အဖြစ်ကတော့ မနှစ်ကလိုပဲ ကိုယ်တော်... ။ မဟုတ်သေးဘူး ဒီနှစ်က ပိုဆိုးနေသလိုပဲ။ ကယ်တင်ရှင်ယေရှု မွေးဖွားတဲ့လပါဆို တချို့တွေက discount ချပြီး ဈေးရောင်းလို့ရောင်း၊ 1+ 1လက်ဆောင်တွေ ဝေလို့ဝေနဲ့ အပျော်တွေ လမ်းလွဲနေကြတယ်။ ခရစ္စမတ်ကာလ ဘုရားကျောင်းကို အလှဆင်ရင်း ကိုယ့်အိတ်ထဲကိုထည့်တဲ့သူတွေကလည်း ထည့်လို့။ တချို့ဆို ဘုရားကျောင်းမှာ နွားတင်းကုပ်ပုံစံ ကောက်ရိုးလေးတွေနဲ့ တုပထားပြီး ဓာတ်ပုံတွေ တွဲရိုက်လို့ရအောင် လုပ်ထားသတဲ့။ ကယ်တင်ရှင်ယေရှု မွေးနေ့ပွဲလာကြတဲ့ လူတွေကလည်း အပေါ်ယံ ဟန်ဆောင်အပြုံးတွေနဲ့ တဦးကို တဦး နှုတ်ဆက်ရင်း မုန်းနေကြတာတဲ့။ ကယ်တင်ရှင်ယေရှုကို ဘယ်သူမှ တံခါးမဖွင့်ပေးကြတော့ဘူး။ ပညာရှိတွေက လမ်းလွှဲသွားပေမဲ့ ပြန်ပြီးဖူးမြော်ကြသေးတယ်။ အခုဟာက ဘယ်သူမှကို ပြန်မရှာကြတော့တာ။ ဒါပေမဲ့ မွေးနေ့ပွဲကိုတော့ ကြီးကြီးကျယ်ကျယ် ကျင်းပကြသေးတာ။ အကောင်းဆုံး အစားအသောက်တွေ အလှဆုံးအဝတ်တွေ ဝတ်ထားပြီး မွေးနေ့ရှင်ကို ဘယ်သူမှ မရှာကြတော့ဘူး။ ပိုဆိုးတာက တယောက်နဲ့တယောက် အဝတ်စားတွေ ပြိုင်လို့ပြိုင်၊ အသုံးအဆောင်တွေ ပြိုင်လို့ပြိုင်နဲ့ သူတို့ဟာသူတို့ အလုပ်ရှုပ်နေကြတယ်။ ဒီကြားထဲ အသင်းတော်တခုနဲ့တခုကပါ ပြိုင်လိုက်ကြသေးတာ။ မနှစ်ကမှ သီချင်းတွေ လှည့်ဆိုရင်း ယေရှုကို အိပ်ပျက်ခံပြီး တာဝန်အရ ကြိုဆိုကြသေးတာ။ ဒီနှစ် စုံစမ်းခြင်းကြောင့် မွေးနေ့ပွဲ မကျင်းပဖြစ်တော့ သတိတရနဲ့ "လောကဝမ်းမြောက် ဘုရားကြွလာ"လေးတောင် မဆိုကြတော့ဘူး။
ကိုယ်တော် ကယ်တင်ရှင်ကို ကြိုဆိုဖို့ မေ့ခါနီးနီးလေးနဲ့ တချို့ဆို မကြိုဆိုကြတော့ဘူး။ ကောင်းကင်က ကြယ်ကြီးကိုလည်း မရှာကြတော့ဘူး။ မာရိနဲ့ ယောသပ်နေစရာအခန်းမရှိလို့ ဒုက္ခခံခဲ့ရတာတွေလည်း ကိုယ်ချင်းမစာကြတော့ဘူး။ မာရိကိုလည်း နွားစားခွက်ထဲ မွေးခိုင်းလို့မွေးခိုင်းနဲ့။ သိုးကျောင်းသားတွေကို သတင်းကောင်း ပြကြတဲ့ ကောင်းကင်တမန်တွေကိုတောင် သူတို့က discountတွေ djတွေနဲ့ ကခိုင်းနေကြပြီ။ သိုးကျောင်းသားတွေလို နွားတင်းကုပ်ဆီ အပြေးအလွှား မသွားကြတော့ဘူး။ ပညာရှိတွေလို အဖိုးတန်တဲ့ အရာတွေကို ပူဇော်ဖို့ မယူဆောင်လာကြတော့ဘူး။ ဖွားမြင်တော်မူခြင်းရဲ့ အဓိပ္ပါယ်အနှစ်သာရတွေ အတွေးအခေါ်တွေလည်း လွဲကုန်ကြပြီ ကိုယ်တော်။
L.R.ထား
(စာရေးသူ L.R.ထားသည် ရသမြောက်သည့် ကဗျာနှင့် အက်ဆေး စာစုများ ရေးသားနေသည့် လူငယ်စာရေးဆရာမတဦး ဖြစ်သည်)