ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ခုနှစ် ခရစ္စမတ်သည် အခြားနှစ်များနှင့်မတူပဲ တမူထူးခြားနေတော့မည်မှာ အမှန်ဖြစ်သည်။ လူစုခွင့်မရှိခြင်းကြောင့် ကယ်ရိုလည်း လှည့်ခွင့်မရတော့သလို ဘုရားကျောင်းများ၌စုဝေးပြီးလည်း ခရစ္စမတ်ပွဲတော် ကျင်းပဖို့ရန်လည်း မရေရာသည့် အနေအထားတွင်ရှိနေတော့သည်။ အကယ်၍ ပွဲတော်ကျင်းပပါမူလည်း မည်သို့မည်ပုံဖြင့် ကျင်းပကြရမည့်အရေးဖြင့် သင်းအုပ်ဆရာများနှင့်အသင်းတော်လူကြီးများလည်း ခေါင်းခဲကြမည်မှာအမှန်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤခရစ္စမတ်သည် တမူထူးခြားသော ခရစ္စမတ်အဖြင့် ရာဇဝင်ကျန်ရှိနေတော့မှာမည်။
အကယ်၍ စာရေးသူအနေဖြင့် “ဓမ္မဟောင်းတွင် ခရစ္စမတ်ပါတီလေး တပွဲရှိခဲ့သည်”ဟု ပြောဆိုက စာဖတ်သူအံ့သြမည်လော။ စင်စစ် ဓမ္မဟောင်း၌ ခရစ်တော် မမွေးဖွားသေးပေ။ ဘီစီ ၄လောက်မှသာ ခရစ်တော်မွေးဖွားခဲ့သည်။ ထို့ပြင် ခရစ္စမတ်ပွဲတော်ကိုလည်း အေဒီ ၃၃၆မှ ရောမဘုရင် ကော်စတာတင် (Constantine) က ဒီဇင်ဘာလ ၂၅နေ့တွင် ကျင်းပဖို့ရန် သတ်မှတ်ခဲ့ခြင်း လေ့လာရသည်။ ထို့ကြောင့် စာရေးသူ၏ အမေးသည် စီလျော်မှုမရှိပဲ ခပ်ကြောင်ကြောင်အမေးဟု ယူဆနိုင်ပေသည်။ သို့သော် ဤဆောင်းပါးတွင် စာရေးသူအနေဖြင့် ခရစ္စမတ် ဘယ်ချိန်ဖြစ်ခဲ့လဲ၊ ဘယ်ချိန်ကျင်းပမလဲဆိုခြင်းထက် ခရစ္စမတ်၏အနှစ်သာကို အထူးပြုထားသည် အားလျော်စွာ ထိုအနှစ်သာရအား ဓမ္မဟောင်းကျမ်းပါ ယောဘဝတ္ထုတွင် တွေ့ရခြင်းကြောင့် အထက်ပါ မေးခွန်းအား မေးခြင်းဖြစ်ပါသည်။ ယောဘ ၄၂ ကို ဖတ်စေလိုပါသည်။
ယောဘအကြောင်းအနှစ်ချုပ်
ကျနော်တို့သိကြသည့်အတိုင်း ယောဘသည် ချမ်းသာကြွယ်ဝသူ၊ ဉာဏ်ပညာထက်မြတ်သူ၊ ဘုရားသခင်ကို သိသူ တဦးဖြစ်သည်။ သူသည် ပါလက်စတိုင်း၏ရှေ့ဘက် ဥဇပြည်တွင်နေထိုင်ခဲ့သူတဦးဖြစ်သည်။ ဘုရားသခင် ခွင့်ပြုသော အကန့်အသတ်အတွင်း စာတန်သည် ယောဘကို များစွာစုံစမ်းခြင်းကို ပြုခဲ့သည်။ လူတဦးခံနိုင်လောက်သော စုံစမ်းခြင်းထက် များစွာကျော်လွန်သော စုံစမ်းနှောက်ယှက်ခြင်း ဘေးဒုက္ခပေါင်းကို ကြုံတွေ့ခဲ့ရသည်။ ဤကဲ့သို့ ယောဘတွေ့ကြုံခံစားနေရခြင်းသည် “သူ၏အပြစ်ကြောင့်” ဟု ယောဘ၏သူငယ်ချင်းများက ကောက်ချက်ချခဲ့ကြသည်။ သို့ရာတွင်ဘုရားသခင်ပေါ်ထားသော ၎င်း၏ယုံကြည်ခြင်းအား မစွန့်လွှတ်ခဲ့ချေ။
ဤသို့ဖြင့် အံ့သြဖွယ်ရာပြောင်းလဲမှုတခုကို ယောဘဝတ္ထု အခန်းကြီး ၄၂တွင် တွေ့ရလေတော့သည်။ နောက်ဆုံး၌ ယောဘ နားလည်လိုက်သည်မှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်းဖြစ်ပြီး၊ ဘုရားသခင် ရှေ့တော်၌ မည်သူမျှအပြစ်ကင်းကြောင်းကို ယောဘသိရှိနားလည်လာခဲ့သည်။ ဤအဖြစ်ပျက်တွင် ခရစ္စမတ်၏ အနှစ်သာရအချို့ကိုတွေ့ရသည်။
ခရစ္စမတ်အနှစ်သာရ တစ်
အပိုဒ်ငယ် ၁မှ ၄တွင် ယောဘ၏ ဝန်ခံမှုကိုတွေ့ရသည်။ သူက “ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၄င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၄င်း အကျွန်ုပ်သိပါ၏” ဟု ဝန်ခံလေသည်။ ယောဘဝတ္ထုအစပိုင်းတွင် ယောဘက သူသည်ဖြောင့်မတ်သူဖြစ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို နားလည်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် သူသည် နားမလည်သူဖြစ်ကြောင်း ဝန်ခံလေသည်။ ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ ဝန်ခံရန်လိုအပ်ပေသည်။ "ငါတတ်နိုင်တယ် ငါလုပ်နိုင်တယ်"ဟု မိမိကိုယ်ကို အထင်ကြီးမည့်အစား ယခုလို ခရစ္စမတ်အချိန်သမယတွင် ဘုရားသခင်၏ကျေးဇူးတော်ကို ဝန်ခံဖို့ရန်အထူးလိုအပ်ပါသည်။ ယောဘဆိုခဲ့သည့်အတိုင်း ကျွန်ုပ်ကို သွန်သင်တော်မူပါဟု ဘုရားသခင်ထံ နှိမ့်ချသောစိတ်နှလုံးဖြင့် ဝန်ခံရန်လိုအပ်လှပေသည်။ ဘုရားသခင်ထံတော်သို့ ဝန်ခံခြင်းဖြစ်သည် ခရစ္စမတ်အနှစ်သာရဖြစ်သည်။
ခရစ္စမတ်အနှစ်သာရ နှစ်
ဆက်လက်ပြီး ယောဘဝန်ခံသည်မှာ “သီတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏” ဟုဆိုထားသည် (ငယ် ၅)။ ဆက်လက်ပြီး “ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာတွင်ထိုင်၍ နော်တရပါ၏”ဟု အော်ငိုလေသည် (ငယ် ၆)။ ဤအပိုဒ်ကို နားလည်ရန် ဟေဗြဲသြဝါဒစာ ၁း၁-၂ ကို ဖတ်ရန်လိုအပ်ပေမည်။ ဤနေရာတွင် ယောဘမြင်သည်ဟုဆိုခြင်းသည် သခင်ယေရှုကိုမြင်ခြင်းဖြစ်သည်ဟု ကျမ်းတတ်အများစုက အနက်ဖွင့်ကြသည်။ ယောဘသည် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်သည့်အခါ သူ၏မဖြောင့်မတ်ခြင်းကို မြင်တွေ့ရလေသည်။ ရှေးဣသရေလလူများက နောင်တရသည့်အခါ မြေမှုန့်တို့ ပြာမှုန့်တို့ကို ခေါင်းမှခြေ တကိုယ်လုံး လူးလှိမ့်လေ့ရှိတတ်ကြသည်။ ရှင်လုကာ ၂း၁၂ တွင် “သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်တွင် သိပ် ထားလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်”ဟု ပြောဆိုထားသည်။ ယခု ခရစ္စမတ်လိုအချိန်အခါတွင် ကျွန်တော်တို့သည် အခြားသောအရာများထက် ခရစ်တော်ကို ရှာဖွေတွေ့ရှိဖို့ကအရေးကြီးသည်။ အခြားသူတပါးပြော၍ မဟုတ်ပါပဲ မိမိကိုယ်တိုင် ခရစ်တော်ကို တွေ့မြင်ခံစားဖို့ အရေးကြီးသည်။ ခရစ်တော်ကို တွေ့မြင်က ကျွန်ုပ်တို့၏ မပြည့်စုံမှု အားနည်းမှုတို့ကို တွေ့မြင်လာမည်ဖြစ်သည်။ ထိုအရာက သင့်ကို နောင်တတရားသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုကို ကိုယ်တိုင်သိမြင် ခံစားခြင်းသည်လည်း ခရစ္စမတ်အနှစ်သာရပင်။
ခရစ္စမတ်အနှစ်သာရ သုံး
ဘုရားသခင်ကို တွေ့ပြီးနောက် ယောဘက “နောင်တရပါ၏” ဟုဆိုထားသည် (ငယ် ၆)။ ဤအရာက ဘုရားသခင်၏ ကြီးမြတ်မှုနှင့် သန့်ရှင်းမှုကို ကြီးမားသောသူ၏အပြစ်နှင့် နှိုင်းယှဉ်မိစေသည်။ ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သောဘုရားဖြစ်ပြီး၊ ကျွန်တော်တို့သည် အပြစ်နှင့်ညစ်ပတ်နေသောသူများဖြစ်သည်။ ကျွန်ုပ်တို့လည်း သခင်ယေရှု (ဘုရား) ကို နည်းအမျိုးမျိုးဖြင့် သိနိုင်ခံစားနိုင်လေသည်။ တရားဟောချက်၊ ကျမ်းစာဖတ်ရွတ်ခြင်းနှင့် သီချင်းစာသားများအားဖြင့် ဖြစ်သည်။ ယခုအချိန်သည် နောင်တရဖို့အချိန်ဖြစ်သည်။ ဘုရားသခင်၏ကြီးမြတ်ခြင်းကိုသိက ကျွန်ုပ်တို့၏ အားနည်းခြင်းကို သိမည်ဖြစ်သည်။ ထိုကြောင့် ခရစ်တော်ကိုသိရှိပြီး နောင်တရခြင်းသည် ခရစ္စမတ်အနှစ်သာရ နောက်တခုဖြစ်သည်။
ခရစ္စမတ်အနှစ်သာရ လေး
ငယ် ၇ မှ ၉ တွင် ဘုရားသခင်သည် ယောဘ၏သူငယ်ချင်းများကို စိတ်ဆိုးဒေါသထွက်ကြောင်း တွေ့ရသည်။ သို့သော် ဘုရားကသူတို့ကို ခွင့်လွှတ်ပေးရန် ယောဘအား ဆုတောင်းစေခဲ့သည်။ ငယ် ၉ တွင် “ထာဝရဘုရားသည်လည်း ယောဘ၏ မျက်နှာကို ထောက်တော်မူ၏” ဆိုထားသည်မှာ ယောဘ၏ဆုတောင်းခြင်းကို ဘုရားက လက်ခံသည်ဟုဆိုခြင်းဖြစ်သည်။ ဘုရားက ခွင့်လွှတ်သကဲ့သို့ ယောဘသည်လည်း သူ့အား မကောင်းပြောသူများ၊ စွပ်စွဲသူများအား ခွင့်လွှတ်ပေးခဲ့သည်။ ခွင့်လွှတ်ခြင်းနှင့်ပြန်လည်သင့်မြတ်ခြင်းသည် တပြိုင်တည်းပြုလုပ်ရပေသည်။ ယောဘသည် သူ့သူငယ်ချင်းများသာမက သူ၏ ဆွေးမျိုးအသိုင်းအဝိုင်းများနှင့်လည်း ပြန်လည်သင့်မြတ်ခဲ့သည် (ငယ် ၁၁)။ ထိုသူများသည် ယောဘဒုက္ခဝေဒနာခံစားနေရချိန်တွင် အနီးနားမှာမရှိဘဲ ယောဘကို ပစ်ပယ်ထားခဲ့သူများဖြစ်ကြသည်။ ရှင်မဿဲ ၅း၂၄ တွင် ယေရှုက “ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့”ဟု ဆုံးမထားသည်။ ယခုအချိန်သည် ကျတော်တို့ တစ်ဦးနှင့်တစ်ဦးခွင့်လွှတ်ပြီး ပြန်လည်သင့် မြတ်ရမည့် အချိန်ဖြစ်သည်။ ဘုရားက သခင်ယေရှုအားဖြင့် ကျွန်တော်တို့အပြစ်သားများနှင့် ပြန် လည်သင့်မြတ်ခဲ့ခြင်းအောက်မေ့ရန်ဖြစ်သည်။ ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းသည် ခရစ္စမတ်အနှစ်သာရပင် မဟုတ်ပါလော။
ခရစ္စမတ်အနှစ်သာရ ငါး
“ထာဝရဘုရားသည် ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသည်ထက်၊ နောက်ဖြစ်ဟန်ကို သာ၍ကောင်းကြီးပေးတော်မူသဖြင့်”ဟု ငယ် ၁၂တွင်ဖော်ပြထားသည်။ ယောဘသည် တရိစ္ဆာန်များ၊ ချမ်းသာကြွယ်ဝမှု၊ သားသမီးများနှင့် အသက်ရှည်ခြင်း ကောင်းချီးမင်္ဂလာများကို ခံစားရရှိခဲ့သည်။ ငယ် ၁၂-၁၇အထိ ထိုကောင်းကြီးမင်္ဂလာများကို တွေ့ရသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်တော်မူသော ယေရှုခရစ်ကို ပေးထားပြီးဖြစ်သည်။ ယောဘကဲ့သို့သော ကောင်းချီးမင်္ဂလာခံစားလိုက အထက်ပါ ခရစ္စမတ်၏အနှစ်သာရ လေးခုသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရခြင်းသည်လည်း ခရစ္စမတ်အနှစ်သာရပင်မဟုတ်ပါလော။
အကယ်၍ ဤနှစ် ခရစ္စမတ်ပွဲတော်အား ဘုရားကျောင်းများ၌ ကျင်းပခွင့်မရခဲ့ပါကလည်း မွေးနေ့တော်ရှင် သခင်ယေရှုသည် စိတ်မကောင်းဖြစ်မည် မဟုတ်ပါဟု စာရေးသူ အလေးအနက်ယုံကြည်ပါသည်။ သို့သော်လည်း ခရစ္စမတ် အနှစ်သာရများအား မခံစားရပါပဲ ခရစ္စမတ်ကို ဖြတ်သန်းရခြင်းသည် မဟာဆုံးရှုံးမှုတခုဖြစ်သည်ဟု စာရေးသူဆိုချင်ပါသည်။
၂၀၂၀ ခရစ္စမတ်သည်အနှစ်သာရပြည့်ဝသော ခရစ္စမတ်လေးဖြစ်ပါစေကြောင်း ဆုတောင်းရင်း...
အဒီး (မှော်ဘီ)
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)