ဟုတ်ပါတယ်... ကိုဗစ်-၁၉ကပ်ဘေးကြီးထဲမှာ တံခါးချပ်များစွာပိတ်သွားသလို အခင်းအကျင်းအသစ်တွေနဲ့ ပွင့်လာတဲ့ တံခါးချပ်တွေလည်း ရှိပါတယ်။ ပိတ်နေတဲ့တံခါးကို အတင်းတွန်းဖွင့်တာထက် ပွင့်လာတဲ့တံခါး တွေကို မြင်အောင်ကြည့်ပြီး ရှေ့ဆက်ကြဖို့ လိုမှာပါ။
ယောသပ်နဲ့မာရိက တည်းခိုခန်းပိုင်ရှင်ကို ဖိအားတွေနဲ့ အတင်းအခန်းပေးခိုင်းတာ ရန်ရှာတာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကြပ်တည်းစွာ နေကြရတဲ့ စတေးအက်ဟုမ်းအနေအထားနဲ့ ချိန်ထိုးပြီး (အစိုးရအပါအဝင်) ဘယ်သူ့ကိုမှ အပြစ်မမြင်ဖို့ ရတဲ့အနေအထားမှာ ရောင့်ရဲစိတ်ကိုမွေးဖို့ တွန်းအားဖြစ်စေမှာပါ။ လွတ်လပ်ခြင်း၊ ဇိမ်ခံခြင်းထက် ရောင့်ရဲသည်းခံခြင်းစိတ်ကို မွေးမြူကြရပါမယ်။
ဝမ်းမြောက်စရာသတင်းကို ကိုယ်တိုင်အတည်ပြုကြတဲ့ သိုးထိန်းတွေလို သမ္မာကျမ်းစာထဲက သူငယ်တော် သခင်ယေရှုမွေးလာတဲ့ အကြောင်းအရာကို ဖတ်ရှုကာ ဝမ်းမြောက်ခြင်းကို ခံစားလို့ရပါတယ်။ ကျမ်းစကားကို ပိုမိုနားလည်နိုင်ရန် စာအုပ်စာတမ်းတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေများစွာ ရှိနေပြီဖြစ်ပါတယ်။ ဖွင့်ဆိုချက်တွေနဲ့ အတူ ကိုယ့်ဘဝအတွေ့အကြုံနဲ့ ဆက်စပ်ကြည့်နိုင်ပါတယ်။ အဓိက,ကတော့ ကိုယ်တိုင်စူးစမ်း ဖတ်ရှု လေ့လာပြီး ဝမ်းမြောက်ခြင်း ခံစားဖို့ဖြစ်ပါတယ်။ ယုံကြည်မှုအကျိုးက ကိုယ်တိုင် ယုံကြည်လုပ်ဆောင်မှ ရကြတာမျိုးဖြစ်ပါတယ်။ လူစုလူဝေးက အရေးကြီးသလို၊ ကောင်းကင်ကလာတဲ့ သတင်းစကားကို တစ်ဦးချင်း နားလည်ကာ ဝမ်းမြောက် စိတ်ပြည့်လာဖို့က ပိုပြီးအရေးကြီးပါတယ်။
မာကုပညာရှိတွေ သူငယ်တော်ကို ဖူးတွေ့ပြီး လက်ဆောင်ဘဏ္ဍာတွေ ပူဇော်ပါတယ်။ ကနေ့ သူငယ်တော်ကြောင့် ဝမ်းမြောက်တဲ့သူတွေ၊ လေးမြတ်ကြည်ညိုကြသူတွေက သူ့အတွက် ရည်စူးပူဇော်မှုတွေ လုပ်နိုင်ပါတယ်။ ယနေ့အနေအထားမှာ ထိုသူငယ်တော်ဟာ ပုံဆောင်မှုအားဖြင့် အခက်အခဲဖြစ်နေတဲ့သူတွေ၊ မရှိဆင်းရဲသားတွေလို့ ယူနိုင်ပါတယ်။ သူတို့ကို ကြည့်ရှုပြုစုခြင်းက ခရစ်တော်သခင်ယေရှုကို လေးမြတ်ခြင်းပင် ဖြစ်လာပါတယ်။ အာရှဒေသမှာ ဆင်းရဲမွဲတေမှုက အမြဲလိုလိုရှိနေဆဲဖြစ်ပါတယ်။ ဒါကလည်း ခရစ်ယာန်များအတွက် ပေးလှူဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ သူငယ်တော်ကို လေးမြတ်တဲ့စိတ်ထားနဲ့၊ သူငယ်တော်ကို ရည်မှန်းပြီး ပတ်ဝန်းကျင်မှာ အလှူပေး၊ ကောင်းကျိုးပြုဖို့ အချိန်ကောင်းဖြစ်ပါတယ်။ လူကိုယ်တိုင်သွားတာထက် စိတ်ချရတဲ့ အသင်းအပင်းအဖွဲ့အစည်းတွေ အေးဂျင့်တွေကတဆင့် အမှန်တကယ်လိုအပ်နေတဲ့သူတွေကို အကျိုးပြုနိုင်ပါတယ်။
အငယ်ဆုံးသောသူတို့ကို ပြုစုခြင်းသည် ငါ့အားပြုသည်ဟု သခင်ခရစ်တော်မိန့်တော်မူချက်အတိုင်း မိမိပတ်ဝန်းကျင်က အငယ်ဆုံးသောသူတွေကို ပေးကမ်းဒါနပြုနိုင်ပါတယ်။ လူချင်းတွေ့ဆုံပြီး အမည်တပ်ပြီး လက်ဆောင် ဖလှယ်ကြတာမျိုးအတွက် အမှန်တကယ်အသုံးလိုမယ့် လက်ဆောင်ပစ္စည်းတွေကို ယုံကြည်ရတဲ့ delivery serviceနဲ့ ပေးပို့ပေးလို့ရနေပါတယ်။ အံ့အားသင့်စေမယ့် လက်ဆောင်တွေဖြစ်သွားမှာပါ။
လူချင်းတွေ့ဆုံဖို့ကိစ္စက အဆင်ပြေခဲ့တဲ့ နှစ်ပေါင်းများစွာလည်း တွေ့ကြုံခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ လူစုလူဝေးနဲ့ လူချင်းနီးကပ်ဖို့ အဆင်မပြေတဲ့ကာလမှာလဲ ခရစ္စမတ်ကို လူစုလူဝေးခြင်းထက်ကျော်လွန်ပြီး အခြားသော နည်းလမ်းတွေနဲ့ ကျင်းပလို့ရပါတယ်။ ယနေ့ကပ်ဘေးကာလမှာတော့ လူချင်းတွေ့ဆုံကြဖို့ထက် ပိုမိုနက်နဲသော အနှစ်သာရပိုင်းကို ဦးစားပေးဖို့ လမ်းပွင့်သွားတဲ့ အချိန်ကာလဖြစ်ပါတယ်။
နည်းပညာကလည်း တံခါးဖွင့်လှစ်ထားပေးပါတယ်။ တဦးနဲ့တဦး ဖုန်းနဲ့စကားပြောခွင့်ရနေကြပါတယ်။ အထူးသဖြင့် လူပေါင်းများစွာ တချိန်တည်း တရားစကား နားထောင်ခွန်အားယူဖို့ Google Meet, Zoom အစရှိတဲ့ ပလက်ဖောင်းတွေ ရှိနေပြီဖြစ်ပါတယ်။ ဘုရားသခင်က သိပ္ပံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီးရှင်တွေကို အတွေးသစ်၊ စိတ်ကူးသစ်၊ ပညာရပ်အသစ်တွေ ပေးထားပြီး တီထွင်မှုတွေဖြစ်လာစေတဲ့ အရာတွေက ကပ်ဘေးအတွက် အသင့်ရှိနေပါတယ်။ အွန်လိုင်းအင်တာနက်ဝန်ဆောင်မှုက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလမှာ ကူးစက်မှုစက်ကွင်းတွေကို အများဆုံး လျှော့ချပေးနိုင်တဲ့အရာဖြစ်လာပါတယ်။ ဖုန်း၊ အင်တာနက် မရှိတဲ့ဘဝကို ပြန်မြင်ကြည့်ရင် ...။ ကနေ့ အခြေအနေမှာ ဘုရားသခင်က အခက်အခဲကြားမှာ ထွက်ပေါက်လမ်းဖွင့် ပေးထားပြီးဖြစ်နေတာကို မြင်နိုင်မှာပါ။
ယနေ့နည်းပညာခေတ်ကြီးက ခရစ္စတော်ဖွားမြင်တဲ့ခေတ်မျိုးမှာသာ ရှိနှင့်ပြီးဖြစ်နေခဲ့ရင် သိုးထိန်းတွေက ညကြီးမင်းကြီးသွားတာထက် အင်တာနက်လိုင်းချိတ်ပြီး ဖုန်းခေါ်တာတို့ သတင်းအတည်ပြုချက်တွေ ယူကြဝမ်းမြောက် ကြည်နူးကြမှာပါ။ မာကုပညာရှင်တွေကလည်း Amazon, DHLတို့လိုမျိုး ယုံကြည်စိတ်ချရတဲ့ အေးဂျင့်တွေကတဆင့် ပူဇော်ပစ္စည်းတွေ ပေးပို့ပြီး ဖုန်းနဲ့ အတည်ပြုကြမှာပါ။ လူချင်းတွေ့ဖို့ထက် တဦးကို တဦး မထိခိုက်စေတဲ့ နည်းလမ်းတွေကို သုံးကြမှာပါ။ ရှိနေတဲ့ အခင်းအကျင်း Infrastructureကို အသုံးချပြီး တဦးကိုတဦး မထိခိုက်အောင် လုပ်ကြမှာပါ။ သို့အတွက်ကြောင့် ကိုဗစ်ကြားက ခရစ်ယာန်များကလည်း အဟန့်အတားတွေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ၊ ဖွင့်ထားတဲ့လမ်းတွေကို လျှောက်တတ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရှေးရိုးစဉ်လာ အမူအကျင့်တွေနဲ့ တပါးသူကို ထိခိုက်အောင် မလုပ်သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ ကပ်ဘေးကာလကြားမှာ ခရစ်ယာန်တွေ ဘာဖြစ်လို့ လူစုလူဝေးနည်းလမ်းကို ချန်ထားသင့် သလဲ ( မရွေးချယ်သင့်တာလဲ) ဆိုရင် ...။ ခရစ်ယာန်တွေ စုဝေးတိုင်း လက်ဆွဲနှုတ်ဆက်ကြတာ၊ ဖက်နမ်းကြတာ၊ စားသောက်ပွဲတွေက ကပ်ပါလာပါတယ်။ အထူးသဖြင့် ဝတ်ပြုစည်းဝေးချိန်မှာ Maskတပ်ပြီး ငြိမ်ငြိမ်လေး နေကြမယ့်သူတွေ မဟုတ်ပါဘူး။ Maskကိုချွတ်၊ သီချင်းတွေ အကျယ်ကြီး အားရပါးရဆိုကြမှာပါ။ သီချင်းဆိုရမှ အားရကြတဲ့သူတွေပါ။ ကယ်ရိုတွေ လှည့်လည်ကြမှာပါ။ တချို့က သူတို့လိုအင်ကို ဦးစားပေးပြီး ဘုရားသားသမီးတွေ ရောဂါမကူးဘူးဆိုတဲ့အထိ ရဲဆေးတွေတင်လာနိုင်ပါတယ်။ တကယ်တော့ ကိုဗစ်က ခရစ္စမတ်ကို မသိပါဘူး။ လူသားတွေအားလုံးကို သက်ညှာပေးတာမျိုးမရှိပါဘူး။ အဲ့ဒီမှာ ဆေးပညာအရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအရ ၆ပေကွာရမယ်တို့၊ Maskကို အမြဲတပ်ထားရမယ်တို့ဆိုတာ ဘယ်လိုမှ အဆင်မပြေလှပါဘူး။ နောက်ပြီး လူတိုင်းက မိမိဆီမှာ ကိုဗစ်-၁၉ပိုးရှိတယ်လို့ မသိကြပါဘူး။ လူကောင်းလိုပဲ သွားလာနေပြီး တကယ်ဖျားလာတော့မှ သိကြရတာများပါတယ်။ ဒီလိုအနေအထားမှာ တတ်နိုင်သမျှ စတေးအက်ဟုမ်းတာက တဦးအတွက်တဦး စောင့်ရှောက်ပေးတာပါပဲ။ ပိတ်ထားတဲ့တံခါးကို အတင်းတွန်းဖွင့်နေရင် အထိအခိုက်များပါလိမ့်မယ်။ လူစုလူဝေးခြင်းသက်သက်ကို ကျော်လွန်ပြီး ခရစ္စမတ်အနှစ်သာရပိုင်းအထိ သွားကြဖို့ဖြစ်ပါတယ်။ သွားနိုင်အောင်လည်း လမ်းပွင့်နေဆဲ ရှိပါတယ်။ ဘယ်အစိုးရကမှ ယုံကြည်ခြင်းကို မဟန့်တားပါဘူး။
ဘာသာတရားက ရောင့်ရဲခြင်း၊ ဝမ်းမြောက်ခြင်း၊ လေးမြတ်ပူဇော်ခြင်းနဲ့ မေတ္တာတရားတွေကို တန်ဖိုးထား သွန်သင်တယ်ဆိုရင် ဒီလိုကပ်ဘေးကာလမှာ ထိုအရာတွေကို ပြန်လည်ဖော်ထုတ်ပြီး ကျင့်သုံးဖို့ပဲလိုပါတယ်။ မိမိတို့ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်တတ်တဲ့ စိတ်တွေကို လျှော့ချဖို့လိုပါတယ်။ မိမိကြောင့် တပါးသူကို မထိခိုက်စေဖို့ လိုပါတယ်။ လက်ဆွဲနှုတ်ဆက်တာမလုပ်တာ၊ Maskတပ်တာ၊ အိမ်အလည်မသွားတာ၊ လမ်းမှာတွေ့ရင် အတင်းစကားမပြောတာက မေတ္တာပြတာပါပဲ။ စကားပြောချင်ရင် လူချင်းတွေ့ဆုံတာထက်၊ ဖုန်းနဲ့ပြောလို့ ရနေပါတယ်။ ဖွင့်ထားတဲ့တံခါးကို အသုံးချပါ။ တကယ်လိုအပ်နေတဲ့သူတွေကို ပစ္စည်းဥစ္စာတွေ ပေးလှူပါ။ တဦးအတွက်တဦးက ကာကွယ်ပေး၊ ကြင်နာပေးပါ။
ပျော်ပွဲစားပွဲ လူစုလူဝေးပွဲတွေရဲ့အလွန် ပိုမိုနက်နဲသော ရောင့်ရဲခြင်း၊ လေ့လာခြင်း၊ ဝမ်းမြောက်ခြင်း၊ ပေးလှူပူဇော်ခြင်း၊ တဦးကိုတဦး မထိခိုက်စေရအောင် မေတ္တာထားခြင်း စသော အနှစ်သာရဦးစားပေးပုံစံနဲ့ ကပ်ဘေးကြားက ခရစ္စမတ်ကို ကျင်းပနိုင်ကြပါစေ။
ချစ်သော
ကိုဂျေ
(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)