နှစ်ဟောင်းတွေ ကုန်လွန်လာခဲ့တိုင်း နှစ်သစ်ဆိုတာ ရောက်လာတတ်တာ သဘာဝတရားတခုဖြစ်သလို ဘုရားပေးတဲ့ အသစ်သော ဆုကျေးဇူးတခုဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ တကယ်ပဲ နှစ်သစ်မှာ အရာအားလုံး အသစ်ဖြစ်သလား ပြောင်းလဲသွားသားဆိုတာကတော့ ကိုယ့်ရဲ့စိတ်အပေါ်မှာပဲ မူတည်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ နှစ်သစ်တိုင်းကို လွမ်းမိသလို ကျွန်တော့်ရဲ့ နှစ်သစ်တွေက အလွမ်းနဲ့ စီခြယ်ထားတတ် ကြတယ်။
နှစ်ဟောင်းတနှစ်လုံးက
မလွမ်းဘူးလားဆိုတော့ မဟုတ်ပါဘူးဗျာ နှစ်သစ်မှာလည်းပဲ လွမ်းတာ မဟုတ်ဘဲ နှစ်ဟောင်းမှာလည်း
လွမ်းခဲ့တာပါပဲ။ နှစ်သစ်မှာ ပိုလွမ်းရတာက သူမ။ သူမဆိုတာ ကျွန်တော့်ရဲ့ချစ်သူပေါ့။ သူမ
ကျွန်တော့်ကို ထားရစ်ခဲ့တာ အခုလို နှစ်သစ်ညလေးမှာ ဖြစ်နေလို့ပါ။ ကျွန်တော်နဲ့ သူ့ကို
ခွဲသွားခဲ့တာ နှစ်သစ်ကို နှလုံးသားနဲ့မကြိုဆိုဘဲ စိတ်ထဲရှိရာ ကိုယ့်ရဲ့ခဏတာ ပျော်ရွှင်ခြင်းကိုသာ
ရှာတတ်တဲ့ လူတွေကြောင့်လို့ပဲ အမည်တပ်ပါရစေတော့။
မှတ်မှတ်ရရ
လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုနှစ်သစ်အချိန်လေးမှာပေါ့။ ကျွန်တော်တို့ အသင်းတော်လူငယ်တွေ
ဘုရားကျောင်းမှာ ညဆယ့်နှစ်နာရီ နှစ်သစ်ကြိုဆိုဝတ်ပြုခြင်းအတွက် ရောက်နေခဲ့တာလေ။ ကျွန်တော့်ရဲ့
နံရိုးရှင်ချစ်သူ မိန်းကလေးအပါအဝင်ပေါ့။ ဘာသာတူ၊ လူမျိုးတူ၊ ခံယူချက်တူတဲ့ ကျွန်တော်တို့နှစ်ယောက်
မကြာခင်ဆို စေ့စပ်ကြတော့မှာလေ။ အေးချမ်းတဲ့ ညမှာတောင် တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
အပျိုစင်ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ လှပတဲ့ အချစ်တွေကို
ပိုပြီး လှပစေဖို့ နှစ်ယောက်လုံး ဘုရားသခင်ဆီ ဆုတွေတောင်းကြရင်း နှစ်သစ်ကို ကြိုဆိုကြတယ်။
‘ကိုထူးသစ်နော်
အစ်ကိုက’
သူမနဲ့
ဘုရားကျောင်းကနေ လမ်းခွဲပြီး ကိုယ့်အိမ်ကို ပြန်လာလာခဲ့ကြပေမဲ့ ကျွန်တော်တောင် အိမ်ကို
မဝင်ရသေးခင် သူမဆီက ဖုန်းဝင်လာလို့ ကျွန်တော်အပြုံးနဲ့ ဖုန်းကိုင်လိုက်တော့ သူမအသံမဟုတ်ဘဲ
တခြား အမျိုးသားတယောက်ရဲ့အသံဖြစ်နေတာကြောင့် ကျွန်တော် အံ့ဩသွားရသလို စိတ်လည်းမူးသွားရသည်။
‘ဟုတ်ပါတယ်။
အဲဒီဖုန်းက နှင်းခတ်ရဲ့ဖုန်းမဟုတ်ဘူးလား’
‘ဟို…
အဲဒီဖုန်းပိုင်ရှင်က ကားနဲ့တိုက်မိလို့ ဆေးရုံရောက်နေလို့ပါ’
‘ဗျာ…
ဘယ်လို’
တကယ်ကို
ကျွန်တော် ဘာစကားမှ ဆက်မပြောနိုင်လောက်အောင် ဖြစ်သွားရသည်။ အသိစိတ်ကိုထိန်းဖို့ မေ့လျော့စွာ
ကျွန်တော်ဖုန်းမချဘဲ ဆေးရုံကို အပြေးအလွှားရောက်လာရသည်။ ကျွန်တော့်ကို ကြိုဆိုနေတာ
လွန်ခဲ့တဲ့ နာရီပိုင်းကမှ ပြုံးနေတဲ့ ကျွန်တော့်ရဲ့ချစ်သူ နှင်းခတ်မဟုတ်ဘဲ ဒဏ်ရာတွေနဲ့
ရင်နာစရာ ကောင်းလောက်အောင်ကို သေဆုံးနေတဲ့ ကျွန်တော့်ရဲ့ချစ်သူဖြစ်နေခဲ့တယ်။ ကျွန်တော်တို့တတွေ
အတူလက်တွဲဖို့ကို ဘာအနှောင့်အယှက်မှ မရှိဘူးလေ။ မိဘတွေရော သဘောတူကြည်ဖြူကြသလို သူမနဲ့
ကျွန်တော်လည်း သိပ်ချစ်ကြတယ်လေ။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့က ဘာဖြစ်လို့
လမ်းခွဲရမှာလဲ။ အခုလို ပုံစံမျိုး လမ်းခွဲရမှာလား၊ သေကွဲ ခွဲရမှာလား။
မျက်ရည်ကျဖို့
ငိုဖို့ မေ့လျော့ကာ လူက ကျောက်ချထားတဲ့အတိုင်း သူမရုပ်အလောင်းကို ငေးကြည့်နေတဲ့ ရင်ထဲမှာသာ
အော်ဟစ်သောင်းကြမ်းပြီး အပြင်ဘက်က အသံထွက်မလာတဲ့ ကျွန်တော့်ပုံစံကြောင့် သူမ မိဘတွေရော
မောင်နှမတွေကပါ ကျွန်တော့်အနားရောက်လာကာ သူတို့ဝမ်းနည်းနေတဲ့ကြားက ကျွန်တော့်ကို ပြန်အားပေးနေကြပြန်သည်။
‘ကျွန်တော်
ဘယ်လိုယုံကြည်ရမလဲ မသိတော့ဘူးဗျာ’
‘ဟုတ်ပါတယ်
ထူးသစ်ရာ။ ငါတို့လည်း ဘယ်လို လက်ခံပေးရမှန်း မသိဘူး’
‘သူ့ကို
ကျွန်တော် အိမ်ထဲအထိ လိုက်ပို့ပေးခဲ့တာလို့ ကျွန်တော် သေချာမှတ်မိနေတယ်လေ။ ပြီးတော့
ကျွန်တော်က အရက်ဘီယာလည်း မသောက်ထားပါဘူး။ ကျွန်တော် အိမ်အရောက်ပို့ပေးခဲ့တာ သေချာပါတယ်။
ဒါကို ဘယ်လိုဖြစ်ပြီး ဒီလို မတော်တဆဖြစ်ရတာလဲဗျာ’
‘သူ
အိမ်ရောက်တော့ အဖွားအိမ်ကို အဖွားအတွက်အဖော်အဖြစ် အိပ်ကူပေးမယ်ဆိုပြီးတော့ သွားနေတုန်း
မူးမူးရူးရူးမောင်းလာတဲ့ ကားနဲ့တိုက်မိတာ’
‘ဟာကွာ…
မူးပြီး မောင်းတာတဲ့လား’
‘သူတို့လည်း
နှစ်သစ်ကို ကြိုဆိုပြီး ပြန်လာကြတာပါ’
နှစ်သစ်ကို
ကြိုဆိုတာ မဟုတ်ဘဲ သူတို့ပျော်ဖို့ နာရီပိုင်းလောက် ပျော်ဖို့အတွက် ရာသီပွဲတခု ဆင်နွှဲလာခဲ့တာလို့ဘဲ
သတ်မှတ်လိုက်ပါတော့လား။
ကိုယ့်ဘာသာ
အတွေးလွန်နေတာမို့ တဖက်လူတွေ ရောက်လာပြီး မိသားစုတွေကို တောင်းပန်စကား ပြောတာတောင်
မကြားသလို ဖြစ်နေမိသည်။ ဟုတ်တယ်လေ လောကကြီးက တကယ်မတရားဘူးလို့ ကလေးဆန်ဆန်လည်း ကျွန်တော်
တွေးနေတုန်း ရုတ်တရက်ကြားလိုက်ရတဲ့ စကားတခွန်း၊ ကျွန်တော့်အသိစိတ်ထဲဝင်လာတဲ့ စကားတခွန်းကြောင့်
ကျွန်တော့်အသိစိတ်တွေက စုစည်းသွးတာလား၊ လွတ်ထွက်သွားတာလား ကျွန်တော်မသိလိုက်ခင်မှာဘဲ
ကျွန်တော့်လက်သီးတဲ့ တဖက်လူနဲ့မျက်နှာက မိတ်ဆက်ပြီးသားဖြစ်သွားတော့သည်။ နှင်းခတ်အစ်ကိုက
ကျွန်တော့်လက်ကိုဆွဲထားကာ စိတ်လျှော့ဖို့ စကားတွေ ပြောလာသည်။
‘ဒီမှာ
ခင်ဗျားသိအောင်ပြောပြမယ်။ အခုသေသွားတဲ့ မိန်းကလေး… ခင်ဗျားတို့လို နှစ်သစ်အကြောင်းပြပြီး
ညဘက်အပြင်ထွက် ကိုယ့်ကျိုးရှာ ကိုယ်တိုင်ပျော်ဖို့ မူးယစ်သောက်စားနေတာ မဟုတ်ဘူး။ သူက
ဘုရားကျောင်းမှာ ခင်ဗျားတို့လို လူတွေ လူမှန်နေရာမှန်ရောက်ဖို့ ဆုတောင်းပေးပြီး ပြန်လာတာဗျ’
စကားကို
သိပ်မပြောတတ်တဲ့ ထူးသစ်ရဲ့စကားကြောင့် စကားလာပြောတဲ့လူတွေလည်း ကြောင်သွားကြသည်။ သူတို့ပြောတဲ့
‘မိန်းကလေးကလည်း အပြင်ရောက်နေတာကိုး’ဆိုတဲ့စကားကိုလည်း အားနာသွားသလို ကြည့်နေကြတာ တွေ့ရတာမို့
ဘာစကားမှဆက်မပြောတော့ဘဲ ပြန်ထွက်လာခဲ့လိုက်သည်။
အဟောင်းဆိုပေမဲ့
ပြန်တွေးတိုင်း အသစ်ဖြစ်နေတဲ့ နှစ်သစ်ညရဲ့အလွမ်း စိတ်နာကျင်ခြင်း စိတ်တွေကို ဆုတောင်းခြင်း
ကျမ်းစာဖတ်ခြင်းတွေနဲ့ အလိုတော်ဝန်ခံပြီးနေပေမဲ့ အခုထိ မမေ့နိုင်သေးတာ အတ္တကြောင့်လား
လူ့ဇာတိသဘောတရားကြောင့်လား။ တကယ် မတွေးတတ်အောင် ခံစားရပေမဲ့ အခုထိ ကျွန်တော့်အသိစိတ်တွေ
အတွေးတွေထဲ မမေ့ပျောက်သေးတဲ့ အတိတ်ကိုတွေ့တိုင်း လူတိုင်းကို ပြောပြနေဖြစ်တယ်။ စာဖတ်သလိုကို
အပြစ်တင်စိတ်မဟုတ်ဘဲ နောက်လူတွေ မမှားရအောင် ပြောပြတာ ဖြစ်သည်။
နှစ်သစ်ကြောင်းပြ
ခရစ္စမတ်ကြောင်းပြ ဘာပွဲညာပွဲအကြောင်းပြပြီး ခဏတာလေးကိုယ့်စိတ်ပျော်ဖို့ လုပ်ရင်းက
သူတပါးရဲ့ဘဝတွေ အသက်တွေကို ကိုယ့်ကြောင့်ဆိုပြီး မပျက်စီးစေချင်တဲ့ စေတနာကြောင့် ဒါကြောင့်
ကျွန်တော် ဘယ်လောက်နာကျင်ပါစေ ဘယ်လောက် လွမ်းနေပါစေ တချို့လူတွေအတွက် ဒီဆုံးရှုံးမှု
နာကျင်မှု အလွမ်းတွေကို ကျွန်တော် မကြာခဏ အစဖော်နေဦးမှာဖြစ်သလို ဆက်လည်း ပြောပြနေဦးမှာပါ။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)