နက်ကြီးပြောနေတဲ့ အမျိုးသမီးက တံတွေးကို မြိုချလိုက်ရင်း ဆက်ပြောနေတယ်။ ကာရံညီနေတဲ့
တေးသွားတပုဒ်အလားပင်။
“ဟုတ်ပါတယ်။
အဲဒီတော့ ဘာဖြစ်လို့လဲ”ဟု စာရေးသူ မေးခွန်းပြန်ထုတ်မိတဲ့အချိန်မှာတော့
“ငါတို့တွေ
ဒီလောကကြီးထဲမှာ ရှင်သန်နေထိုင်တဲ့အချိန် စာတတ်ဖို့ ပညာတတ်ဖို့ လိုတယ်။ ဒီလိုဖြစ်လာဖို့
သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုသာ ရိုသေလေးစားကြတယ်။ ဦးညွတ်ကြတယ်။ အတုယူကြတယ်။ အခုချိန်ထိလည်း
ဆရာ၊ ဆရာမတွေ သူငယ်ချင်းတွေကို ငါတို့ မမေ့ကြပါဘူး။ ဒါပေမဲ့ ကျောက်သင်ပုန်းကိုတော့
မေ့နေကြတယ်”
စာရေးသူလည်း
စိတ်ပင်ပန်းနေတာကြောင့် ဇနီးသည်ပြောသမျှကိုသာ ငြိမ်ပြီး နားထောင်နေလိုက်သည်။
ဇနီးသည်က
ဆက်ပြောတယ်။
“ငါတို့
သူငယ်တန်းဘဝမှာ ဝလုံးလေးတွေကို ဝိုင်းအောင် ကျောက်သင်ပုန်းပေါ်မှာ စရေးခဲ့ကြတယ်။ နင်
မှတ်မိမှာပေါ့။ ရေးလိုက် ဖျက်လိုက်၊ ဖျက်လိုက် ရေးလိုက်နဲ့ နောက်ဆုံး ဝိုင်းအောင် ရေးတတ်သွားကြတယ်။
ဒီလိုနဲ့ သူငယ်တန်းဘဝကနေ နဝမတန်းအထိ ကျောက်သင်ပုန်းက ငါတို့နဲ့အတူရှိနေပေးခဲ့တယ်။ ဆရာ၊
ဆရာမတွေ သူငယ်ချင်းတွေ ဖတ်စာအုပ် ရေးစာအုပ်တွေအားလုံးက ငါတို့နဲ့အတူ ရှိမနေပေးကြတော့ဘူး။
ဒီ ကျောက်သင်ပုန်းက အင်္ဂလိပ်စာတွေ ရေးကျက်တဲ့အခါ သင်္ချာပုဒ်စာတွေ အကြမ်းလေ့ကျင့်တွက်ချက်တဲ့
အခါ မှာ အကူအညီပေးတယ်။ ကျောက်သင်ပုန်းရဲ့ ဂုဏ်သတ္တိက ရေးချင်ရာရေး၊ ရေးချင်တဲ့အချိန်ရေး၊
ရေးချင်သလောက်ရေးပြီးရင် ဖျက်ပစ်ရတယ်။ ဖျက်ပစ်ကြတယ်။ ရေးတဲ့သူကိုယ်တိုင်က မဖျက်ရင် ကျောက်သင်ပုန်းပေါ်မှာ နောက်ထပ် ရေးချင်တဲ့သူတယောက်က
ဖျက်တယ်။ ငါတို့ ရေးသမျှ ဖျက်သမျှကို ကျောက်သင်ပုန်းက မနာမကျင် သည်းခံပေးတယ်။ သူတို့အပေါ်မှာရေးတဲ့
ကျောက်တံတွေသာ တချောင်းပြီးတချောင်း ကုန်သာသွားတယ်။ ကျောက်သင်ပုန်းက ကျောက်သင်ပုန်းပဲ။
တန်ဖိုးလျော့မသွားဘူး။ သူ့ကြောင့် ငါတို့တွေ ပညာတတ်ဖြစ်လာကြတယ်။ ရပ်ရွာကို ဦးဆောင်သူတွေ
အသင်းတော်ကို ဦးဆောင်သူတွေ ဖြစ်လာကြတယ်။ ဒါကြောင့် နင်က ကျောက်သင်ပုန်းတချပ်ဖြစ်သင့်တယ်။
ကိုယ့်ကိုကိုယ် ကျောက်သင်ပုန်းလို့ ခံယူလိုက်ရင် လူတိုင်းနဲ့ အဆင်ပြေသွားလိမ့်မယ်။
ကျောက်တံလိုလူတွေက ပြောချင်ရာပြောမယ်။ ပြီးရင် ပြန်ဖျက်မယ်။ ငါ မှားသွားတယ်ကွာ၊ ငါတောင်းပန်ပါတယ်ကွာလို့
ဆက်ပြောနေဦးမှာပဲ။ ဒါပေမဲ့ ဒီလိုပြောလိုက်လို့ နင်ဝမ်းသာမသွားပါနဲ့ဦး။ သူတို့တွေ နောက်ထပ်
ရေးကြလိမ့်မယ်။ ရေးကြလိမ့်ဦးမယ်။ ရေးလိုက် ဖျက်လိုက်ပေါ့”
ကျောက်သင်ပုန်းလိုလူ…
ကျောက်သင်ပုန်းလိုလူ။ စာရှုသူကော ဘယ်လိုလူ ဖြစ်ချင်ပါသလဲ။
နေတစ်စင်း
(အင်းရဲကျွန်း)
(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ဓမ္မရေးရာစာစုနှင့် ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)