ယေရှုဟာ ကလေးမဟုတ်ပါ


ခရစ္စမတ်ဟာ ကမ္ဘာသူ ကမ္ဘာသားများအားလုံးအတွက် ဝမ်းမြောက်ဖွယ်ရာလလေး တလဖြစ်ပါတယ်။ မြို့ကြီးပြကြီး လမ်းမများ၊ ကုန်တိုက်များ၌ ခရစ္စမတ်အလှဆင်ယင်မှုများနှင့် ပြည့်နက်နေသည်။ ယင်းမြင်ကွင်းကား သာယာကြည်နူးဖွယ်။ ထို့ပြင် ဤလသည် အသင်းတော်တွင် လူစုံသည့်လလည်းဖြစ်သည်။ ဘုရားကျောင်း၌ တနှစ်ပတ်လုံး တကြိမ်တခါမှ မတွေ့ရသောသူများကိုလည်း တွေ့ရတတ်သည်။ ခရစ္စမတ်သည် လူများကို စုစည်းစေသည်။ ၂၀၂၀ ခရစ္စမတ်သည် ဖြတ်သန်းခဲ့ရသည့် ခရစ္စမတ်များနှင့်တူမည်မဟုတ်သော်လည်း ပျော်ရွှင်သာယာသော ခရစ္စမတ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ရပါတယ်။


ခရစ္စမတ်ပွဲနှင့်ပတ်သက်ပြီး ပေါက်ပေါက်ရှာရှာ ဤမှတ်ချက်ပြုမျိုးလည်း ကြားဖူးပါတယ်။ “မင်းတို့ ခရစ်တော်ကလည်း ဘယ်တော့မှလည်းမကြီးတော့ဘူးလား၊ မနှစ်ကလည်း ဒီအတိုင်းပဲ ဒီနှစ်လည်း ဒီလိုပဲ” သူပြောလည်းပြောချင်စရာပါပဲ။ အသင်းတော် တော်တော်များများက ခရစ္စမတ်အလှဆင်တဲ့အခါ ယေရှုကလေးပုံကိုပဲ အလှဆင်ထားတတ်ကြတာကိုး။ တဖက်တွင်လည်း သူသည်ခရစ္စမတ်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ဂဃဏနမသိပေဘူးလေ။ တကယ်တော့ ခရစ္စမတ်ပွဲကျင်းပခြင်းက ယေရှုဘုရား လူ့ဇာတိခံယူခြင်း၊ မွေးနေ့တော်မြတ်ကိုကျင်းပခြင်းမျိုးပါ။ အသက်ရှင်တဲ့လူပဲ မွေးနေ့ကျင်းပကြရတယ် မဟုတ်ပေဘူးလား။ ယေရှုဘုရားအသက်ရှင်လို့ ခရစ္စမတ်ပွဲကျင်းပကြရခြင်းဖြစ်ပေသည်။ 
ခရစ္စမတ်နှင့်ပတ်သက်ပြီး ကျမ်းပိုဒ် နှစ်ချက်ကို ဆင်ချင်လိုပါတယ်။ ရှင်လုကာ ၂း၁၁ နှင့် ရှင်ယောဟန် ၃း၁၄ ဖြစ်ပါတယ်။ ဤကျမ်းပိုဒ်နှစ်ခုလုံးက ယေရှုခရစ်တော်နှင့်ပတ်သက်ပြီး မတူညီတဲ့ အချက်နှစ်ခုကို ဖော်ပြထားပါတယ်။ ပထမကျမ်းက ယေရှုမွေးဖွားခြင်း (မွေးကင်းစ ယေရှု) အကြောင်းဖြစ်ပြီး ဒုတိယကျမ်းက လူသားတွေအပြစ်အတွက် ယေရှုဘုရားအသေခံခြင်းအကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။ ဤမတူညီတဲ့ ကျမ်း ပိုဒ်နှစ်ခုကို လေ့လာကြပါစို့။ 


လုကာ ၂း၁၁ နောက်ခံအကြောင်းအရာ 
ဤကျမ်းပိုဒ်လေးကိုနားလည်ဖို့ အခန်းကြီး ၂ တခုလုံးကိုဖတ်ဖို့လိုမည်။ ဤတွင်အကျဥ်းသာဖော်ပြပါမည်။ ဒီကျမ်းမှာပါတဲ့အကြောင်းအရာက လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က ဣသရေလတိုင်းပြည် (ယခု အစ္စရေး)ရှိ ဗက်လင်မြို့လို့ခေါ်တဲ့ မြို့ငယ်လေးတခုမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒီဗက်လင်မြို့ဟာ ယနေ့ထိတိုင်ရှိနေခြင်းကြောင့် ဒါဟာ ပုံပြင်သက်သက်မဟုတ်ကြောင်း ထင်ရှားပါတယ်။ အဲဒီတုန်းက ကဲသာဘုရင်သြဲဂုတ္တုဆိုတဲ့သူက,သူဘုရင်ခံအုပ်ချုပ်တဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ သူ အခွန်ကောက်ဖို့ စာရင်းလိုလို့ဖြစ်ပါတယ်။ အဲဒီအမိန့်ကြောင့် နယ်မြေအသီးသီးမှာပြန့်နှံ့နေတဲ့သူတွေဟာ မိမိ ဇာတိမြို့ရွာကိုပြန်ရပြီး စာရင်းသွားပေးကြရပါတယ်။ ဒါကြောင့် လူတွေအလုပ်များနေတဲ့အချိန်ဖြစ်ပါတယ်။ တဖက်တွင်လည်း ရပ်ဝေးမှပြန်လာကြတဲ့လူတွေ ဆွေဟောင်းမိတ်ဟောင်းတွေနဲ့ ပြန်လည်စုံတွေ့ကြရတဲ့အတွက် ပျော်ရွှင်ကြရတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြို့ထဲရှိ တည်းခိုအိမ်များလည်း ဧည့်သည်များ ဖြင့် ပြည့်နှက်နေတာဖြစ်ပါတယ်။ 


အဲဒီလိုအချိန်မျိုးမှာ ယောသပ်နဲ့မာရိတို့မိသားစုဟာလည်း သူတို့ဇာတိဖြစ်တဲ့ ဗက်လင်မြို့သို့ စာရင်းသွင်းဖို့ ပြန်လာကြရပါတယ်။ အဲဒီချိန်မှာ မာရိဟာ ကိုယ်ဝန်အရင့်အမာဖြစ်နေပါပြီ။ မြို့ထဲမှာလူတွေနဲ့ပြည့်နေတဲ့အတွက် သူတို့အတွက် အခန်းရဖို့မလွယ်ခဲ့ပါ။ ဒီအဖြစ်အပျက်လေးကိုကျမ်းစာက “ဗက်လင်မြို့၌ရှိနေစဥ် ဖွားအံ့သောနေ့လစေ့လျှင်၊ သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ ဧည့်သည့်တည်းရာဇရပ်၌ သူတို့နေစ ရာမရှိသောကြောင့် သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏” မှတ်တမ်းတင်ထားလေသည် ( လုကာ ၂း၆-၇)။ လောကလူသားများအပြစ်ကို ကယ်ချွတ်မည့် လူ့ဇာတိခံယူလာသည့် ကယ်တင်ရှင်ဘုရားရဲ့ မွေးဖွားခြင်းဟာ ခမ်းနားကြီးကျယ်ခဲ့ခြင်းမရှိခဲ့ပေ။ နုံခြာသိမ်ငယ်တဲ့ နွားစားခွက်ထဲမှာ မွေးဖွားခဲ့ရပါတယ်။ 


အဲဒီမြို့ထဲမှာရှိတဲ့လူတွေကတော့မသိပေမဲ့၊ ယေရှုဖွားမြင်ပြီဖြစ်တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ အုပ်စုတဖွဲ့ရှိနေခဲ့ပါတယ်။ စာရေးသူအနေနဲ့ ဤကျမ်းပိုဒ်လေးကိုဖတ်ရင်း အဲဒီချိန်တုန်းက ကောင်းကင်ဘုံမှာ ဘယ်လိုများ ဖြစ်နေမလဲဆိုတာ စိတ်ကူးကြည့်မိတယ်။ ကောင်းကင်ဘုံမှာ မရေတွက်နိုင်တဲ့ ထောင်သောင်းမကသော ကောင်းကင်တမန်များဟာ ဘုရားသခင်နှင့်အတူ ဝမ်းမြောက်နေကြမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဖြစ်တဲ့ယေရှုဘုရားဟာ လူ့ဇာတိခံယူပြီး၊ လူသားတဦးကဲ့သို့ ဖွားမြင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံယူမှုဟာ ယခုအထမြောက်လာလို့ဖြစ်တယ်။ ကမ္ဘာဦး အာဒံနှင့်ဧဝကို ပေးထားတဲ့ကတိပြီးပြည့်စုံဖို့ ဖြစ်လာပြီဖြစ်တယ်(ကမ္ဘာ ၃း၁၅)။ ဒါကြောင့် ကောင်းကင်ဘုံမှာ ချီးမွမ်းခြင်း ဝမ်းမြောက်ခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ကောင်းကင်တမန်များဟာ ဝမ်းမြောက်လွန်းလို့ သူတို့ဟာ အငြိမ်မနေတော့ဘူး။ သူတို့ဝမ်းမြောက်ခြင်းကို ကမ္ဘာမြေပြင်သို့ ယူဆောင်လာခဲ့ကြတယ်။ 


အဲဒီအချိန်တုန်းက ဆောင်းရာသီဖြစ်ပါတယ်။ ဣသရေလတိုင်းပြည်ဟာ ကျောက်ထူထပ်တဲ့အတွက် ညဆိုရင် အလွန်ပဲ အေးချမ်းလှပါတယ်။ အဲဒီချိန်မှာ သိုးထိန်းတစုရှိပါတယ်။ သိုးထိန်းလုပ်ခြင်းဟာ ဣသရေလတိုင်းပြည်မှာတော့ နုံချာတဲ့အောက်ခြေလူတန်းစားတွေ လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ သိုးထိန်းတွေဟာ နေ့မှာဆိုရင် တယောက်တနေရာ မိမိသိုးတို့ကို ထိန်းကျောင်းကြပြီး၊ ညဖက်ဆိုရင် ကျောက်ဂူတွေမှာ သိုးတွေကိုစုပေါင်းထိန်းထားတတ်ကြပါတယ်။ အေးချမ်းတဲ့ ရာသီဥတုကို မီးလှုံခြင်းအားဖြင့် သူတို့ အံတုလို့နေနေကြပါတယ်။


ထိုသိုးထိန်းသမားတွေဆီကို ကောင်းကင်ဘုံကနေဆင်းလာတဲ့ ကောင်းကင်တမန်များဟာ ရောက်ချလာပါတယ်။ ကောင်းကင်တမန်များက အလင်းတန်းနှင့်အတူ ဘုန်းကနဲ သူတို့ရှေ့မှာ ပေါ်လာတော့ သူတို့ ကြောက်ရွံ့ခဲ့ကြပါတယ်။ ကောင်းကင်တမန်တွေက သူတို့ကိုခြောက်လန့်ဖို့ ပေါ်လာကြတာမဟုတ်ပါဘူး။ အလွန်မှဝမ်းမြောက်စရာသတင်းကို ပြောပြဖို့ သူတို့ရောက်လာကြတာပါ။ သူတို့က “ကြောက်ရွံ့ခြင်းမရှိကြနှင့် လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အား ကြားပြောရသော် -ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ”လို့ ဝမ်းမြောက်ဝမ်းသာစွာ သတင်းကြွေးကြော်လေသည်။ ဒါကြောင့် လုကာ ၂း၁၁ မှာပါတဲ့သတင်းစကားဟာ လူတွေပြောတဲ့သတင်းစကားမဟုတ်၊ ကောင်းကင်တမန်တွေပြောပြတဲ့ သတင်းစကားဖြစ်ပါတယ်။


ချီးမွမ်းခြင်း၊ ဝမ်းမြောက်ခြင်းဟာ အဲဒီမှာတင် ရပ်တန့်မသွားဘဲ ကောင်းကင်တမန်တွေကတဆင့် သိုးထိန်းတွေဆီ ကူးစက်သွားပါတယ်။ အဲဒီသိုးထိန်းတွေဟာလည်း သူငယ်ရှိရာသို့ အပြေးအလွှားသွားပြီး ဖူးတွေ့ကိုးကွယ်ခဲ့ပါတယ်။ သူတို့ကလည်း ထပ်ဆင့်ပြီး ဝမ်းမြောက်စရာသတင်းစကားကို အခြားသူများကို ဝေမျှခဲ့ပါတယ်။ တကယ်တော့ သခင်ယေရှုဖွားမြင်ခြင်းဟာ ကောင်းကင်တမန်များအတွက်မဟုတ်ပါဘူး။ လူသားတွေအတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ အရမ်း ဝမ်းမြောက်ခဲ့တယ်။ ဒါကြောင့် ၂၀၂၀မှာ ကိုဗစ်ဖြစ်နေသော်လည်း ဒီအကြောင်းအရာတွေကို ဆင်ခြင်ရင်း ဝမ်းမြောက်ရွှင်လန်းခြင်းရှိပါစေ၊ ဘုရားအား ချီးမွမ်းကိုးကွယ်ဝတ်ပြုနိုင်ပါစေကြောင်း ဆု‌တောင်းလိုက်ပါတယ်။


ယောဟန် ၃း၁၄ နောက်ခံအကြောင်းအရာ  
ဤကျမ်းပိုဒ်မှာပါတဲ့ မောရှေမြှောက်ထားတဲ့မြွေအကြောင်းကို နားလည်ဖို့ တောလည်ရာကျမ်း ၂၁ ကိုဖတ်ဖို့ တော့လိုမည်။ ဤတွင် အကျဥ်းဖော်ပြပါမည်။ ဣသရေလလူမျိုးများဟာ အီဂျစ်ပြည်မှာကျွန်ခံနေခဲ့ရတယ်။ သူတို့ ဘုရားထံသို့ အော်ဟစ်ငိုကြွေးခဲ့တယ်။ ဘုရားက သူတို့ကိုပစ်မထားခဲ့ဘူး။ မောရှေကိုစေလွှတ်ပြီး ကယ်တင်ခဲ့တယ်။ သူတို့ရဲ့မနာခံမှုကြောင့် ကတိတော်မြေဖြစ်တဲ့ခါနန်ကို မဝင်စားရခင် သဲကန္တာရမှာ နှစ်ပေါင်းလေးဆယ် လှည့်လှည်ခဲ့ရတယ်။ 


ဒါပေမဲ့ ဘုရားက သူတို့ကို လိုလေးသေးမရှိ ထောက်ပံ့ပေးခဲ့တယ်။ သူတို့စီးတဲ့ဖိနပ်၊ အဝတ်အစားတွေက မပျက်စီးဘူး။ နေ့မှာ တိမ်တိုက်နဲ့ နေအပူကို ကာပေးတယ်၊ ညမှာဆို မီးတိုင်နဲ့အလင်းကိုပေး လမ်းပြခဲ့တယ်။ စားစရာလည်းပူစရာမလိုဘူး။ နံနက်စောစောထပြီး စားစရာမန္နမုန့်တွေကို လိုက်ကောက်ရုံပဲ။ အသားအတွက်လည်း ငုံးငှက်တွေက အပယ်အရှံ။ သောက်စရာရေကိုလည်းပြင်ဆင်ပေးတယ်။ ဒါပေမဲ့ ဣသရေလလူတွေက အမြဲတမ်းတခုမဟုတ်တခု ငြီးညူပြီး ဘုရားကို စောဒကတက်ခဲ့တယ်။ 


ယခုမှာလည်း ဘုရားနဲ့မောရှေကို သူတို့ပြဿနာရှာပြန်တယ်။ သူတို့က ဒီလိုပြောတယ် “သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ အီဂျစ်ပြည်မှ အဘယ့်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ ရေလည်းမရှိ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏” တဲ့။ လူတွေခက်သား။ ကယ်လည်းကယ်ရသေးတယ်၊ အစာလည်းကျွေးရသေးတယ်၊ စောဒကလည်း တက်ပြန်ပြီ။ ဘယ်လိုလုပ်ကြမတုန်း။ စောဒကတက်လွန်းတဲ့ သားသမီးတွေကို မိဘတွေက ဆုံးမသကဲ့သို့ ဣသရေလတွေကိုလည်း ဘုရားက ဆုံးမတော့တယ်။ ဆုံးမတာကကြမ်းတယ်။ မီးမြွေတွေကိုစေလွှတ်ပြီး စောဒကတက်တဲ့လူတွေကို လိုက်ကိုက်စေတယ်။ မီးမြွေအဆိပ်ကြောင့် သူတို့ဒုက္ခတွေ့ရတယ်။ သေကြေကုန်တော့မယ်။ ဒါကြောင့် ဘုရားကို ပြန်တောင်းပန် ပေးဖို့မောရှေကို တောင်းပန်ကြတယ်။ သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့်ကိုယ်တော်ကိ ဆန့်ကျင်လျက်ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို ကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည့်ကြောင်း ဆုတောင်းပါဟု” လျှောက်ကြသည်။ 


လူတွေနောင်တရတဲ့အတွက် ဘုရားသခင်ထံသို့ မောရှေက ထပ်ပြီးတောင်းပန်ပြန်တယ်။ သနားခြင်းကရုဏာနှင့် ပြည့်စုံတဲ့ဘုရားသခင်က မောရှေတောင်းလျှောက်တာကို လက်ခံပေးခဲ့တယ်။ ဒါပေမဲ့ သူ့ကို တခုလုပ်ခိုင်းခဲ့တယ်။ အဲဒါကတော့ မီးမြွေရုပ်ကိုလုပ်ပြီး တိုင်ပေါ်မှာ မြှောက်ထားခိုင်းတယ်။ အဲဒီအရုပ်ကို ကြည့်တဲ့လူတိုင်းက မီးမြွေအဆိပ်ကနေ သက်သာမှာဖြစ်တယ် (တော ၂၁း၈)။ မောရှေလည်း ဘုရားခိုင်းတဲ့အတိုင်းလုပ်ပြီး လူတွေအားလုံးမြင်နိုင်တဲ့နေရာမှာ ရပ်ပြီး၊ အဲဒီမြှောက်ထားတဲ့မြွေရုပ်ကိုကြည့်ကြဖို့၊ ကြည့်ရုံနဲ့ အနာသက်သာမယ်လို့ အသံအကျယ်ကြီးအော်ပြီး ကြွေးကြော်တယ်။ တချို့က ယုံကြည်ပြီးကြည့်တယ်။ အမှန်တကယ်ပဲ အနာသက်သာတယ်။ တချို့ကတော့ ဒါကအဓိပ္ပါယ်မရှိဘူး၊ မြွေကိုက်လို့နာပါတယ်ဆိုမှ ဆေးမပေးပဲ ဘာမဟုတ်တဲ့ မြွေရုပ်ကို လာကြည့်ခိုင်းနေတယ်ဆိုပြီး မကြည့်ကြဘူး။ မကြည့်တော့ မသက်သာဘဲ မြွေအဆိပ်ကြောင့် သေကြေကုန်တယ်။ လူတွေကလည်း ခက်သားနော်။ ခေါင်းလေးလှည့်ပြီး မော့ကြည့်ရုံလေးကို မလုပ်ချင်ကြဘူး။ ယနေ့ခေတ်မှာလည်း ထိုကဲ့သို့သောလူများစွာရှိတယ်။ ယေရှုခရစ်တော်ဘုရားကို မယုံကြည်နိုင်ကြဘူး။ တုတ်ချောင်းတခုကို မြွေပတ်ထားတဲ့အမှတ်တံဆိပ်လေးကို ဆေးပညာနဲ့ပတ်သက်တဲ့ နေရာတွေမှာ တွေ့ရတတ်တယ် (ဥပမာ ဆေးပညာတက္ကသိုလ် အမှတ်တံဆိပ်)။ ဒီအမှတ်တံဆိပ်တွေရဲ့ နောက်ကြောင်းက ဤမောရှေအဖြစ်အပျက်နှင့်များ သက်ဆိုင်မှုရှိကောင်းရှိမည်ဟု စာရေးသူ ယူဆမိတယ်။ 


ဒါကြောင့် ရှင်ယောဟန် ၃း၁၄မှာ ရှင်ယောဟန်က သခင်ယေရှုလက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းခံရမယ်ဆိုတဲ့အကြောင်းနဲ့ တောလည်ရာကျမ်း ၂၁မှာဖြစ်ပျက်တဲ့အဖြစ်အပျက်နဲ့ ချိတ်ဆက်လိုက်တယ်။ တောထဲမှာ မောရှေမြှောက်ထားတဲ့ ကြေးဝါမြွေရုပ်ကို ကြည့်တဲ့လူတိုင်းက မြွေဆိပ်သက်သာပြီး အသက်ချမ်းသာရခဲ့တယ်။ ထိုနည်းတူပဲ အပြစ်ဆိုတဲ့ အဆိပ်မိပြီး သေကြေကြရမဲ့လူသားတွေလည်း သစ်တိုင်မှာ မြှောက်ထားခြင်းခံရတဲ့ ယေရှုခရစ်တော်ကို ယုံကြည်လျှင် အသက်ချမ်းသာရမှာဖြစ်ပါတယ်။ 


သခင်ယေရှုဟာ လူသားတွေကို ကယ်တင်ဖို့ မွေးဖွားခြင်းခံခဲ့ပါတယ်။ ဝမ်းမြောက်ဖွယ်သတင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင်မပြီးသွားပါဘူး။ သူဟာ လူသားတွေအတွက် လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခြင်းကိုခံခဲ့ရပြီး အသက်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာဇာတ်လမ်း အဆုံးသတ်မဟုတ်ပါဘူး။ သူဟာ သေခြင်းကို အောင်မြင်ပြီး သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒါဟာ မဟာသတင်းကောင်းပဲဖြစ်ပါတယ်။ အပြစ်ဆိုတဲ့ အဆိပ်မိနေတဲ့လူသားတွေအတွက် ဖြေဆေးတခုတည်းသာရှိပါတယ်။ အဲဒါဟာ သခင်ယေရှုခရစ်ပါပဲ။ 


လုကာ ၂း၁၁ ကို ဖတ်ပြီးနိဂုံးချုပ်လိုပါတယ်။ 
ကျမ်းပိုဒ်မှာ “ယနေ့” ဆိုပြီး အစချီထားပါတယ်။ ကယ်တင်ရာနေ့ဟာ ယနေ့ပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို ရဲရဲယုံပြီး သူ့အားမျှော်ကြည့်ဖို့က ယနေ့ပဲဖြစ်ပါတယ်။ မနက်ဖြန်နေ့ကို စောင့်မနေပါနဲ့တေ့ာ၊ ယနေ့ပဲ သူ့ကိုယုံကြည်လက်ခံလိုက်ပါ (၁ကော ၆း၂)။ ဆက်ပြီး ကျမ်းပိုဒ်က “ဒါဝိဒ်၏မြို့”လို့ဖော်ပြထားပါတယ်။ မြို့ဆိုတာ နေရာကိုဆိုလိုပါတယ်။ ထိုနေရာက ကျနော်၊ ကျမတို့ရဲ့ နှလုံးသားပဲဖြစ်ပါတယ်။ 


ဆက်ပြီး ကျမ်းပိုဒ်က “သခင်ယေရှုတော်တည်းဟူသော ကယ်တင်သောအရှင်..” ယေရှုဟာ ဘုရားဖြစ်ပါတယ်။ သူက မွေးလာပြီးမှ ဘုရားဖြစ်လာတာမဟုတ်ပါဘူး။ အသေခံရှင်ပြန်ထမြောက်ပြီးမှ ဘုရားဖြစ်လာတာမဟုတ်ဘူး။ နိစ္စထာဝရတည်ရှိသောမူသောဘုရားဖြစ်ပြီး လူကိုကယ်တင်တဲ့ ကယ်တင်ရှင်ဘုရားဖြစ်ပါတယ်။ 


ကျမ်းပိုဒ်အဆုံးသတ်မှာ “သင်တို့အဖို့အလို့ငှါ ဖွားမြင်ခြင်းကို ခံတော်မူပြီ..” ဒါက လူပုဂ္ဂိုလ်တဦးချင်းနှင့် ဆိုင်ပါတယ်။ ယေရှုခရစ်တော်မွေးဖွားခြင်းဟာ လူတစုအတွက်၊ လူမျိုးတမျိုးအတွက်ပဲမဟုတ်ပါ။ လူသားအားလုံးအတွက် ဖြစ်ပါတယ်။ သင့်အတွက်လည်းဖြစ်ပါတယ်။  ၂၀၂၀ခရစ္စမတ်ဟာသင့်အတွက်ဖြစ်ပါစေ။


အဒီး (မှော်ဘီ) 

(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)