(၁)
နံနက်ခင်းရဲ့ အလင်းရောင်က
တဖြည်းဖြည်း မြင့်တက်လာတယ်
တရိပ်ရိပ်နဲ့ အရိပ်တွေကျန်စေဖို့
ကိုယ့်ကိုယ်ကိုယ် အမိုးလုပ်တော့
အရိပ်တွေပဲ အရိပ်ရသွားတယ်. . .
(၂)
သဘာဝနဲ့ ဆန့်ကျင်တဲ့
အရသာကို ခုံမင်မိမှတော့
ဗြောင်းဆန်တဲ့ ဘဝမှာပျော်လိုက်ဦး . . .
(၃)
မနေ့ကလို . . .တနေ့ကလို
အသံမပါတဲ့ အကြည့်တွေကို ထိုင်ဖတ်
မက်လက်စ အိပ်မက်တွေ ဆက်မက်
မြန်ဆန်တဲ့ ပြောင်းလဲမှုတွေနောက်မှာ ကပ်ပြီးရပ်
နောက်ဆုံးတော့
မနေ့ကလို . . .တနေ့ကလို
အာရုဏ်ဦးကိုစောင့်ကြတာပေါ့ . . .
(၄)
အဟောင်းတွေကြားမှာ
အသစ်က မျက်နှာပွင့်တယ်
ဒါ . . .ခဏပါပဲ
အသစ်ဟာ အဟောင်းနဲ့တစ်သားတည်းကျ
ဟော!!!
အဟောင်းတွေ ပြန်သစ်ဆန်းလာတဲ့ခေတ်မှာ
ဘယ်အသစ်တွေ မျက်နှာပွင့်ဦးမလဲ . . .
(၅)
တစ်ခါတလေ ဘဝဆိုတာ
မေးခွန်းထဲမှာ အဖြေရှာရသလို
အဖြေထဲက မေးခွန်းပြန်ထုတ်နေရတော့တာပဲ။ . . . ။
လိုင်ဂျီယာ (မိုးကုတ်)
(ကလောင်ရှင် လိုင်ဂျီယာ (မိုးကုတ်)သည် ကဗျာများ မြောက်များစွာ ရေးသားနေသည့် ကလောင်ရှင်တဦးဖြစ်သည်)