ရူပါရုံနဲ့ လိုအင်


ခုနောက်ပိုင်း တရားဟောချက်အချို့မှာကြားရတာ တခုရှိတယ်။

"ရူပါရုံထားပါ ''
"ရူပါရုံ အကြီးကြီး ထားပါ'' ဆိုပြီးပေါ့။

ကျွန်ုပ်တို့ သိရမှာတခုက
ရူပါရုံဆိုတာ လူဆီက ထွက်ပေါ်တာမဟုတ်သလို
လူက ထားလို့မရပါဘူး။
ဘုရားက သင့်အတွက် ထားရှိထားတဲ့အရာပါ။

၁။ ရူပါရုံ ဆိုတာဘာလဲ

ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။
တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။(သုတ္တံကျမ်း ၂၉:၁၈)

ဗျာဒိတ်တော်ဆိုတာ ဘုရားရဲ့အကြံအစည်တော်ကို 
လူတွေဆီ ဖွင့်ပြခြင်းဖြစ်ပြီး၊ တနည်းအားဖြင့် ရူပါရုံကိုဆိုလိုပါတယ်။
တရားဟောဆရာတွေပြောတဲ့ ရူပါရုံတော့ မသိပါ။

နှုတ်ကပါတ်တော်ကပြောတဲ့ ရူပါရုံဆိုတာ 
ဘုရားဆီက လာခြင်းဖြစ်ပါတယ်။
လူက ဘယ်လိုဖြစ်ချင်တယ် 
ဘယ်လိုဆန္ဒရှိတယ် ဆိုတာကို 
ရူပါရုံလို့မခေါ်ပါဘူး self willing လို့ပဲခေါ်ပါတယ်။

တချို့က " ကျွန်တော် ရူပါရုံ ထားထားတယ်။ ၂၀၂၁မှာ ကြွယ်ဝရမယ်။
၂၀၂၁မှာ ကြီးမားတဲ့အရာတွေ ငါလုပ်ဆောင်မယ်။
၂၀၂၁မှာ လစာတိုးမယ် ရာထူးတက်မယ် '' စသဖြင့်ပြောကြတယ်။
ကိုယ့် self willingကို ဆုတောင်းထားတယ်လို့ပြောခြင်းက မမှားပါဘူး။
ဒါပေမဲ့ self willingကို ရူပါရုံခေါင်းစဉ်တပ်ခြင်းက မှားနေတာပါ။
ဒီနေရာမှာ self willingနဲ့ visionကို ခွဲခြားတတ်ဖို့ လိုပါလိမ့်မယ်။ 

၂။ ရူပါရုံဆိုတာ ဘုရားကသင့်အတွက်ထားထားတာ

အာဗြဟံဟာ ငါအသက် ၁၀၀မှာ သားရရမယ်လို့ ရူပါရုံထားခြင်း မဟုတ်ပါ။
ဘုရားကသားပေးမယ်လို့ ရူပါရုံ ပေးတာပါ။
ယောသပ်က ငါတနေ့ ငါ့မိသားစုတွေထဲ အကြီးမြတ်ဆုံးဖြစ်ကိုဖြစ်ရမယ်လို့
ရူပါရုံထားခြင်းမဟုတ်ပါ။

ဘုရားက ကြီးမြတ်စေမယ်လို့ ရူပါရုံပေးတာပါ။
ယာကုပ်က ဗေသလအရပ်ကို တစ်နေ့ကြွယ်ဝစွာ ပြန်လာမယ်လို့ 
ရူပါရုံ မထားခဲ့ပါ။
ဘုရားကသာ ကြွယ်ဝစွာ ပြန်လာမယ်လို့ ရူပါရုံပေးခဲ့တာပါ။

၃။ ရူပါရုံပြည့်စုံချိန်ကို သိခွင့်မရှိပါ

ရူပါရုံကို သိခွင့်ရှိပေမဲ့ ရူပါရုံပြည့်စုံချိန်ကို သိခွင့်မရှိပါ။
ဘုရားက အာဗြဟံကို လူမျိုးကြီးဖြစ်စေမယ်ပြောပေမဲ့
၂၅နှစ်ကြာမယ်ဆိုတာ မပြောပြပါဘူး။

ဘုရားက ယောသပ်ကို ကြီးမြတ်စေမယ်ပြောပေမဲ့ 
၁၃နှစ်ကြာမယ်ဆိုတာ မပြောပြပါဘူး။

ဘုရားက သင့်အတွက်ထားတဲ့ရူပါရုံကို သင်သိခွင့် ရှိပါတယ်။
ဒါပေမဲ့ ရူပါရုံပြည့်စုံချိန်ကို သင်ဘယ်တော့မှ ကြိုသိခွင့်ရှိမှာ မဟုတ်ပါဘူး။

ကျွန်ုပ်တို့မှာ လိုအပ်နေတာ ရူပါရုံထားဖို့မဟုတ်ပါ။
ဘုရားက ကျွန်ုပ်တို့အတွက် တဘဝလုံးစာမက ထာဝရအထိ 
ကြံစည်ရည်ရွယ်ထားပြီသားရှိပါတယ်။
ဘုရားဆွဲထားပြီးသား ရူပါရုံကိုသာ 
ဘုရားဆီက ဖွင့်ပြခံရဖို့ ဆုတောင်းရမှာပါ။


Saw Winner

(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)