မှားယွင်းမှုများထဲက လမ်း

လမ်းလွဲသွားတဲ့ အတွေးစတစ်ချို့တို့ကို ကျောခိုင်းရင်း

ဒဏ်ရာဗရပွနဲ့ နှလုံးသားက

သမ္မာတရားကို တောင့်တမိချိန် ...

မှားနေတဲ့ အမှားတွေထက်

ဘယ်အရာမှ မခုံမင်မိဘူး

ဘောင်တွေ စည်းတွေ မကြိုက်လို့ ဘေးထွက်ခဲ့မှ

လုံခြုံမှု မရှိမှန်း သိလိုက်ရချိန် ...

ကိုယ်တော့်ဆီ ဆက်ကပ်အပ်နှံထားမှ

ကိုယ့်ကို အသုံးမပြုတော့သလို

ဆုတောင်းနေရင်းနဲ့

မေးခွန်းတွေ ထုတ်မိလာချိန် ...

လမ်းတလျှောက် ယေရှုနောက်လိုက်ရင်း

သောင်ပြင်က ခြေရာတစ်ခုပဲတွေ့လို့

သံသယကြီးစွာ ကြေကွဲခြင်းနဲ့ မေးမိချိန် ...

လမ်းဟောင်းပေါ်က အမှားတွေထဲ သင်ခန်းစာယူမိတော့

မျှော်လင့်ချက်ကြီးစွာ ဖက်တွယ်ခဲ့ဖူးတဲ့

နှိပ်စက်နေကျ

အတိတ်ရဲ့ အရိပ်မဲတွေထဲ

အခုထိ လမ်းပျောက်တုန်း ...

အနတ္တချောက်ထဲ မြောလွင့်ရင်း

သင်္ခါရတွေကို နားလည်ပြီးနောက်

'သူ'ညွှန်ပြခဲ့တဲ့

ထာဝရအတွက် စိတ်ချစရာကို

ရှာဖွေတွေ့ခဲ့တယ်။ 


L.R.ထား

(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)