လုကာ ၂း၁၀ “ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည်
အလွန် ဝမ်းမြောက်စရာသိတင်းကို ငါသည် သင်တို့အား ကြားပြောရ၏”
ဟေရှာယ ၉း၆ “အကြောင်းမူကား ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။
ငါတို့အား သားကို ပေးသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။
နာမတော်မူကား အံ့ဩဖွယ် တိုင်ပင်ဘက် တန်ခိုးကြီးသော ဘုရားသခင် ထာဝရအဘ
ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်”
ရှေးဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်၏
ကျေးဇူးတော်ကြောင့် ယနေ့မှာ နှုတ်ကပတ်တော်ကို ဝေငှခွင့်ရရှိတာကြောင့် ဘုရားသခင်၏
ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ၂၀၂၀ခုနှစ်သည် ကျွန်ုပ်တို့ အယောက်စီတိုင်းအတွက်
ခက်ခက်ခဲခဲ ဖြတ်သန်းရသော ကာလတခုဖြစ်ပါတယ်။ နှစ်အစ ဇန်နဝါရီကနေ ယနေ့ ဒီဇင်ဘာလအထိ
အသက်ရှင်ခွင့်ပေးပြီး ခရစ္စမတ်အချိန်ကို ဖြတ်သန်းခွင့် ပေးသော ဘုရားသခင်၏
ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ၂၀၂၀ခုနှစ် ၁၁လအတွင်းမှာ ကြေကွဲခြင်း၊
ဝမ်းနည်းခြင်း၊ အခက်အခဲများကို ကျွန်ုပ်တို့ ဖြတ်ကျော်ခဲ့ကြရပါတယ်။ အခုလိုအချိန်
ဒီဇင်ဘာလ ခရစ္စမတ်ရာသီမှာ တကမ္ဘာလုံးကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် ဝမ်းမြောက်စွာနဲ့
ခရစ္စမတ်ကာလကို ဖြတ်သန်းဖို့ ခက်ခဲလွန်းပေမဲ့လည်း ယုံကြည်သူညီအစ်ကိုမောင်နှမ အယောက်စီတိုင်းဟာ
နှောင့်အယှက် ကင်းမဲ့စွာနဲ့ ခရစ္စမတ်ချိန်ခါကို ဆင်နွှဲကြရပါတယ်။
ဒီကပ်ကမ္ဘာလောကကြီးဟာ နေ့စဉ်နဲ့အမျှ
ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပျက်လျက်ရှိနေပါတယ်။ နေရာအသီးသီးမှာ သတင်းကောင်းကော
သတင်းဆိုးကော တူယှဉ်တွဲပြီး နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ သတင်းတွေသာ ပြောင်းလဲသွားပါမယ်။
မပြောင်းလဲတဲ့ ပြောင်းလဲမသွားတဲ့ အရှင်သခင်ကတော့ ကျွန်ုပ်တို့ရဲ့ ကယ်တင်ရှင် ယေရှုခရစ်တော်ပဲ
ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးမှာ ဘယ်လိုအဖြစ်အပျက်တွေ ကျွန်ုပ်တို့ကို ဝန်းရံလင့်ကစား
သခင်ယေရှုကို နှလုံးသားထဲခေါ်ဖိတ် လက်ခံသူအတိုင်းအတွက် ကပ်ကမ္ဘာကုန်သည့်တိုင် အတူရှိမယ်ဆိုတဲ့
ကတိတော်ကို သူပေးထားပြီးဖြစ်ပါတယ်။ ယုံကြည်ခြင်းနဲ့ ကတိတော်ကို ဆုပ်ကိုင်ပြီး
အသက်ရှင်ရမှာဖြစ်ပါတယ်။
ယနေ့မှာတော့ ခရစ္စမတ်ကာလကို နိုင်ငံတော်အစိုးရက စည်းမျဉ်းစည်းကမ်းများ
ချမှတ်ပြီး လူဦးရေ(၃၀)ဖြင့် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွေကို ခွင့်ပြုချက်ပေးထားပါတယ်။
များသောအားဖြင့် အွန်လိုင်းပေါ်မှာ ကိုးကွယ်ခြင်းနှင့်ချီးမွမ်းခြင်းအစီအစဉ်တွေမှာ
ပါဝင်ကြမယ့် လူဦးရေပမာဏဟာ များပြားနေမှာ ဖြစ်ပါတယ်။ ယုံကြည်သူ ခရစ်ယာန် အယောက်ချင်းစီတိုင်းဟာ
နည်းလမ်းပေါင်းစုံနဲ့ ခရစ္စမတ်ကာလကို ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ကြိုဆိုနိုင်ဖို့ရန်လည်း
ပြင်ဆင်လုပ်ဆောင်ကြပါတယ်။ အများအားဖြင့် Home Christmasဖြင့် ဖြတ်ကျော်ကြရမှာဖြစ်ပါတယ်။
နည်းပညာတိုးတက်မှုကြောင့် (သို့) Zoom Meetingများအားဖြင့် တရားဟောချက်များ၊ ကယ်ရိုလ်သီချင်းတွေကို
နာကြားခွင့် ရကြရပါတယ်။ သို့ပေတဲ့ ဝမ်းမြောက်တဲ့စိတ်နဲ့ ခရစ္စမတ်အချိန်ကို ကျော်ဖြတ်ဖို့ရန်
အစီအစဉ်တွေ ရှိသော်ငြားလည်း ဝမ်းမြောက်ခြင်း အစစ်အမှန်ကိုရရှိမှသာ မိမိကိုယ်တိုင်လည်း
ဝမ်းမြောက်ရမှာဖြစ်ပြီး ခရစ္စမတ် အနှစ်သာရကိုလည်း ရရှိခံစားရမှာဖြစ်ပါတယ်။
သမ္မာကျမ်းစာမှာတော့ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည်
သင်တို့အဘို့ အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ”လို့ ဖော်ပြထားပါတယ်။ သခင်ခရစ်တော်ကြွလာခြင်း
သတင်းကောင်းဟာ တဦးတယောက်အတွက် မဟုတ်ပါဘဲ ကမ္ဘာလောကသားအားလုံးအတွက် ဆင်းသက်ကြွလာခြင်းဖြစ်တယ်။
ယခုအချိန်၊ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသော သတင်းကောင်းဖြစ်ပါတယ်။ လူသားအတွက်
ဝမ်းမြောက်စရာသတင်းကောင်း ကယ်တင်ရှင်ယေရှုခရစ် လူ့ဇာတိခံယူပြီး အလွန်နှိမ့်ချစွာနဲ့
နွားစားခွက်မှာ မွေးဖွားလာခြင်းဖြစ်ပါတယ်။ ငြိမ်သက်ဝမ်းမြောက်ခြင်း ဘုန်းတန်ခိုး
စည်းစိမ်များကို ရရှိဖို့ရန် ဆင်းကြွလာတာ ဖြစ်တာကြောင့် သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်သူတိုင်းအတွက်
ဝမ်းမြောက်ခြင်း အစစ်အမှန်ကို ရရှိမှာ ဖြစ်ပါတယ်လို့ တိုက်တွန်းခွန်အားပေးလိုက်ရပါတယ်။
ဖလားဆဲ (စစ်တွေ)
(စာရေးသူ ဖလားဆဲ(စစ်တွေ)သည် ဓမ္မရေးရာစာစုများ၊ တရားဟောချက်ဆောင်းပါးများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)