နှောင်ကြိုးမဲ့ ရဲရဲပေးပါ ...

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျွန်တော့်စိတ်ဘဝင်ထဲ ထင်မြင်လာတဲ့ မရှိဆင်းရဲသား အိမ်တအိမ်ကို နှောင်ကြိုးမဲ့ ပေးကမ်းမှုတခု လုပ်ခဲ့ပါတယ်။ ခရစ္စမတ်လက်ဆောင်အဖြစ် ဆန်တအိတ်ကို သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ အဲဒီမိသားစုဆီသို့ အိမ်တိုင်ရာရောက် ပို့ဆောင်စေခဲ့ပါတယ်။ ၂၄ နာရီမကျော်ခင်မှာပဲ အဝေးရပ်က စာသင်သား တပည့်ဟောင်း တယောက်ဆီက Wave Mloneyနဲ့ အလှူငွေ ၅၀၀၀၀ပေးပို့လာပါတယ်။ သူ့ခြံထွက်သစ်သီးရောင်းရငွေထဲက ဆရာ့ကို သတိတရနဲ့ ပေးပို့လိုက်တာလို့ဆိုပါတယ်။ တယောက်ကို တယောက် တောင်းဆို ဖိအားပေးခြင်း ကင်းသော၊ အကျိုးမျှော်လင့်ခြင်း ကင်းသော၊ ဖြူစင်သော စွန့်ကြဲပေးကမ်းတုံ့ပြန်မှု ဖြစ်လာပါတယ်။ ဒါကတိုက်ဆိုင်မှုလား၊ နိယာမလား။

သိပ္ပံပညာရှင် အိုင်ဇက်နယူတန်က  "for every action (force) in nature there is an equal and opposite reaction- ဘယ်လုပ်ဆောင်မှုမှာမဆို တူညီသော တန်ပြန်သက်ရောက်မှုရှိသည်" ဟု သိပ္ပံတွေ့ရှိချက် နိယာမ တခုကို ဖော်ထုတ်ခဲ့ဖူးပါတယ်။ ဒါကသိပ္ပံတွေ့ရှိချက်။ ဝိဇ္ဇာနယ်ပယ်ထဲက ကျွန်တော်လေးမြတ်သော ကျမ်း သဘောလမ်းညွှန်ကို လေ့လာမိပြန်တော့လည်း “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်” (သုတ္တံ ၁၁း၂၅) လို့ အလင်းပြ ထားပါတယ်။ 

ခရစ္စမတ်ချိန်ခါမှာ အသိအကျွမ်းတွေ၊ ချစ်သူခင်သူတွေအချင်းချင်း လက်ဆောင်ပေးကြတဲ့ ဓလေ့ရှိပါတယ်။ ဒီလို ပေးကမ်းရာမှာ တိုက်ရိုက်အကျိုး မျှော်ကိုးမှုများကြပြီး၊  ရေပြန်လောင်းပေးမယ့်သူတွေကိုပဲ ရွေးပေးမိနေ တတ်ကြပါတယ်။ ကိုယ့်ကိုပြန်ပြီး ရေမလောင်းနိုင်တဲ့သူတွေကို ပေးဖို့၊ နှောင်ကြိုးမဲ့ အလှူတွေလုပ်ဖို့ မေ့နေတတ် ကြပါတယ်။ သူ့ဆီက ဘာပြန်ရဖို့မှ မမျှော်လင့်ပါဘဲ လှူလိုက်တဲ့အလှူတွေကြောင့် ကိုယ့်ဆီက ဘာပြန်ရဖို့မှ မမျှော်လင့်ပါဘဲ ရေပြန်လောင်းခြင်းတွေ ရနိုင်ပါတယ်။ ဒါက နိယာမတခုပဲ ဖြစ်ပါတယ်။ 

တူညီသော တုံ့ပြန်မှုရှိတယ်ဆိုတဲ့နိယာမက ငွေကြေးကိစ္စမှာပဲမဟုတ်ပါဘဲ အခြားသော နယ်ပယ်မှာလည်း မှန်ကန်နေတာ တွေ့ရပြန်ပါတယ်။ ကိုယ်ကအပြုံးတွေပေးလိုက်ရင် သူတပါးက ပြန်ပြုံးပြတာမျိုးကလည်း ဒီနိယာမ ပါပဲ။ ကျွန်တော်က စာသင်ပေးရတဲ့သူဆိုတော့ သူတပါးကို အိတ်သွန်ဖာမှောက် များများသင်ပေးလေလေ ကိုယ်က များများနားလည်လာလေလေ ဖြစ်နေတာကို သတိပြုမိပါတယ်။ သူတပါးကို များများသင်ပေးလိုက်လို့ ပညာရပ်တခုခုမှာ ကိုယ့်နားလည်မှု လျော့ပါးသွားတာ၊ တတ်မြောက်မှု ဆုံးရှုံးသွားရတယ်လို့ တခါမှ မခံစားမိပါဘူး။ အကြောင်းအရာတခုကို ပိုမိုကြွယ်ဝစွာ နားလည်လာတာကိုပဲ ခံစားမိပါတယ်။ ဒါက ကိုယ်က ပေးရင် ပေးသလောက် တုံ့ပြန်မှုပြန်ရတယ်လို့ နားလည်မိပါတယ်။ 

ခရစ္စမတ်ချိန်ခါက ဘုရားသခင်အနေနဲ့ သူ့ရဲ့တပါးတည်းသော သားတော်ကို နှမြောခြင်းကင်းစွာ စွန့်ကြဲပေးကမ်းခဲ့တာကို အထူးအောက်မေ့ကြတဲ့ အချိန်အခါဖြစ်ပါတယ်။ ကိုယ့်ရပ်ရွာမှာ၊ အသိုက်အဝန်းမှာ ကိုယ့်ကို ရေပြန်မလောင်းနိုင်တဲ့သူတွေကို ရွေးပြီး ရေလောင်းပေး၊  ပေးကမ်းစွန့်ကြဲပေးပါ။ ကိုယ်ပေးကမ်းလိုက်တဲ့သူ ကိုယ်တိုင် မတုံ့ပြန်နိုင်လို့ ကိုယ်ပြုတဲ့အကျိုး ဆုံးရှုံးပြီလို့မဆိုနိုင်ပါဘူး။ စောင့်ကြည့်နေတဲ့ ဘုရားသခင်က သင့်ကို အကျိုးကျေးဇူးပြန်တုန့်ပြန်ပေးဖို့ အသင့်ရှိနေတတ်ပါတယ်။ “ဆင်းရဲသားကို သနားသော သူသည် ထာဝရဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျုးကို ဆပ်ပေးတော်မူလိမ့်မည်” (သုတ္တံ ၁၉း၁၇)။ ဘယ်လုပ်ငန်းစု၊ ဘယ်ဘဏ်၊ ဘယ်စတော့ရှယ်ယာများကမှ ဘုရားသခင်လောက် မခိုင်မာပါဘူး။ ကိုယ့်မှာရှိနေတဲ့ အရင်းအမြစ်တွေကို အားလုံးထက် ခိုင်မာတဲ့ ဘုရားသခင်ရဲ့ဘဏ်မှာ ရင်းနှီးမြုပ်နှံနိုင်ကြပါစေ။ သင့်လုပ်ရပ်ကို ဘုရားသခင်က သိမှတ်စောင့်ကြည့်ကာ အခြားသောနည်းလမ်းများစွာဖြင့် တုံ့ပြန်အကျိုးပေးမှာ သေချာပါတယ်။ ဖြူစင်သော၊ နှောင်ကြိုးမဲ့ရဲရဲ ပေးကမ်းစွန့်ကြဲမှုရဲ့ တန်ပြန်အကျိုးက ဖြူစင်ချိုမြိန်သော၊ စပရိုက် ဖြစ်သော၊ နှောင်ကြိုးမဲ့သော မင်္ဂလာအရာတွေပဲ ဖြစ်လာစေပါတယ်။

ကျွန်တော်က ဆရာကြီးမဟုတ်ပါဘူး။ ကျမ်းစာလမ်းညွှန်ကို လက်တွေ့အသုံးချကြည့်ပြီး ကိုယ်ခံစားရတာတွေကို သက်သေခံ ဝေမျှပေးတဲ့ ယုံကြည်သူတယောက်မျှသာ ဖြစ်ပါတယ်။ သူတပါးကို နှောင်ကြိုးမဲ့ ပေးကမ်းစွန့်ကြဲကြည့်ပါ။ အံ့ဖွယ်တုံ့ပြန်မှုကိုလည်း ခံစားကြည့်ပါလို့ လက်တို့ တိုက်တွန်းလိုက်ရပါတယ်။ 

Merry Christmas to you all!


ချစ်သော 

ကိုဂျေ


(စာရေးသူ ကိုဂျေသည် ရသစာတမ်း၊ ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)