ဒီကာလဟာ ခရစ္စမတ်ကာလဟု ဆိုရရင်လည်း မမှားချေ။ အကြောင်းအမျိုးမျိုးကြောင့် City Christmas တို့ဘာတို့နဲ့ ပွဲကြီးပွဲငယ် မကျင်းပရသော်လည်း လူတိုင်းလူတိုင်း ပျော်ရွှင်စွာ ဖြတ်သန်းကြသော ကာလအဖြစ်တည်ရှိနေဆဲပင် ဖြစ်ချေသည် မဟုတ်ပါလား။
ရုံးများ၊ အိမ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ စသည်ဖြင့် အမျိုးမျိုးသော နေရာများတွင် အများသောအားဖြင့်တော့ အလှဆင်ကြသည်။ မရှိဘူးဆိုလျှင် အနည်းဆုံးတော့ စာတမ်းခေါင်းစီးလေးများ ရှိနေတတ်ကြပေသည်။ ထိုအထဲတွင် ခရစ်ယာန်မဟုတ်ကြသူများလည်း ပါဝင်ကြပါသည်။ ၎င်းတို့ကိုယ်တိုင် ပါဝင်ကျင်းပကြသလို၊ ပါဝင်အလှဆင်ကြကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပါဝင်ဆင်နွှဲတတ်ကြပြီး အေးချမ်းလှသော ဒီဇင်ဘာကာလမှာ ပျော်ရွှင်ကြသည် ဝမ်းမြောက်ကြသည်ကို တွေ့မြင်ရပါသည်။ ခရစ္စမတ်သည် လူသားအားလုံးနှင့် ဆိုင်သည်ဆိုသည်မှာ မှန်ပါသည်။ သို့သော်လည်း ထိုအလှဆင်ခြင်းတခုထက်တော့ ပိုမိုသည်ကိုတော့ စာရှုသူမိတ်ဆွေကို သိစေချင်ပါသည်။
ခရစ္စမတ်ဆိုသည်မှာ ဘာသာရေးပွဲမဟုတ်သည်ကို သတိချပ်ဖို့ရန် ဦးစွာလိုအပ်ပါသည်။ ခရစ္စမတ်ဆိုသည်မှာ ခရစ်ယာန်အုပ်စုများ၏ ပွဲတော်ချည်းသာ မဟုတ်သလို ခရစ်ယာန်များသာ ပိုင်ဆိုင်သည်လည်း မဟုတ်ပါချေ။ ကမ္ဘာလူသားအားလုံးအတွက် ဝမ်းမြောက်စရာ သတင်းကောင်းကြားရသည့် အချိန်သမယဖြစ်သည့် ခရစ္စမတ်ကာလသည် လူသားအားလုံးနှင့် သက်ဆိုင်ပါသည်။ လူသားအားလုံးဟုဆိုရာ၌ ဖြူဖြူ၊ မည်းမည်း၊ မည်သည့် ဘာသာဝင်ဖြစ်နေစေကာမူ ပခုံးနှစ်ဖက်ကြားတွင် ခေါင်းပေါက်သောသူ မှန်သမျှအတွက်ပင်။
ခရစ္စမတ်သတင်းကောင်းဟူသည် သခင်ခရစ်တော်ယေရှုတည်းဟူသော အရှင်သခင်ပေါ်ထွန်းပြီဟူသော သတင်းပင်ဖြစ်သည်။ ထိုသခင်ခရစ်တော်သည် ခရစ်ယာန်များကိုသာ ကယ်တင်သည်မဟုတ်၊ လူသားအားလုံးအတွက် ကမ္ဘာသူကမ္ဘာသားများအားလုံး၏ အပြစ်တရားအောက်ကျရောက်နေသည်ကို ကယ်တင်ရန် မွေးဖွားလာရခြင်းဖြစ်သည်။ အဲဒီသခင်ယေရှုခရစ်တော်သည် လူသားများအားလုံး၏ အပြစ်ကို ဆေးကြောပေးသောကြောင့် ယနေ့ကျွန်ုပ်တို့ဆင်နွှဲနေသော ခရစ်စမတ်သည် လူသားအားလုံးနှင့် သက်ဆိုင်ခြင်းဖြစ်သည်။ သို့ပါသောကြောင့် ပွဲတော်တခုကဲ့သို့ကျင်းပခြင်းဖြင့် ပျော်ရွှင်နေခြင်းထက်သာ၍ပင် ဝမ်းမြောက်ဖွယ်ကောင်းသည် မဟုတ်ပါလော။
ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ (ရှင်လုကာခရစ်ဝင် ၂:၁၁)
မိတ်ဆွေ၏ အပြစ်ကြောင့် အပ္ပါယ်လားရန် မလိုအပ်တော့ပါ။ မိတ်ဆွေ၏ တမလွန်အရေးအတွက် စိုးရိမ်ရန်မလိုတော့ပါ။ မိတ်ဆွေ၏ နေ့စဉ်ကျင့်ကြံပြုမူခြင်း ကုသိုလ်ကောင်းမှုပြုခြင်း၏ အမူအကျင့်အား နေ့စဉ်ကျင့်ဆောင်နိုင်ခြင်းမရှိတော့သည့်အခါအမျိုးတွင်၊ မကောင်းမှုများပြုလုပ်သည့်အချိန် များပြားလွန်းနေလျှင် ဘတတကွေ့တွင် မဖြစ်မနေကြုံတွေ့ရမည့် တမလွန်အရေးအတွက် စိတ်ပူရန်ကိစ္စရှိလာပါသည်။ သို့အတွက်ကြောင့် ခရစ္စမတ်နေ့သည့် ဖြစ်လာရခြင်းဖြစ်သည်။ ကယ်တင်ရှင် မွေးဖွားလာရခြင်းဖြစ်သည်။ သို့ပါသောကြောင့် မိတ်ဆွေအနေဖြင့် မည်သည့်အချိန်တွင် ဘဝတပါးရှိရာအရပ်သို့ မည်သို့သွားရမည်ကို စိုးရိမ်စရာမလိုတော့ပါ။ သခင်ခရစ်တော်ယေရှုသည် ကမ္ဘာလူသားအားလုံး ဘဝတပါး အကူးကောင်းရန် ကောင်းကင်ဘုံသို့သွားနိုင်ရန်အတွက် ဤလောကသို့ ကြွလာခြင်းဖြစ်သည်။
အင်မတန် ဝမ်းမြောက်စရာကောင်းသော သတင်းကောင်းသည် မိတ်ဆွေအတွက် ကျွန်ုပ်အတွက် လူသားအားလုံးအတွက်ဖြစ်ပြီး ခရစ္စမတ်သည် မိတ်ဆွေအတွက် ကျွန်ုပ်အတွက် လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတာကို ဝေမျှပေးရင်း ခရစ်စမတ်၏ အနှစ်သာရစစ်စစ်ကို ခံစားရသူများဖြစ်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ Merry Christmasပါ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi
(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)