အယ်ဒီတာ့အာဘော်

နွမ်းလျတဲ့ အိပ်မက်ကို အသစ်သောအိပ်မက်ဖြစ်ဖို့ အစပြန်ပြုဖို့ နေ့ရက်ခရီးတာကာလ ရောက်ပြန်လာတော့မယ်။ ဘာတွေ ပြုလုပ်ခဲ့ပြီးလို့ ဘာတွေလုပ်ဖို့ မှတ်စုထုတ်နေပြီလဲ။ စာချစ်သူတွေအနေနဲ့ ဒီစာစုလေးကို ဖတ်နေတဲ့အချိန်ခဏတာလေးမှာ မိမိတို့ ချစ်ခင်ရတဲ့မိတ်ဆွေတွေကို မေတ္တာစိတ်နဲ့ ဆုတောင်းစကား ခြွေကြစို့နော်။

ဒေသနာကျမ်းစာကို ဆင်ခြင်ကြည့်ကြစို့။ အနိတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။ လူတစ်ဆက် လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။ (ဒေသနာကျမ်း ၁း၂-၄)

“ရှောလမုန် ရှာဖွေပြင်ဆင်သမျှ နေရောင်ခြည်အောက်ရှိ အရာခပ်သိမ်းများသည် အချည်းနှီး၊ အနတ္တများဖြစ်သည်။ လူ့ဘဝသည် ပြောင်းလဲနေသည်၊ ဆုတ်ယုတ်နေသည်။ သုံးစရာမရှိ အခွံအလွတ်ချည်း ဖြစ်သည်။ အလကားဖြစ်သည်။ အဓိပ္ပါယ်မရှိ။ အချိန်ကုန်ခြင်းဖြစ်သည်။ အားအင်ချိနဲ့သော လူ့ဘဝသည် တသက်လုံး ရုန်းကန်လှုပ်ရှား အလုပ်လုပ်ရသည်။ သို့သော် လုပ်ဆောင်ခဲ့သမျှ၊ ပြောဆိုခဲ့သမျှသည် အဖတ်မတင်ပဲ ဘယ်ရောက်ကုန်ပါလိမ့်။ လူ့လောက ပတ်ဝန်းကျင်တွင် ကြီးသည့်အစဉ် တွေ့ရှိနေသော်လည်း လူ့ဘဝသည် ပြောင်းလဲပြီးပြောင်းလဲနေသည်။ မျိုးဆက်တဆက်ပြီးတဆက် ပြောင်းလဲသည်။ မျိုးဆက် တဆက်ပြီးတဆက် ပြောင်းလဲသည်မှာ သဘာဝနိယာမဖြစ်သည်။ နေရောင်ခြည်အောက်က လူ့ဘဝ ဓမ္မတာတည်း”ဆိုပြီးတော့ သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းမှာ ဖွင့်ဆိုထားပါတယ်။

အခုချိန်ကာလအားဖြင့် ရွက်ဟောင်းနေရာမှာ ရွက်သစ်ဝေဖို့ ထနောင်း၊ ကုက္ကိုတွေလည်း ဦးမော့ဖို့ အစပြုနေပြီဖြစ်ပြီး တနှစ်တာ ခွန်အားယူစရာ တည်ဆောက်စရာ သမ္မာကျမ်းစာလည်း ဒေသစာရီကြွချီဖို့ ခရီးပြုနေပြီလည်း ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ကပ်ဘေးဒုက္ခကြောင့် မိမိတို့ချစ်ခင်ရတဲ့ ကြင်သူ မိတ်ဆွေတွေကိုဆုံးရှုံးခြင်း၊ စားဝတ်နေရေး မပြေလည်ခြင်းအစရှိတဲ့ စိတ်ပျက်ညစ်ညူးဖွယ်ရာကိစ္စတွေကို ယုံကြည်သူညီအစ်ကိုမောင်နှမတွေ တွေ့ကြုံနေရပေမဲ့လည်း မျက်မှောက်တော်ထဲမှာ ဆက်ပြီးအသက်ရှင်ဖို့ တိုက်တွန်းခွန်အားပေးလိုပါတယ်။ ဆုတောင်းကူ မေတ္တာပြခြင်းကိစ္စတွေကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ အားပေးလိုပါတယ်။ ကိုဗစ်ကပေးတဲ့ ပူပင်သောက မောဒုက္ခကြီးကို ၂၀၂၀မှာ ချန်ထားရစ်ပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့ ခရီးတာသစ်ကို ကျေးဇူးတော်နဲ့ ပြန်လည်အစပြုဖို့ တိုက်တွန်းခွန်အားပေးနေပါကြောင်း အယ်ဒီတာ့အာဘော်အားဖြင့် ရေးသားလိုက်ရပါတယ်။

အယ်ဒီတာ