ရှင်သန်မှုရဲ့ပန်းတိုင်က ဘာလဲ
တောအုပ်ကြီးမှာပေါက်တဲ့ အပင်လေးကို
နည်းပညာတွေနဲ့ ပိုသီး၊ပိုပွင့်အောင် ပြုပြင်နိုင်တယ်
ဒါပေမယ့် အဲ့ဒီဘဝကို မနာလိုဖြစ်ချင်မှဖြစ်မှာပါ
ရှင်သန်ခြင်း
ရှင်သန်ခြင်း
ရှင်သန်ခြင်း
အတွင်းမှာ အစဉ်ပြောင်းလဲနေတယ်
တားလို့မရတော့ဘူး
ငါတို့က
ရွက်ကျပင်ပေါက်တွေလို
အချိန်နဲ့တစ်ပြေးညီ မိခင်အပင်ကြီးဆီက ကျ
ကျရာနေရာကနေ ပြန်ရုန်းပြီး ရှင်သန်
ရိုးရှင်းတဲ့ဖြစ်စဉ်လေးဆိုပေမယ့် လွယ်ကူတဲ့ဖြစ်စဉ်တော့မဟုတ်ဘူး
ခွဲခွါခြင်းဆီ ဦးတည်နေကြရတာ
ခက်ခဲတာတွေ ဖြတ်သန်းကျတဲ့အခါတိုင်း
အားလုံးအတူရှိနေချင်မှ ရှိနေကြမှာ
တစ်ဖြည်းဖြည်းရွေ့နေကြတဲ့အခါ
ကံတရားက မတူကွဘူး
ဦးတည်ရာက မတူကြဘူး
အတူရှိချိန်တွေအတွက် အာမခံချက်မရှိဘူး
လွတ်လမ်းမရှိဘူး
အဖြေမရှိဘူး
ဒါပေမယ့် မတွက်လို့မရတဲ့ ပုစ္ဆာမို့ တွက်နေရတယ်
ငါတို့အချင်းချင်း လွမ်းချိန်တွေ ရောက်လာတဲ့အခါ
ငါတို့လွမ်းယုံပဲ တတ်နိုင်တဲ့နေ့တွေ လာပါလိမ့်မယ်
ငါတို့ ကြိုပြီး ဖြေဆေးသောက်ထားလို့လည်းမရဘူး
ဒီလိုနဲ့ ရှင်သန်ခြင်းအဓိပ္ပါယ်ကိုပဲ ဆက်တွေးမိတယ်
စည်းစိမ်ရဖို့ အတွက်
ရှင်သန်ဖို့ အတွက်
ဘုရားသခင်အတွက်
ကမ္ဘာမြေအတွက်
လူသားအတွက်
ကိုယ်ကိုယ်တိုင်အတွက်
ဒါတွေထဲက ဟုတ်ရော ဟုတ်ပါ့မလား
အမှောင်တွေ ဖမ်းကြ
ပြေးပေါက်လေးကို ရှာကြ
ဒါမှမဟုတ် မျှောနေလိုက်ကြ
လွင့်နေလိုက်ကြ
ရူးဟန်ဆောင်နေလိုက်စမ်း
မေ့ဟန်ဆောင်လို့ရပါစေကွာ ။
ဆလိုင်းနံရံ
(စာရေးသူ ဆလိုင်းနံရံသည် ကဗျာ၊ အက်ဆေး၊ ဝတ္ထုနှင့် ပန်းချီကားချပ်များမြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး၊ အနုပညာရှင်တဦး ဖြစ်သည်)