COVID-19က ရသောသင်ခန်းစာ


ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်မှာ ကိုယ်တော်၏နေကိုထွက်စေပြီး၊ ဖြောင့်မတ်သောသူ၊ 
မဖြောင့်မတ်သောသူအပေါ်မှာ မိုးကိုရွာစေသည်။

တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19ကြောင့် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်း စိတ်ပျက်ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ကြေကွဲခြင်းများကို ကာလအတန်တခုအထိ စားသုံးခဲ့ကြရသည်။ COVID-19ကြောင့်
အဆိုးများကို ရင်ဆိုင်ရသကဲ့သို့ အကောင်းများကိုလည်း စံစားရပါသည်။ ရန်ဘက်များနှင့် မိတ်ဆွေဖြစ်ခွင့်ရပြီး၊ မိတ်ဆွေများနှင့် ရန်သူဖြစ်သွားကြသည့် အဖြစ်အပျက်များလည်း ရှိနေတတ်သည်။ ဝေးကွာနေသော မိသားစုများဆုံစည်းကာ Stay At Homeနေကြရသော်လည်း ဆုံစည်းလျက်ရှိနေကြသော မိသားစုများမှာ ဝေးကွာခြင်းကို ခံစားကြရပြန်သည်။ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများနှင့်တွေ့ဆံနိုင်ရန် facebookကို ဖွင့်သော်လည်း facebook စစ်မြေပြင်တွင် ကိုယ်ပိုင်လက်နက်များဖြင့် တိုက်ပွဲဝင်နေကြရပြန်သည်။ ကမ္ဘာလူသားတိုင်း အနည်းနှင့်အများ မတူညီသော သင်ခန်းစာများ ရကြပါသည်။

COVID-19ကို ကာကွယ်ထိန်းချုပ်နိုင်ရန် နိူင်ငံတော်အတိုင်ပင်ခံမှအစပြု၍ အနုပညာရှင်များ ကျန်းမာရေးနှင့်ပတ်သက်ဆက်နွှယ်သော တာဝန်ရှိသည့် တတ်သိနားလည်သူများကလည်း ပြည်သူတရပ်လုံးအား သတိပေးနိူးဆော်ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ အထူးသဖြင့် လက်ကိုမကြာခဏ
ဆပ်ပြာဖြင့်စက္ကန့်၂၀ ဆေးပါ။ မိမိအိမ်တွင်နေပါ။ Maskတပ်ပါ။ လူတဦးမှစ မိသားစု၊ ကျေးရွာ၊ မြို့နယ်အထိ ကူးစက်နိုင်ကြောင်းအား နှုတ်ကပတ်တော်ဖြင့် ဆင်ခြင်မိသော အရာများအားနှင့် တူယှဉ်တွဲကာ ဖော်ပြလိုက်ပါသည်။

၁။ လက်ဆေးပါ

COVID-19ရောဂါသည် လက်မှတဆင့် ကူးစက်နိုင်သောကြောင့် မကြာခဏဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံသားများတွင် လက်ဆေးသော အလေ့အထများ ရှိပါသည်။ ဆပ်ပြာနှင့်လည်းဆေးပါသည်။ မကြာခဏမဟုတ်သော်လည်း မသန့်ရှင်းသောအရာများကို ကိုင်တွယ်မိသောအခါများတွင် ဆေးကြောလေ့ရှိတတ်ကြပါသည်။ စနစ်တကျတော့မဟုတ်ပါ။

ယုံကြည်သူများသည် အထူးသဖြင့် မိမိတို့်၏လက်ကိုသတိထားရမည်။ လိုအပ်ပါက နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောရမည်။ အဘယ်ကြောင့်ဆိုသော် လက်ဖြင့်ဒုစရိုက်များကို ပြုလုပ်တတ်ကြသည်။ လက်ဖြင့်အချင်းချင်း ဟန်ဆောင်နူတ်ဆက်ကြသည်။ လက်ဖြင့် အလှူငွေ ထည့်ဝင်ကြသည်။ လက်ဖြင့်ထိုးလိုက်သောလက်မှတ်သည် လူတဦး၏ဘဝ(သို့)သမိုင်းတခုကိုပါ ပြောင်းလဲစေနိုင်ပါသည်။ အကြောင်းအရာကို သေသေချာချာ မသိသော်လည်း လက်ဖြင့်နှိပ်လိုက်မိသော likeတချက်သည်ပင် စစ်ပွဲတကိုပင်ဖြစ်ပွားစေနိုင်ပါသည်။ မသန့်ရှင်းသောလက်ဖြင့် အစာစားလျှင် ရောဂါပိုးသည် ကိုယ်ခန္ဓာအတွင်းသို့ဝင်ရောက်နိုင်သည်။ ထိုနည်းတူ မသန့်ရှင်းသောလက်ဖြင့်ရသော အစာသည် မိသားစုအဖွဲ့အစည်းထဲသို့ ဝင်ရောက်နိုင်ကာ ကူးစက်မှုကို ဖြစ်ပွားစေနိုင်ပါသည်။ လာဘ်စားမှု ဆိုသည်မှာလည်း ကူးစက်လွယ်သော ရောဂါတမျိုးပင်ဖြစ်ပါသည်။ အထူးသဖြင့် ဘုရားသခင်၏ အမှုတော်ဆောင်များမှာ လာဘ်ပေးလာဘ်ယူမှုများကို အထူးသတိချပ်အပ်သင့်ပေသည်။ တခါတရံ အလှူငွေစာအိတ်ထဲတွင်လည်း မထင်ရှားသော လာဘ်မှုများရှိကြသည်။ (လက်ဆောင်ဘဏ္ဍာ ဟုခေါ်သောအရာ) ပရောဖက်ဗာလမ် အသက်တာကို ပြန်လည်ဆင်ခြင်ရန်ဖြစ်သည်။

မသန့်ရှင်းသော ကျွန်ုပ်တို့လက်ကြောင့် သခင်ယေရှုသည် လက်ဝါးကပ်တိုင်တွင် ကိုယ်စားသူ၏ လက်ကိုသံဖြင့် ရိုက်ခြင်းခံခဲ့ရသည်။ (ရော ၁၀း၁၂)

COVID-19ကာလ စာရေးသူတို့ ကျေးလက်ဒေသတွင် အိမ်တိုင်းစေ့၏အဝင်ဝ၌ ရေဇလုံ၊ ဆပ် ပြာနှင့် လက်သုတ်ပ၀ါများ ပြင်ဆင်ထားကြသည်။ တနေ့သောအချိန် စာရေးသူအနေဖြင့် ရေဇလုံ၌ လက်ဆေးနေစဉ် ပိလတ်မင်းကြီးကို မဆီမဆိုင် ပြေးသတိရမိသွားပါသည်။ ပိလတ်မင်းသည် ယေရှုကို အကြိမ်ကြိမ်စစ်ဆေးမေးမြန်းခဲ့သော်လည်း အပြစ်တစုံတရာမတွေ့ပါ။ သူသည်အပြစ်မရှိသော ယေရှုကို လွှတ်ပေးချင်သော်လည်း လူအများ၏ဆန္ဒနှင် မိမိရာထူးနေရာကိုထောက်၍ ယေရှုအား ကားစင်တင်စေသည်။ ၄င်းနောက် လူအများရှေ့တွင် သူ၏လက်ကို ရေဖြင့်ဆေးကာ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါကင်းရှင်းသည်ဟုဆိုခဲ့သည်။ ကျွန်တော်တို့လည်း အမှန်နှင့်အမှားကို တိတိကျကျသိလျက်နှင့် ပိလတ်မင်းကဲ့သို့ ဘယ်နှစ်ကြိမ် လက်ဆေးခဲ့ပြီလဲဟု တွေးတောမိပါသည်။

၂။ အိမ်ထဲမှာနေပါ

COVID-19ရောဂါအခြေအနေ မြင့်တက်လာမှုကြောင့် နိုင်ငံသားတိုင်း မိမိအိမ်တွင်သာနေထိုင်ရန် နိုင်ငံတော်တာဝန်ရှိသူများမှ မေတ္တာရပ်ခံခဲ့ကြသည်။ အချို့မြို့ရွာများတွင် “Lock Down” ချခံနေရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးပိုးတွေ့လူနာ စတင်တွေ့ရှိပြီးသည့်ကာလနောက်ပိုင်းတွင် လူနေထူထပ်သော မြို့များတွင်သာမက ကျေးလက်တောရွာတွင် နေထိုင်သူများလည်း အဆိုပါ ကိုဗစ်ပိုးအား အထူးပင် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် စာရေးသူတွေးတောဆင်ခြင်၍ ရရှိသော ဓမ္မရေးရာနှင့် သက်ဆိုင်သော ဘ၀ပေးသင်ခန်းစာကို ဝေမျှပါဦးမည်။

ခေတ်ကာလ၏အခြေအနေကြောင့် မိသားစုငါးယောက်ရှိလျှင် ငါးယောက်စလုံး စားဝတ်နေရေးအတွက် ငွေရှာကြရပါသည်။ အရွယ်ရောက်သူများရှိသော အိမ်ထောင်စု၊ မိသားစုတွင် ငွေရှာထွက်သောသူသည် မနက်မိုးလင်းချိန်တွင် အိမ်မှထွက်ခွာကာ အလုပ်ပြီးချိန်ဖြစ်သည့် နေဝင်ချိန်တွင်သာ အိမ်သို့ပြန်လာနိုင်ကြပါသည်။ မိသားစုဝင်ထဲတွင် ပညာရှာသောသူမှာ စာသင်ကျောင်းနှင့် ကျူရှင်များတွင်သာ နေရချိန်ပိုများပါသည်။ နွေးထွေးမှုရှိသောနေအိမ်တွင် အိပ်ချိန်နှင့် စားချိန်သာ ထိတွေ့ခွင့်ရရှိကြပါသည်။ မိသားစုဝင်များနှင့်အတူတကွ နေထိုင်စားသောက်ရသော အချိန်မှာ အင်မတန် နည်းပါးလွန်းလှပါသည်။

Stay At Homeကာလဟုဆိုသောကြောင့် မြို့ပေါ်တွင် အလုပ်လုပ်နေသော မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများရှိသည့် နေအိမ်တွင်စည်းစည်းလုံးလုံးဖြင့် အချိန်ပြည့် တွေ့ဆုံကြရသည်။ မိသားစုဝင်များသည့် စုံညီစွာဖြင့် နေအိမ်တွင် ထာဝရဘုရားသခင်အား ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်များ ပြုလုပ်နိုင်သည်။ ယခင်က ဘုရားသခင်အား ဘုရားကျောင်းဗိမာန်တော်၌သာ ဝတ်ပြုကိုးကွယ်လေ့ ရှိကြသော်လည်း ပညတ်ချက်ဖြင့်မဟုတ်သည့် ဗိမာန်တော်၌သာ ဝတ်ပြုကိုးကွယ်ရန် အာသီသ ကိုယ်စီရှိတတ်ကြသည်။ ယခုအချိန် ဗိမာန်တော်များသည်လည်း ယာယီပိတ်ထားရန် မေတ္တာရပ်ခံထားသောကြောင့် ယုံကြည်သူတိုင်း၏နေအိမ်သည် ဗိမာန်တော်တခုသဖွယ်ဖြစ်လာပြီဖြစ်သည်။

သမ္မာကျမ်းစာ၌ သခင်ယေရှုသည် မကျန်းမာသောသူများ၊ အင်္ဂါချို့တဲ့သူများ၊ နတ်ဆိုးစွဲသူများကို သက်သာပျောက်ကင်းစေခဲ့ပါသည်။ သင်္ချိုင်းတစပြင်တွင် နေထိုင်သည့် နတ်ဆိုးစွဲသူအား သခင်ယေရှုက ကျန်းမာခြင်းအခွင့်ကို ရရှိစေပြီး သူအထဲမှာပူးကပ်နေတဲ့ နတ်ဆိုးများကိုလည်း ဝက်အုပ်စုထဲကို ထည့်ပေးလိုက်သည်။ ဝက်အကောင်ရေ နှစ်ထောင်ခန့် အိုင်၌သေဆုံးသွားခဲ့သည်ကို သမ္မာကျမ်းစာတွင် လေ့လာသိရှိနိုင်ပါသည်။ သို့ရာတွင် ထိုပြည်မှနေထိုင်လျက်ရှိသော ပြည်သူတို့မှာ သခင်ယေရှုအား ၄င်းတို့ထံမှ ထွက်သွားရန် တောင်းပန်ကြသောကြောင့် သခင်ယေရှုနှင့်တပည့်တော်များ လှေထဲသို့ဝင်သောအခါ နတ်ဆိုးစွဲ၍ ကျန်းမာလာသောသူက သခင်ယေရှုနောက်တော်သို့လိုက်ရန် တောင်းဆိုလေသည်။ ထိုအချိန်တွင် “ကိုယ်တော်သည် ထိုလူအားလိုက်ရန်အခွင့်မပေး။ မိမိအိမ်သို့ပြန်လော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌အဘယ်သို့ ကျေးဇူး ပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူခဲ့သည်” (မာ ၅း၁၉)

ဘုရားသခင်၏ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ဂရုဏာပြုခြင်းတို့ကို မိမိတို့၏မိသားစု၊ ဆွေမျိုးများအား ပြန်လည်သက်သေခံဝေမျှရန် ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာပိုင်းတွင် ပြောင်းလဲပြီးနောက် ဘုရားကျောင်းတွင် သက်သေခံကြသည်။ ပြီးနောက် ခရစ်တော်ကို မယုံကြည် လက်မခံသေးသူများကိုလည်း ဧဝံဂေလိဝေငှရန် စိတ်အားထက်သန်ကြသည်မှာ အဆိုပါ ကျမ်းချက်နှင့် ကိုက်ညီမှုရှိလှပါသည်။ မိသားစုတွင်း၊ ဆွေမျိုးများအတွင်းတွင် မိမိတို့ကိုယ်တိုင် ခံစားသိရှိရသော ဆုကျေးဇူးတော်များကို ဝေမျှသက်သေခံကာ၊ အလင်းပြရန်အချိန်သည် အထူးပင် လိုအပ်လှနေသောအချိန်တွင် ဝမ်းနည်းစရာကောင်းသည်မှာ ခရစ်တော်ကိုရရှိသောသူသည် မိသားစုဝင်များအား အစေခံခြင်းငှာ မစွမ်းသာကြချေ။ သို့ရာတွင် စံနမူနာအနေဖြင့် အန္ဒြေသည် ခရစ်တော်နှင့်တွေ့ဆုံပြီးနောက် အိမ်သို့ပြန်ကာ အစ်ကိုဖြစ်သူ ပေတရုအား ခရစ်တော်အကြောင်း ပြောပြခဲ့ပါသည်။ သို့ပါသောကြောင့် စာရှုသူအနေဖြင့် အိမ်သို့ပြန်ပါ။ သို့တည်းမဟုတ် အိမ်ထဲတွင်သာ နေထိုင်ပါ။ Mask တပ်ပါဟု တိုက်တွန်းချင်ပါသည်။

မြို့ပြတွင်သာမက ကျေးလက်ဒေသများတွင်လည်း နေအိမ်ပြင်ပသို့ထွက်ခွာပါက Maskတပ်ရပါသည်။ Mask မတပ်ပါက ဒဏ်ငွေပေးဆောင်ရပါသည်။ Maskတပ်ခြင်းသည် မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်ပါသော်လည်း လုံခြုံစိတ်ချမှုအပြည့်အ၀ရရှိသည်တော့ မဟုတ်ချေ။ ၀ိညာဉ်ရေးရာမျက်စိနှင့် ကြည့်ရှုမည်ဆိုလျှင် ထာဝရဘုရားသည်သာ ကျွန်ုပ်တို့၏ အကွယ်အကာဖြစ်ပြီး သူ့ကို ကိုးစားခြင်းသည်သာလျှင် လုံခြုံစိတ်ချမှုကို ခံစားနိုင်မည်ဖြစ်သည်။

ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် သက်ဆိုင်သောကယ်တင်ခြင်း သတင်းကောင်းကို မပြောဘဲ နေနိုင်တတ်ကြသော်လည်း လောကီကိစ္စအကြောင်းများကိုကား မပြောဆိုဘဲ မနေနိုင်တတ်ကြပါချေ။ မိမိပြောဆိုသောစကားအား တာဝန်ယူလိုသောစိတ်မရှိပါဘဲ တပါးသူအတွက် တည်ဆောက်စရာ မရှိသည်သာ ပြောဆိုမိသည့်အချိန်မှာ ပိုမိုများပြားသောကြောင့် ပြင်ပသို့ ထွက်ခွာနီးတိုင်း Maskတပ်ကာ နူတ်၊ လျှာ၊ ပါးစပ်ကို ချုပ်တည်းခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆမိပါကြောင်း တိုက်တွန်းခွန်အားပေး နှိုးဆော်စာ ရေးလိုက်ရပါသည်။

 

နေတစ်စင်း (အင်းရဲကျွန်း)

(စာရေးသူ နေတစ်စင်း(အင်းရဲကျွန်း)သည် ကဗျာ၊ ရသစာတမ်း၊ ဝတ္ထုများ မြောက်များစွာရေးသားနေသည့်ကလောင်ရှင်တဦး ဖြစ်သည်)