ခရစ္စမတ်လို့ဆိုလိုက်တာနဲ့ လူစုလူဝေးကိစ္စက မျက်လုံးထဲ ထင်းကနဲပေါ်လွင်လာပါတယ်။ ကလေး၊ လူကြီးမကျန် လူစုလူဝေးနဲ့ ဘုရားကျောင်းတက်ကြတာ၊ စူပါမားကတ်တွေမှာ ခရစ္စမတ်ပရိုမိုးရှင်းပစ္စည်းတွေကို အလုအယက်ရွေးကြတာတွေ၊ လဟာပြင် စတိတ်ရှိုးသီချင်းသီဆိုပွဲတွေ၊ အနေဝေးတဲ့ မိသားစုတွေ အိမ်အလည်လာ ဆုံဆည်းကြတဲ့မြင်ကွင်းတွေ၊ စုပေါင်း ပါတီစားသောက်ပွဲတွေ၊ ကယ်ရို သီချင်း လှည့်လည်သီဆိုကြတာတွေ၊ ပျော်ပွဲစားထွက်ကြတာတွေ အားလုံးကတော့ ခရစ္စမတ်လို့ဆို လိုက်တာနဲ့ မျက်လုံးထဲ ထင်းကနဲမြင်လာတဲ့ လူစုလူဝေး ရုပ်ပုံကောက်ကြောင်းတွေ ဖြစ်ပါတယ်။
သခင်ယေရှုမွေးဖွားတဲ့အချိန်က အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လဲ လူစုလူဝေးအဖြစ်တွေကို တွေ့ရပါတယ်။ သန်းခေါင်စာရင်းဝင်ဖို့ နယ်အသီးသီးက လာကြတဲ့သူတွေ ဒါဝိဒ်၏မြို့မှာ ရုံးရုံးကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လဲ သခင်ယေရှုမိသားစုအတွက် တည်းခိုစရာ အခန်းနေရာတောင် မရလိုက် ပါဘူး။ တိရိစ္ဆာန်ထားတဲ့နေရာမှာ ဖြစ်သလို ကျဉ်းကြပ်စွာ နေခဲ့ရသလို၊ မွေးလာတဲ့ သူငယ်တော် သခင်ယေရှုကိုလဲ တိရိစ္ဆာန်စားခွက်ပေါ်မှာ သိပ်ထားခဲ့ကြရပါတယ်။
သခင်ယေရှုမွေးဖွားလာပြီဖြစ်ကြောင်း သိုးထိန်းတို့ကို ကောင်းကင်တမန်တို့က သတင်းကြားပြော လာတဲ့အချိန်မှာ သိုးထိန်းတွေက တောစားကျက်မှာ တဲထိုးနေထိုင်ကြတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ သူတို့က သတင်းကြားလျှင်ကြားချင်း သူငယ်တော် ယေရှုကို သွားရောက်ဖူးမြင်ကြပါတယ်။ ဒါကလဲ လူစုလူဝေးတာပဲဖြစ်ပါတယ်။ ညအချိန် ကယ်ရိုသီချင်းသီဆို လှည့်လည်ခြင်း ဓလေ့ကလဲ ဒါကိုအခြေခံပြီး ပေါ်လာပါတယ်။
အရှေ့ပြည်က မာကုပညာရှိတို့ကလည်း သူငယ်တော် သခင်ယေရှုကို လက်ဆောင်ဘဏ္ဍာတွေ ပူဇော်ကာ လာရောက်ဖူးမြင်ကြပါတယ်။ သူတို့လဲ တစ်ဦးတည်းတော့ မဟုတ်ပါ။ အုပ်စုလိုက် လာရောက်ကြတာမို့ လူစုလူဝေး အခင်းအကျင်းပဲဖြစ်ပါတယ်။
ခရစ္စမတ်ဆိုတဲ့ စကားလုံးကို ပြန်ကြည့်ရင်လဲ လူစုလူဝေးလို့ စကားလုံ အတိအကျ ပါဝင်နေပါတယ်။ "ခရစ်တော်ရဲ့ လူထု" လို့အဓိပ္ပါယ်ရတဲ့ ရှေးအင်္ဂလိပ်စကားလုံး Cristemasse က ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီတော့ သူငယ်တော် သခင်ယေရှုမွေးဖွားခြင်းက လူစုလူဝေးနဲ့ ကင်းကွာမှု မရှိကြောင်း သမိုင်းနောက်ခံ အခင်းအကျင်းကဖော်ပြနေပါတယ်။
သခင်ယေရှုမွေးဖွားခြင်းကို အမှတ်တရ ပွဲလုပ်ကြတဲ့ ခရစ္စမတ်ပွဲ ဓလေ့က နှစ်ပေါင်း အတော်ကြာ ညောင်းခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကနေ့ ထိုလူစုလူဝေး ဓလေ့ကို စိန်ခေါ်လာတာကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပါတယ်။ လူစုလူဝေးတွေက ရောဂါကို ပိုပွားစေတဲ့အကြောင်းလဲ ကမ္ဘာအနှံ့ သက်သေတွေ အများကြီး ရှိနေပြီဖြစ်ပါတယ်။ အခြေအနေကို တန်ပြန်ဖို့ စဉ်းစားစရာ၊ စိန်ခေါ်မှုတွေ ရှိနေပြီဖြစ်ပါတယ်။
ခရစ္စမတ်က သခင်ယေရှုမွေးဖွားချိန်ကို ညွှန်းဆိုပြီး အမှတ်တရ ကျင်းပကြတယ်ဆိုရင် လူစုဝေးခြင်း ထက်ကျော်လွန်ပြီး မြင်နိုင်ဖို့ကြိုးစား ဖော်ထုတ် သင့်တဲ့အချိန်ဖြစ်လာပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြား မှာ ခရစ္စမတ်ပွဲကို ဘယ်လိုအနှစ်သာရတွေ၊ ပုံစံအခင်းအကျင်းတွေနဲ့ ကျင်းပကြမလဲ စဉ်းစားဖို့လို လာပါ တယ်။
(၁) ခရစ္စမတ်က ကျေနပ်ရောင့်ရဲခြင်းသဘော ရှိပါတယ်။ ဂုဏ်တွေ၊ ရပိုင်ခွင့်တွေထက် ရှိတဲ့အနေအထားမှာ နှိမ့်ချခြင်းသဘောကို တိရိစ္ဆာန်အစာခွက်ထက်က သူငယ်တော်ယေရှုပုံသွင်က ဖော်ညွှန်းနေပါတယ်။ တကယ်တမ်းဆိုရရင် ယောသပ်နဲ့ မာရိက တည်းခိုခန်းတစ်ခုလုံးမှာ ကောင်းပေ့ဆိုတဲ့ ဇိမ်ခံ အခန်းကို ရဖို့သင့်လျော်လှပါတယ်။ ဒါပေမယ့် အခြေအနေအရ ခက်ခဲကျဉ်းကြပ်တဲ့နေရာ ကိုပဲရခဲ့တယ်။ တပါးသူ အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်ရပ်ဝန်းမှာလို လွတ်လပ်မှုမရှိပါဘဲ၊ ကသီမှုများစွာနဲ့ ဧည့်သည် လုပ်နေခဲ့ရပါတယ်။ ဒါကိုပဲ လက်သင့်ခံ ရောင့်ရဲခဲ့ပါတယ်။
(၂) ခရစ္စမတ်က စူးစမ်းလေ့လာပြီး ဝမ်းမြောက်ရတဲ့ အချိန်ဖြစ်တယ်။ သိုးထိန်းတွေက ကောင်းကင်တမန်ဆီက သတင်းကောင်း ရတဲ့အခါ ညအချိန်မှာပင်လျှင် သွားရောက်လေ့လာပြီး အတည်ပြုကြပါတယ်။ စူးစမ်းရှာဖွေ အတည် ပြုခြင်း ဖြစ်ပါတယ်။ သတင်းကောင်းကို လက်ခံ၊ စူးစမ်းရှာဖွေအတည်ပြုရင်း ဝမ်းမြောက်မှုကို ခံစား ကြပါတယ်။
(၃) ခရစ္စမတ်အချိန်အခါက လေးမြတ်ပူဇော်ရတဲ့အချိန်ဖြစ်ပါတယ်။ သူငယ်တော်ယေရှုကို မာကုပညာရှိတို့က အဖိုးတန်ပစ္စည်းများဖြင့် လာရောက်ပူဇော်ကြပါတယ်။ လေးမြတ်သောစိတ်ဖြင့် ပူဇော်ကြပါတယ်။
(၄) ခရစ္စမတ်က တစ်ဦးကို တစ်ဦးမထိခိုက်အောင် မေတ္တာခြုံပေးတဲ့ သဘောရှိပါတယ်။ ခရစ္စမတ်နဲ့ပတ်သက်လာရင် စစ်ပွဲကြားက ခရစ္စမတ်အကြောင်း ကြားဖူးကြမှာပါ။ ပထမကမ္ဘာ့ ကာလ၊ ရှေ့တန်းစစ်မြေပြင်မှာ တစ်ဘက်နှင့်တစ်ဘက် အသေအကျေတိုက်ခိုက်နေကြရပေမယ့် ဒီဇင်ဘာလ ၂၅ ရက်မှာ ကြိုတင် အချိန်းအချက် မရှိပါဘဲ စစ်ပွဲခေတ္တရပ်နားဖြစ်လိုက်ကြပါတယ်။ ဒါကို ခရစ္စမတ် သဘောတူညီချက် (Christmas True) လို့ လူသိများကြပါတယ်။ တစ်ဦးကိုတစ်ဦး သေစေတတ်သော သေနတ်၊ ဗုံးဆံတွေ ပပစ်ခတ်ကြတာက ရင်ဘတ်ထဲမှာ မေတ္တာကိန်းအောင်းလာလို့ဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ အပြုအမူအားဖြင့် ကမ္ဘာကြီး ပိုမိုဖျားနာစေဖို့ မဟုတ်ပါ။ Joy to the world- လောက ဝမ်းမြောက် ဖို့ဖြစ်ပါတယ်။ မေတ္တာခြုံတာလောက် လုံခြုံအေးချမ်းတာ မရှိပါ။
ချစ်သော
ကိုဂျေ
(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)